HomeEntertainmentFilmThe Witcher စီးရီးထဲမှာ Elves တွေဟာ ဘာကြောင့် ကလေးရဖို့ ခက်ခဲနေကြတာလဲ? 

The Witcher စီးရီးထဲမှာ Elves တွေဟာ ဘာကြောင့် ကလေးရဖို့ ခက်ခဲနေကြတာလဲ? 

*** SPOILER ALERT ***

The Witcher ဇာတ်လမ်းတွဲရဲ့ season 2 မှာတော့ Elves တွေအကြောင်းကို ပိုပြီး ထဲထဲဝင်ဝင် ဖော်ပြလာသလို သူတို့ရဲ့ ဘဝနေထိုင်မှုနဲ့ ပတ်သက်ပြီးတော့လည်း ပိုမိုမြင်တွေ့ခွင့် ရခဲ့ကြပါတယ်။ ဒါ့အပြင် season 2 ထဲမှာ‌တော့ ကာရိုက်တာအသစ်တွေ ပါဝင်ခဲ့ပြီး Elves တွေရဲ့ ခေါင်းဆောင် Francesca Findabair လည်း ပါဝင်လာပါတယ်။

Francesca ကတော့ Elf မျိုးနွယ် မှော်ဆရာမတစ်ယောက် ဖြစ်ပြီး သူမရဲ့ မျိုးနွယ်စုတွေကို အန္တရာယ်ကင်းအောင် စောင့်ရှောက် ကာကွယ်ပေးနေရတဲ့ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ season 2 မှာ မြင်တွေ့ခဲ့ရတဲ့အတိုင်း Elves တွေဟာ ကလေးရဖို့ ခက်ခဲစွာ ရုန်းကန်နေကြရပြီး ဒီ season ထဲက Francesca ရ‌ဲ့ အဓိကဇာတ်ကွက်ကလည်း သူမရဲ့ ကိုယ်ဝန်ပဲ ဖြစ်နေပါတယ်။

Photo Credit: Netflix

ဒီလိုနဲ့ Francesca ၊ Fringilla နဲ့ Yennefer တို့ မှော်ဆရာမသုံးယောက်ဟာ Deathless Mother ရဲ့ ချဉ်းကပ်မှုကို ခံခဲ့ရပါတယ်။ Deathless Mother ကတော့ တစ်ယောက်ချင်းစီကို အသွင်တစ်မျိုးနဲ့ ပြသတဲ့ မာယာ ပရိယာယ် ကြွယ်ဝသူ ဖြစ်ပြီး Francesca ရဲ့အရှေ့မှာတော့ သူ့ကိုယ်သူ Ithlinne အဖြစ် ရုပ်ဖျက်ပြီး ပြသခဲ့ပါတယ်။ Ithlinne ကတော့ ဒဏ္ဍာရီထဲက Elves မျိုးနွယ် healer တစ်ယောက် ဖြစ်ပြီး နာမည်ကြီး ရှေ့ဖြစ်ဟောသူလည်း ဖြစ်ပါတယ်။

ဒီလိုနဲ့ Deathless Mother ဟာ pure elf ကလေးတစ်ယောက် မွေးဖွားစေပြီးတော့ Elves မျိုးနွယ်တွေကို တစ်ခါပြန် စုရုံး တည်ထောင်နိုင်ဖို့အတွက် Francesca ကို အခွင့်အရေး ပေးခဲ့ပါတယ်။ သို့သော်လည်း အပေးအယူအနေနဲ့ Francesca ဟာ Fringilla နဲ့ သူမရဲ့တိုင်းပြည် Nilfgaard နဲ့ မဟာမိတ်အဖြစ် ပူးပေါင်းခဲ့ရပါတယ်။

Photo Credit: Netflix

အဲဒီနောက် Francesca ဟာ သမီးမိန်းကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့ နောက်မှာတော့ Fringilla နဲ့ သဘောတူထားတဲ့ သူမရဲ့ မဟာမိတ်ဖွဲ့မှုကို ပယ်ဖျက်ဖို့ ကြိုးစားပါတော့တယ်။ ရလဒ်အနေနဲ့ သူမရဲ့ မွေးကင်းစကလေးဟာလည်း အသတ်ခံလိုက်ရပါတယ်။ Francesca ရဲ့ ကလေးမီးဖွားမှုဟာ Elves တွေအတွက် အလွန်အလေးထားရမယ့် ကိစ္စကြီးတစ်ခု ဖြစ်ပြီး အားလုံးကလည်း ဒါကို အောင်ပွဲခံရမယ့် ကိစ္စကြီးတစ်ခုလို သဘောထားကြပါတယ်။ သို့သော်လည်း မေးစရာ ရှိတာကတော့ Elves တွေအတွက် ကလေးမီးဖွားဖို့ ဘာကြောင့် ဒီလောက် ခက်ခဲနေရတာလည်း ဆိုတာပါပဲ။

Elves တွေဟာ လူသားတွေထက် ပိုအသက်ရှည်ကြပြီး သူတို့ကိုယ်သူတို့ ဖန်တီးခံထားရတယ်လို့ ယုံကြည်ကြပါတယ်။ လူသားတွေနဲ့ မတူညီတာကတော့ လူသားတွေဟာ မိမိဘာသာ ဖြစ်တည်လာပြီး တဖြည်းဖြည်းနဲ့ တိုးတက် ပြောင်းလဲလာတာပါပဲ။ ဒါကြောင့်ပဲ Elves တွေဟာ လူသားတွေကို သူတို့ထက် တစ်ဆင့်နိမ့်ကျတဲ့သူတွေလို့ ရှုမြင်ကြတာ ဖြစ်ပါတယ်။

Photo Credit: Netflix

Elves တွေရဲ့ ခန္ဓာဗေဒအပိုင်းမှာတော့ လူသားတွေနဲ့ မတူညီဘဲ သူတို့ဟာ ငယ်ရွယ်စဉ်မှာသာ မျိုးဆက်ပျံ့ပွားနိုင်တာ ဖြစ်ပါတယ်။ ဒါဟာ Elves တွေရ‌ဲ့ ကြီးမားတဲ့ အားနည်းချက်တစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ လူသားတွေထက် အသက်ရှည်ပေမယ့် မျိုးဆက်ပွားနှုန်းမှာတော့ လူသားတွေလောက် အားမကောင်းတာကြောင့် အလွယ်တကူ လွှမ်းမိုး ချုပ်ကိုင်ခံနေကြရတာ ဖြစ်ပါတယ်။

ငယ်ရွယ်စဉ်မှာသာ ကိုယ်ဝန်ဆောင်နိုင်ကြရုံတင် မဟုတ်ဘဲ Elves တွေရဲ့ ဇီဝဗေဒ သဘောတရားအရ ကလေးတစ်ယောက်ကို အောင်မြင်စွာ မွေးဖွားနိုင်ဖို့လည်း ခက်ခဲပါသေးတယ်။ ဒါကြောင့်လည်း Francesca ရဲ့ အောင်မြင်တဲ့ ကလေးမီးဖွားမှုဟာ Elves တွေအတွက် အရေးကြီးကိစ္စတစ်ခု ဖြစ်နေရတာပါ။

Photo Credit: Netflix

အခုလို pure elf ကလေးတစ်ယောက်ကို အောင်မြင်စွာ မွေးဖွားလိုက်နိုင်ခြင်းအားဖြင့် Elves တွေဟာလည်း မျိုးပွားနိုင်ကြောင်း သူတို့ရဲ့မျိုးနွယ်တစ်ခုလုံးကို ပြသပြီးသား ဖြစ်သွားစေပါတယ်။ သို့သော်လည်း ဒီအောင်မြင်မှုဟာ သိပ်ကြာကြာ မခံလိုက်ဘဲ Francesca ရဲ့ ကလေး အသတ်ခံလိုက်ရချိန်မှာတော့ အားလုံးအတွက် အမှောင်ပြန်ကျသွားပါတော့တယ်။

season 2 အပြီးမှာတော့ Istredd ရဲ့ ကျေးဇူးနဲ့ Ciri ဟာ Elder Blood ပိုင်ရှင်ဖြစ်ကြောင်း Francesca က သိရှိသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် season 3 မှာတော့ Elves တွေရ‌ဲ့ အခန်းကဏ္ဍက ပိုပြီးပါဝင်လာမှာ ဖြစ်ပါတယ်။ အခုလို ဆောင်းပါးတေွ ဖတ်ရှုရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular