HomeCelebs Update NewsInternationalအော်စကာပွဲကို ဆယ်နှစ်တာ တက်ရောက်ခွင့် မရှိတော့တဲ့ Will Smith

အော်စကာပွဲကို ဆယ်နှစ်တာ တက်ရောက်ခွင့် မရှိတော့တဲ့ Will Smith

Will Smith ဟာ (၉၄)ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ စင်ပေါ်တက်ပြီး Chris Rock ကို ပါးရိုက်ခဲ့တဲ့အတွက် အော်စကာဆုပေးပွဲကနေ ဆယ်နှစ်ကြာ ပိတ်ပင်ခံလိုက်ရပြီ ဖြစ်ပါတယ်။ Will ဟာ အဲ့ဒီအော်စကာပွဲမှာပဲ King Richard ရုပ်ရှင်နဲ့ သူ့ရဲ့ပထမဆုံး Best Actor အော်စကာဆုကို ရရှိခဲ့ပါတယ်။ သို့ပေမယ့်လည်း အော်စကာ ရရှိခဲ့တယ်ဆိုတဲ့ သတင်းထက် Chris Rock ကို ပါးရိုက်ခဲ့တဲ့ သတင်းဟာ ပိုပြီးတော့ နာမည်ကြီးသွားပါတယ်။

Photo Credit: Getty Images/ Mike Coppola

ဒီအဖြစ်အပျက် ဖြစ်ပြီးသွားတဲ့ နောက်မှာတော့ Academy ရုပ်ရှင်အဖွဲ့အစည်းဟာ အော်စကာဆုပေးပွဲက Will Smith ရဲ့ အနာဂတ်ကို ဆွေးနွေးခဲ့ကြပါတယ်။ Chris Rock ကတော့ အခုလို တစ်ကမ္ဘာလုံးရှေ့မှာ အရိုက်ခံခဲ့ရတာကို တရားစွဲလို့ရပေမယ့်လည်း တရားစွဲဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။ Will ကတော့ တောင်းပန်စကား ပြောဆိုပြီး Academy ရုပ်ရှင်အဖွဲ့က နှုတ်ထွက်သွားခဲ့ပေမယ့်လည်း အလွန်နောက်ကျသွားခဲ့ပါပြီ။

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ Academy ရုပ်ရှင်အဖွဲ့အစည်းဟာ Will Smith ကို အော်စကာဆုပေးပွဲ တက်ရောက်ခွင့် ဆယ်နှစ်တာ ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ Will ဟာ အော်စကာနဲ့ ပတ်သက်နေတဲ့ ပွဲတွေအားလုံးကို လူကိုယ်တိုင်တင် မဟုတ်ဘဲ အွန်လိုင်းပေါ်ကနေတောင် တက်ရောက်ခွင့် မရှိတော့ပါဘူး။ အပြစ်ပေးလိုက်တဲ့ အချိန်ပမာဏဟာလည်း ဆယ်နှစ်ဖြစ်တာကြောင့် ၂၀၃၂ ခုနှစ် ဧပြီလ (၈)ရက်နေ့အထိ ပွဲတက်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရတာ ဖြစ်ပါတယ်။

photo via screenrant

ယခုလို ပွဲတက်ခွင့် ဆယ်နှစ် ပိတ်ခံလိုက်ရတာဟာ Will Smith ရဲ့ ဇာတ်ကားတွေ စံကာတင် မဝင်နိုင်တော့တာတော့ မဟုတ်ပါဘူး။ Will အနေနဲ့ ဒီဆယ်နှစ်တာ ကာလအတွင်းမှာ အော်စကာဆုပေးပွဲမှာ စံကာတင်လည်း ဝင်နိုင်သလို ဆုလည်း ဆွတ်ခူးနိုင်ပါသေးတယ်။ သို့သော်လည်း သူ့အနေနဲ့ ဒီပွဲကို ပါဝင်တက်ရောက်ခွင့်တော့ ရရှိနိုင်မှာ မဟုတ်ပါဘူး။

Will ရဲ့ ဒီလုပ်ရပ်အပြီး သူနဲ့ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်ကားတွေဟာလည်း ရပ်ဆိုင်းခံလိုက်ရပါတယ်။ သို့သော်လည်း တချို့ဇာတ်ကားတွေကတော့ ရိုက်ကူးရေး လုံးဝပြီးစီးသွားတာတွေ ရှိနေပါတယ်။ ဥပမာပြောရရင် သူ့ရဲ့ဒရာမာဇာတ်ကား Emancipation ဟာ ရိုက်ကူး ပြီးစီးခဲ့ပြီ ဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ်ထဲမှာပဲ ထွက်ရှိဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီဇာတ်ကားဟာ ရုပ်ရှင်ဆု ဆွတ်ခူးနိုင်ဖို့ အလားအလာ ရှိတယ်လို့လည်း ဆိုနေကြပါတယ်။ ဒါကြောင့်ပဲ နောင်လာမယ့် နှစ်တွေမှာတော့ Will ရဲ့ဇာတ်ကားတွေ စံကာတင်စာရင်းမှာ ပါဝင်လာဦးမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ Will ဟာ ဟောလိဝုဒ်သမိုင်းတလျှောက်မှာ အော်စကာဆုပေးပွဲကနေ ပွဲတက်ခွင့် ပိတ်ခံရတဲ့ ငါးယောက်မြောက် သရုပ်ဆောင် ဖြစ်လာပါတယ်။ သူ့အရှေ့မှာ ပွဲတက်ခွင့် ပိတ်ခံထားရသူတွေကတော့ ထုတ်လုပ်သူ Harvey Weinstein ၊ ဟာသလူရွှင်တော် Bill Cosby ၊ ဒါရိုက်တာ Roman Polanski နဲ့ Cinematographer Adam Kimmel တို့ပဲ ဖြစ်ပါတယ်။ သူတို့တွေကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကြောင့် အပြစ်ပေးခံရတာ ဖြစ်ပြီး အော်စကာဆုပေးပွဲကနေ ထာဝရ ပိတ်ပင်ခံထားရတာလည်း ဖြစ်ပါတယ်။ Will ကတော့ ပွဲတက်ရောက်ခြင်းကိုပဲ ပိတ်ပင်ခံရတာ ဖြစ်ပြီး ဒီဆယ်နှစ်အတွင်းမှာတော့ နောက်ထပ် အော်စကာဆုတွေလည်း ထပ်မံ ရရှိနိုင်ပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular