HomeCelebs Update NewsInternationalအော်စကာပွဲတက်ခွင့် ပိတ်ခံလိုက်ရတဲ့အပေါ် တုံ့ပြန်ပြောကြားလာတဲ့ Will Smith

အော်စကာပွဲတက်ခွင့် ပိတ်ခံလိုက်ရတဲ့အပေါ် တုံ့ပြန်ပြောကြားလာတဲ့ Will Smith

နာမည်ကျော်မင်းသား Will Smith ဟာ ဆယ်စုနှစ်တစ်ခုစာ အော်စကာဆုပေးပွဲ တက်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Will ဘက်ကလည်း တုံ့ပြန် ပြောကြားလာတာ ရှိပါတယ်။

Will ဟာ ပြီးခဲ့တဲ့ (၉၄)ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ ပွဲတင်ဆက်သူ host ဖြစ်တဲ့ Chris Rock ရဲ့ နောက်ပြောင်မှုကြောင့် စင်ပေါ်တက်ပြီး ပါးရိုက်ခဲ့ပါတယ်။ အဲဒီနောက် စင်အောက်ကနေလည်း အော်ဟစ် ဆဲဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ယခုနှစ် အော်စကာဆုပေးပွဲရဲ့ အကြီးမားဆုံး သတင်းဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံးမှာ အုတ်အော်သောင်းတင်း ဖြစ်သွားစေပါတယ်။

photo via screenrant

ဒါ့အပြင် တစ်ကမ္ဘာလုံးက ပရိသတ်တွေနဲ့ ဂုဏ်သရေရှိ ပွဲတက်လူကြီးမင်းတွေရဲ့ အရှေ့မှာ အခုလိုလုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပြီး ပရိသတ်တွေနဲ့ သရုပ်ဆောင်တွေကြားထဲမှာလည်း အမြင်အမျိုးမျိုး ကွဲပြားခဲ့ကြပါတယ်။ ဒါကြောင့်လည်း The Academy အဖွဲ့အစည်းဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။

Will ကတော့ သူ့ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး Chris Rock နဲ့ ပွဲစီစဉ်သူတွေ အပါအဝင် အားလုံးကို နာကျင်စေမိခဲ့တဲ့အတွက် တောင်းပန်ကြောင်း စကားဆိုထားပါတယ်။ ဒါ့အပြင် Will ဟာ Zoom video call နဲ့ The Academy ဘုတ်အဖွဲ့အစည်းက လူကြီးမင်းတွေကို နာရီဝက်ခန့် ဖြေရှင်းခွင့်ရခဲ့ပြီး ဘုတ်အဖွဲ့အစည်းတွေကိုလည်း တပါတည်း တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ရက်မှာပဲ ဘုတ်အဖွဲ့က လူကြီးတွေရဲ့ ယုံကြည်မှုကို သစ္စာဖောက်မိခဲ့တယ်လို့ ဆိုပြီး Will ဟာ The Academy အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။

ဒီလိုနဲ့ ရက်ပိုင်းခန့် ကြာမြင့်ပြီး နောက်မှာတော့ The Academy ဟာ Will Smith ရဲ့ အော်စကာဆုပေးပွဲက လုပ်ရပ်ကို ပြစ်ဒဏ်ချမှတ်တဲ့ အနေနဲ့ အော်စကာဆုပေးပွဲနဲ့ အခြားပတ်သက်သမျှ ပွဲတိုင်းကို တက်ရောက်ခွင့် ဆယ်နှစ်တိတိ ပိတ်ပင်လိုက်ပါတယ်။ Will ဟာ အော်စကာပွဲနဲ့ ပတ်သက်သမျှ ပွဲတိုင်းကို လူကိုယ်တိုင်ရော၊ virtually ပါ တက်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရပေမယ့် သူ့ရဲ့ဇာတ်ကားတွေကတော့ စံကာတင်စာရင်းမှာ ပါဝင်နိုင်ပြီး ဆုဆွတ်ခူးနိုင်သေးတဲ့ အခွင့်အရေးလည်း ရှိပါသေးတယ်။

The Academy ရဲ့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး Will ကတော့ ရိုးရိုးရှင်းရှင်းနဲ့ တိုတောင်းတဲ့ တုံပြန်ချက်တစ်ခုကို ပြောကြားထားပါတယ်။ အဲဒါကတော့ “The Academy ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် လေးစား လိုက်နာပါတယ် … ” လို့ PageSix သတင်းဌာနကို ဧပြီလ(၈)ရက်နေ့မှာ Will ကိုယ်တိုင်က ပြောကြားထားတာ ဖြစ်ပါတယ်။

Photo Credit: Getty Images

အော်စကာဆုပေးပွဲ တက်ရောက်ခွင့် ဆယ်စုနှစ်တစ်ခုစာ ပိတ်ပင်ခံလိုက်ရတဲ့ Will တစ်ယောက် သူ့ရဲ့ ရိုက်ကူးပြီးစီးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ နောက်လာမယ့် နှစ်တွေမှာ အော်စကာ စံကာတင်စာရင်း ဝင်ဦးမလားဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular