HomeCelebs Update NewsInternationalCGI လုံးဝမသုံးထားတဲ့ Witcher Season 2 ထဲက ကာရိုက်တာ Nivellen ရဲ့ ရုပ်သွင်

CGI လုံးဝမသုံးထားတဲ့ Witcher Season 2 ထဲက ကာရိုက်တာ Nivellen ရဲ့ ရုပ်သွင်

Netflix Original ဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ The Witcher Season 2 ထဲမှာတော့ Nivellen ဆိုတဲ့ ကာရိုက်တာတစ်ခု ပါဝင်လာပါတယ်။

ဒီဇာတ်ကောင်နေရာမှာတော့ Game of Thrones (GoT) သရုပ်ဆောင် Kristofer Hivju က သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ Kristofer ရဲ့ ပြောပြချက်အရ Nivellen ရဲ့ ကာရိုက်တာ ရုပ်သွင်ကို ပုံဖော်ဖို့ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေကို လုံးဝအသုံးမပြုထားဘဲ အထူးမိတ်ကပ်ပြင်ဆင်မှုတွေကိုသာ အသုံးပြုထားတယ်လို့ သိရပါတယ်။

Kristofer Hivju ကတော့ HBO ရဲ့ နာမည်ကျော်ဇာတ်လမ်းတွဲ GoT ထဲမှာ wildling တွေရဲ့ ခေါင်းဆောင် Tormund Giantsbane အဖြစ် သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားသူ ဖြစ်ပါတယ်။

Photo Credit: HBO

၂၀၁၉ ခုနှစ်မှာ The Witcher ဇာတ်လမ်းတွဲ ထွက်လာတုန်းကလည်း ပရိသတ်တွေဟာ GoT နဲ့ ပုံစံချင်း ဆင်တူတယ်လို့ မှတ်ချက်ပေးခဲ့ကြပါသေးတယ်။ အကြောင်းကတော့ သူ့ရဲ့ ဇာတ်လမ်းစတိုင်လ်၊ တင်ဆက်ပုံ၊ အကြောင်းအရာတွေမှာ ဆင်တူနေတာကြောင့် ဖြစ်ပါတယ်။ အခု season 2 ထွက်ရှိလာတဲ့အခါ GoT ထဲက ပရိသတ်အချစ်တော်ကြီး Kristofer ကိုပါ တွေ့လိုက်ရတာကြောင့် ပရိသတ်တွေကို ပိုပြီးစိတ်လှုပ်ရှားလာစေပါတယ်။

Kristofer ကတော့ The Witcher season 2 ရဲ့ အပိုင်း(၁)မှာ စတင်ပါဝင်လာတာ ဖြစ်ပါတယ်။ သို့သော်လည်း သူ့ရဲ့ ရုပ်သွင်ကတော့ ပရိသတ်တွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲထားတာ ဖြစ်ပါတယ်။ သူ သရုပ်ဆောင်ထားတဲ့ Nivellen ရဲ့ ကာရိုက်တာဟာ ကျိန်စာသင့်နေတဲ့ မင်းမျိုးမင်းနွယ်တစ်ယောက် ဖြစ်ပြီး တောဝက်တစ်ပိုင်း၊ ဝက်ဝံတစ်ပိုင်း သွင်ပြင် ဖြစ်နေတာပါ။

Photo Credit: Netflix/ HBO

မကြာသေးခင်က TV Insider သတင်းဌာနနဲ့ ပြုလုပ်ထားတဲ့ အင်တာဗျူးမှာတော့ Nivellen ဖြစ်လာအောင် လုပ်ယူရတဲ့ လုပ်ဆောင်ချက်အဆင့်တွေကို Kristofer က အခုလို ပြောပြထားပါတယ်။

“အဲဒါက တကယ့်ကို အဆင့်တွေအများကြီးနဲ့ လုပ်ခဲ့ရတာပါ။ ပထမဆုံး သူတို့က ကျွန်တော့်တစ်ကိုယ်လုံးနဲ့ ကွက်တိကျတဲ့ ရုပ်တုတစ်ခု လုပ်လိုက်ကြတယ်။ ပြီးတော့မှ ဝတ်စုံကို အဲဒီရုပ်တုအပေါ်မှာ လုပ်ကြတာ။ အဲဒီတော့ ကျွန်တော့် နို့သီးခေါင်းတွေကအစ အဲဒီဝတ်စုံထဲမှာ အားလုံးက ကွက်တိကျနေတာပေါ့ဗျာ … (ရယ်လျက်) ”

“ခင်ဗျားတို့ မြင်ရသမျှအရာအားလုံးပေါ့။ ကျွန်တော့်ရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ခန္ဓာကိုယ်ပုံစံတွေ အားလုံးက တကယ့် အစစ်တွေပါ။ အထူးမိတ်ကပ်တွေနဲ့ ဖန်တီးထားတာပေါ့။ တကယ် အံ့ဩစရာကောင်းတယ်ဗျာ … ”

Photo Credit: Netflix

“ကျွန်တော့်ကို ချပ်ချပ်ရပ်ရပ် အစိမ်းရောင်ဝတ်စုံ ဝတ်ပေးပြီး CGI နဲ့ ရိုက်လိုက်လို့ ရတာပေါ့ဗျာ။ အဲဒီတော့ အခုလို ရိုက်ဖို့ ရွေးချယ်လိုက်တာကိုက တကယ် မိုက်တဲ့ ရွေးချယ်မှုပဲ။ ကျွန်တော်က ရိုက်ကွင်းပေါ်မှာ တခြားသရုပ်ဆောင်တွေနဲ့အတူ ရှိနေပြီး ကျွန်တော်ကိုယ်တိုင်ကိုက ဒီဇာတ်ကောင်အဖြစ် တကယ်ပုံဖော်ပြီး တကယ် သရုပ်ဆောင်ခွင့်ရတာပေါ့။ ဒါက တကယ်ကို လှလှပပ သေသေသပ်သပ်လေး လုပ်ထားတာပါ။ ခင်ဗျားတို့ သူ့ရဲ့ မျက်လုံးတွေကို ကြည့်လိုက်ရင် ကျွန်တော့်ရဲ့ မျက်လုံးတွေကို မြင်ရမှာပါ …  ” လို့ Kristofer က ပြောပြထားပါတယ်။

The Witcher ရဲ့ ဖန်တီးသူအနေနဲ့ Nivellen ကာရိုက်တာကို လွယ်လွယ်ကူကူပဲ CGI သုံးပြီး ရိုက်လိုက်နိုင်ပါတယ်။ သို့သော်လည်း တစ်ဖွဲ့သားလုံးဟာ ပိုပြီးလက်တွေ့ကျတဲ့ နည်းကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။ အထူးမိတ်ကပ်နဲ့ တကယ် ပုံဖော်ထားခြင်းအားဖြင့် တခြားကာရိုက်တာတွေအတွက်လည်း မရှိတဲ့ ရုပ်ကြီးကို မှန်းဆပြီး သရုပ်ဆောင်ရတာမျိုး မဖြစ်တော့ဘဲ ပိုပြီးခံစားသက်ဝင်မှု အားကောင်းစေမှာ ဖြစ်ပါတယ်။

Photo Credit: Netflix

ဒီထက်ပိုပြီး ချီးကျူးစရာကတော့ Kristofer တစ်ယောက် Nivellen ဖြစ်လာဖို့ ဒီ suit ကြီးကို ဝတ်ဆင်ဖို့တောင် လူခုနှစ်ယောက်က ဝိုင်းဝန်း ဝတ်ဆင်ပေးရတာလို့ သိရပါတယ်။ ဒါဟာ teamwork ကို တော်တော်လေး သုံးထားတာ သိသာစေပါတယ်။ ဒါ့အပြင် ကာယကံရှင်ဖြစ်တဲ့ Kristofer ကတော့ ဝက်ဝံတွေ၊ တောဝက်တွေရဲ့ လှုပ်ရှားမှုတွေကိုပါ လေ့လာခဲ့ပြီး သဘာဝကျအောင် သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular