HomeCelebs Update NewsInternationalAcademy ရုပ်ရှင်အဖွဲ့အစည်းကနေ နှုတ်ထွက်သွားတဲ့ Will Smith

Academy ရုပ်ရှင်အဖွဲ့အစည်းကနေ နှုတ်ထွက်သွားတဲ့ Will Smith

မင်းသား Will Smith ဟာ အော်စကာ ရုပ်ရှင်ထူးချွန်ဆုကို ပေးအပ်တဲ့ The Academy of Motion Picture Arts & Science အဖွဲ့အစည်းကနေ နှုတ်ထွက်သွားပြီလို့ သိရပါတယ်။ အကြောင်းရင်းကတော့ ယခုနှစ်ရဲ့ (၉၄)ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အစီအစဉ် တင်ဆက်သူ Chris Rock ကို စင်ပေါ်တက် ပါးရိုက်မိခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ အော်စကာဆုပေးပွဲမှာတော့ ပြောစမှတ်တွင်လောက်တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ အစီအစဉ် တင်ဆက်သူ Chris Rock ဟာ Will Smith ရဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် Jada Pinkett Smith နဲ့ ပတ်သက်ပြီး ဟာသတစ်ခု ပြောကြားခဲ့ရာမှာ Will Smith ရဲ့ ဒေါသတကြီး တုံ့ပြန်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ Will Smith ဟာ စင်ပေါ်ကို တက်လာပြီး Chris Rock ကို ပါးရိုက်ခဲ့ရုံသာမက သူ့ရဲ့နေရာကို ပြန်သွားပြီး ဆဲရေးတိုင်းထွာခဲ့သေးတာ ဖြစ်ပါတယ်။

Photo Credit: Getty Images/ Mike Coppola

Chris Rock ကတော့ ဒီအဖြစ်အပျက်ကို ပရိုကျကျ ရင်ဆိုင်သွားခဲ့ပြီး အထစ်အငေါ့ အမှားအယွင်းမရှိ ပွဲကို ဆက်လက် တင်ဆက်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အပြီး မိနစ်လေးဆယ်ခန့် အကြာမှာတော့ Will Smith ဟာ King Richard ရုပ်ရှင်ထဲက သူ့ရဲ့ဇာတ်ရုပ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ ဆုလက်ခံယူတဲ့ အချိန်မှာတော့ Will ဟာ စိတ်ခံစားချက်အပြည့်နဲ့ ဆုလက်ခံစကားကို ပြောကြားခဲ့ပြီး ပွဲကြည့်ပရိသတ်တွေကတော့ မတ်တပ်ထရပ်ကာ လက်ခုပ်တီး ဂုဏ်ပြု ချီးမြှင့်ခဲ့ကြပါတယ်။

ဒီဖြစ်ရပ်အပြီးမှာတော့ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုနဲ့ ပတ်သက်ပြီး Chris Rock ဘက်က တရားစွဲဆိုခြင်း မရှိခဲ့ပါဘူး။ Will Smith ကတော့ သူ့ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး အင်စတာဂရမ်မှာ တောင်းပန်စကား ပြောကြားခဲ့ပါတယ်။ The Academy ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုကို ရှုံ့ချကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကာ Will ရဲ့ ဒီလုပ်ရပ်အတွက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း ဆိုထားပါတယ်။

Photo via IMDb

The Academy ရဲ့ စုံစမ်း စစ်ဆေးမှု ပြုလုပ်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီး နောက်မှာတော့ Will ဟာ Academy ရဲ့ ဘုတ်အဖွဲ့ဆီ ဆက်သွယ်ကာ တောင်းပန်စကား ပြောကြားခဲ့တယ်လို့ သိရသလို Academy အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်သွားမယ်လို့လည်း Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ Will ဘက်က ထုတ်ပြန်လာတဲ့ ကြေညာချက်ကတော့ အောက်ပါအတိုင်းပါပဲ။

“Academy အဖွဲ့ကြီးရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ကြားနာမှု အသိပေးစာနဲ့ ပတ်သက်ပြီး ကျွန်တော့်ဘက်က တိုက်ရိုက် တုံ့ပြန်ပြီးပါပြီ။ နောက်ပြီး ကျွန်တော့်ရဲ့ လုပ်ရပ်အတွက် ကြုံတွေ့ရမယ့် ဘယ်လို နောက်ဆက်တွဲ ဖြစ်ရပ်မျိုးကိုမဆို လက်ခံသွားမှာပါ။ (၉၄)ကြိမ်မြောက် အကယ်ဒမီ ဆုပေးပွဲက ကျွန်တော့်ရဲ့လုပ်ရပ်ဟာ တကယ့်ကို ထိတ်လန့် နာကျင်စရာကောင်းပြီး ဆင်ခြေပေးစရာ စကားမရှိအောင် ဖြစ်စေခဲ့ပါတယ် … ”

Photo: willsmith/ Instagram

“ကျွန်တော် နာကျင်စေခဲ့မိတဲ့ သူတွေကတော့ အများကြီးပါပဲ။ Chris နဲ့ သူ့ရဲ့မိသားစုတွေ အပါအဝင် ကျွန်တော်ချစ်ရတဲ့သူတွေ၊ ကျွန်တော့်ရဲ့ မိတ်ဆွေတွေနဲ့ ဒီပွဲကို တက်ရောက်ခဲ့ကြသူတွေ၊ ပြီးတော့ ဒီပွဲကို အိမ်ကနေပဲ ကြည့်ရှုခဲ့ကြတဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေအားလုံးကို နာကျင်စေခဲ့မိပါတယ် … ”

“Academy ရဲ့ ကျွန်တော့်အပေါ်ထားတဲ့ ယုံကြည်မှုကို ကျွန်တော် သစ္စာဖောက်မိခဲ့ပါတယ်။ တခြားသော စံကာတင်စာရင်းဝင်သူတွေနဲ့ ဆုဆွတ်ခူးသူတွေရဲ့ ပျော်ရွှင် အောင်ပွဲခံရမယ့် အခွင့်အရေးကိုလည်း ကျွန်တော့်ကြောင့် ပျက်စီးစေခဲ့မိပါတယ်။ ကျွန်တော် ကြေကွဲခံစားရပါတယ်။ သူတို့ရဲ့ ထူးချွန်တဲ့ အနုပညာတွေအတွက် ဆုဆွတ်ခူးခဲ့သူတွေကို သူတို့ရသင့်ရထိုက်တဲ့ အာရုံစိုက်မှုကို ပြန်လည် ရရှိစေချင်ပါတယ်။ နောက်ပြီး ရုပ်ရှင်နယ်ပယ်မှာ ဖန်တီးမှုနဲ့ အနုပညာရပ်တွေ အားကောင်းလာအောင် ထောက်ပံ့ကူညီနေတဲ့ The Academy အဖွဲ့အစည်းကြီးရဲ့ လုပ်ဆောင်မှုတွေကိုလည်း ပြန်လည် လုပ်ကိုင်လည်ပတ်စေချင်ပါတယ် … ”

Photo Credit: Screenrant

“ဒါကြောင့် The Academy of Motion Picture Arts & Sciences အဖွဲ့အစည်းကနေ ကျွန်တော် နှုတ်ထွက်သွားပါမယ်။ ဒါ့အပြင် ဘုတ်အဖွဲ့က သင့်တော်မယ်ထင်လို့ ချမှတ်မယ့် နောက်ဆက်တွဲ အရေးယူမှုအားလုံးကိုလည်း ခံယူသွားပါမယ်။ ပြောင်းလဲမှုအတွက် အချိန်လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း အကြောင်းရင်းတစ်ခုပေါ် အကြမ်းဖက်မှုနဲ့ ဖြေရှင်းတဲ့ နည်းလမ်းကို ဘယ်တော့မှ ထပ်ပြီး ကိုယ့်ကိုယ်ကို ကျူးလွန်ခွင့် မပြုတော့ပါဘူး။ ဒီလို ပြောင်းလဲနိုင်ဖို့ကိုလည်း ကျွန်တော် အသေအချာ ကြိုးစားသွားမှာပါ … ” လို့ Will Smith က ကြေညာချက်မှာ ပြောထားပါတယ်။

ယခုဆိုရင်တော့ Will ဟာ သူ့ရဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ဆက်လက် ရယူထားနိုင်မှာ ဖြစ်နိုင်ပေမယ့် အကယ်ဒမီဘုတ်အဖွဲ့က ချမှတ်မယ့် စည်းမျဉ်းတစ်ခုခုနဲ့တော့ ရင်ဆိုင်ရနိုင်ချေ ရှိပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular