HomeCelebs Update NewsInternationalအော်စကာပွဲက ဖြစ်ရပ်အတွက် Chris Rock ကို တောင်းပန်လိုက်တဲ့ Will Smith

အော်စကာပွဲက ဖြစ်ရပ်အတွက် Chris Rock ကို တောင်းပန်လိုက်တဲ့ Will Smith

မင်းသား Will Smith ဟာ မကြာသေးခင်ကပဲ ၂၀၂၂ ခုနှစ် အော်စကာပွဲက ဖြစ်ရပ်အတွက် Chris Rock ကို ပြန်လည် တောင်းပန်လိုက်ပါတယ်။ Chris Rock ကိုတော့ ငါးမိနစ်စာ ဗွီဒီယိုတစ်ခုနဲ့ တောင်းပန်ထားတာ ဖြစ်ပြီး အဲဒီဗွီဒီယိုကိုတော့ YouTube ပေါ်မှာ တင်ထားပါတယ်။

ယခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာတော့ Comedian တစ်ယောက်ဖြစ်ပြီး ပွဲရဲ့ host လည်းဖြစ်တဲ့ Chris Rock ဟာ Will Smith ရဲ့ဇနီးဖြစ်သူ Jada Pinkett Smith ကို နောက်ပြောင်လိုက်ပါတယ်။ သို့သော်လည်း အဲဒီဟာသဟာ Jada Pinkett Smith ရဲ့ ကျန်းမာရေးကြောင့် ဖြစ်နေတဲ့အရာကို လှောင်ပြောင်လိုက်သလို ဖြစ်သွားတာကြောင့် ခင်ပွန်းဖြစ်သူ Will Smith ဟာ ဒေါသအမျက် ချောင်းချောင်းထွက်ပြီး Chris Rock ကို စင်ပေါ်အထိ ပါးတက်ရိုက်ခဲ့သလို စင်အောက်ကနေလည်း မကြားဝံ့ မနာသာတွေနဲ့ အော်ဟစ်ဆဲရေးခဲ့ပါတယ်။

photo via screenrant

ဒီဖြစ်ရပ်တွေအပြီးမှာတော့ Will Smith ဟာ Academy Board အဖွဲ့ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ Academy Board အဖွဲ့ကလည်း Will Smith ရဲ့ ဒီလုပ်ရပ်ကြောင့်ပဲ အော်စကာဆုပေးပွဲနဲ့ အခြားဆက်စပ်နေတဲ့ ပွဲမှန်သမျှကို တက်ရောက်ခွင့် ဆယ်နှစ်တိတိ ပိတ်ပင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ ဖြစ်ပျက်ခဲ့တာ လအနည်းငယ် ကြာပြီ ဖြစ်ပေမယ့်လည်း ယခုအချိန်မှာတော့ သတင်းတွေထဲမှာ ပြန်လည်ပါဝင်နေပြီ ဖြစ်ပါတယ်။

အကြောင်းကတော့ Will Smith ဟာ Chris Rock ကို နာမည်တပ်ပြီး အတိအလင်း ပြန်လည် တောင်းပန်လိုက်တာကြောင့်ပါပဲ။ မကြာသေးခင်ကပဲ Will Smith ဟာ သူ့ရဲ့လုပ်ရပ်အတွက် တောင်းပန်ထားတဲ့ ငါးမိနစ်စာ ဗွီဒီယိုတစ်ခုကို YouTube ပေါ်မှာ တင်ပေးလိုက်ပါတယ်။ အဆိုပါ ဗွီဒီယိုထဲမှာတော့ “ပြီးခဲ့တဲ့ လတွေမှာ ကျွန်တော် အများကြီး စဉ်းစားဖြစ်တယ်။ ပြီးတော့ ပါဆင်နယ်ကိစ္စတွေလည်း လုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အချိန်ယူပြီးမှ ပြန်လည် ဖြေကြားနိုင်မယ့် အကျိူးအကြောင်းသင့် မေးခွန်းတွေများစွာကိုလည်း ကျွန်တော့်ကို မေးထားကြပါတယ် …” လို့ အစချီထားပါတယ်။

photo via screenrant

“ကျွန်တော် ဆုလက်ခံတဲ့အချိန်မှာ ဘာကြောင့် Chris Rock ကို တောင်းပန်စကား မပြောခဲ့ရတာပါလဲ။ အဲဒီအချိန်တုန်းကတော့ ကျွန်တော်ဟာ အငြင်းပွားနေခဲ့တဲ့အချိန် ဖြစ်ပြီး အရာအားလုံးဟာလည်း ရှုပ်ထွေးနေခဲ့တာပါ။ အဲဒါတွေ ပြီးသွားတော့ Chris ကို တောင်းပန်ဖို့ ကျွန်တော် ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ဘက်က ကျွန်တော်နဲ့ စကားပြောဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြန်ပြောခိုင်းလိုက်ပြီး သူ အဆင်သင့်ဖြစ်တော့မှ ကျွန်တော့်ကို ပြန်ဆက်သွယ်လိုက်မယ်လို့ တဆင့် ပြန်ပြောခိုင်းလိုက်ပါတယ် …”

“အဲဒါကြောင့် အခု Chris ကို ကျွန်တော် တောင်းပန်ချင်ပါတယ်။ အဲဒီနေ့တုန်းက ကျွန်တော့်ရဲ့ အပြုအမူဟာ လုံးဝလက်သင့်ခံနိုင်စရာ မကောင်းပါဘူး။ ပြီးတော့ ခင်ဗျားစကားပြောဖို့ အဆင်သင့်ဖြစ်တဲ့ ဘယ်အချိန်မဆို ကျွန်တော်ဒီမှာ အသင့်ရှိနေပါတယ် …”

“ပြီးတော့ Chris ရဲ့အမေဖြစ်သူကိုလည်း ကျွန်တော် တောင်းပန်ချင်ပါတယ်။ Chris ရဲ့အမေက သူ့ခံစားချက်ကို ပြောထားတဲ့ အင်တာဗျူးတစ်ခု ကြည့်လိုက်ရပါတယ်။ အဲဒီအခိုက်အတန့်လေးမှာ ကျွန်တော်ဟာ လူပေါင်း ဘယ်လောက်ကိုတောင် ထိခိုက်နာကျင်အောင် လုပ်လိုက်မိတယ်ဆိုတာ ကိုယ်တိုင်တောင် မသိခဲ့ပါဘူး။ အဲဒီအတွက် တောင်းပန်ပါတယ် …” လို့ အစရှိသဖြင့် Will က တောင်းပန်ထားပါတယ်။

ဒီဗွီဒီယိုထဲမှာတော့ Will Smith ဟာ Chris Rock တစ်ယောက်တည်းကို မဟုတ်ဘဲ Chris ရဲ့ မိသားစုတစ်ခုလုံးကိုပါ တောင်းပန်ခဲ့ပါတယ်။ ဒါ့အပြင် Will ရဲ့ မိသားစု၊ ပရိသတ်တွေ၊ တခြားစံကာတင်စာရင်း ဝင်ခဲ့တဲ့ သရုပ်ဆောင်တွေနဲ့ အထူးသဖြင့် Chris Rock ကို ပါးရိုက်ပြီးနောက် အော်စကာရသွားတဲ့ Questlove ကိုလည်း တောင်းပန်ခဲ့ပါတယ်။

Questlove ဟာ Best Documentary ဆုနဲ့ ထူးခြားတဲ့ အောင်မြင်မှုကို ရရှိခဲ့ပေမယ့် Will Smith ရဲ့ လုပ်ရပ်ကြောင့် သူ့ရဲ့အောင်ပွဲခံရမယ့် အခိုက်အတန့်ဟာ ပျက်စီးသွားခဲ့ရပါတယ်။ ဒါကြောင့်ပဲ လူပေါင်းများစွာဟာ ဒီကိစ္စကို မီးမောင်းထိုးပြီး ဝေဖန်ပြောဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။

မိနစ်အနည်းငယ်အတွင်း စိတ်မထိန်းနိုင်ဘဲ ကျူးလွန်မိလိုက်တဲ့ ဒီလုပ်ရပ်ကြောင့် Will Smith ဟာ သူ့ရဲ့ သရုပ်ဆောင်ဘဝတလျှောက်မှာ အကြီးမားဆုံး အခက်အခဲတွေကို ကြုံတွေ့နေရပါတယ်။ အကျိုးဆက်အနေနဲ့ Netflix နဲ့ ရိုက်ကူးဖို့ စာချုပ်ချုပ်ထားတဲ့ Fast and Loose ရုပ်ရှင်နဲ့ Bad Boys 4 တို့ရဲ့ ဖန်တီးမှုတွေကိုလည်း ရပ်နားခံထားရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular