HomeCharacterZootopia ထဲက မြေခွေးလေး Nick နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာများ 

Zootopia ထဲက မြေခွေးလေး Nick နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာများ 

Zootopia ဇာတ်ကားဟာ ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (8.0)တောင် ရရှိထားတဲ့အပြင် box-office မှာ ဝင်ငွေ ဒေါ်လာ(၁)ဘီလျံတောင် ရရှိထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင်တွေကတော့ ယုန်မလေး Judy နဲ့ မြေခွေးလေး Nick တို့ ဖြစ်ကြပြီး ဒီတစ်ခါမှာတော့ ဒီဇာတ်ကားလေးကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် မြေခွေးလေး Nick နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Nick ဟာ Big Hero 6 ထဲမှာ ပထမဆုံး ပါဝင်ခဲ့ပါတယ်။

Disney က ထုတ်လုပ်တဲ့ ရုပ်ရှင်တွေ တော်တော်များများဟာ easter egg လို့ခေါ်တဲ့ မြှုပ်ကွက်တွေကို ထည့်သွင်းထားလေ့ရှိပါတယ်။ Disney ဟာ Zootopia ကို ထုတ်လုပ်ဖို့ စီစဉ်နေတဲ့အချိန်မှာပဲ အဲ့ဒီအကြောင်း အရိပ်အမြွက်ကို Big Hero 6 ထဲမှာ ထည့်သွင်းခဲ့ပါတယ်။ Honey Lemon ဟာ အဖွဲ့လိုက်ဆယ်လ်ဖီ ဓာတ်ပုံရိုက်ဖို့ ဖုန်းကို ထုတ်လိုက်တဲ့အခန်းမှာ သူမရဲ့ဖုန်းကာဗာဟာ Zootopia ထဲက Nick နဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။ ဒါဟာ Disney ကရည်ရွယ်ချက်ရှိရှိနဲ့ ထည့်သွင်းခဲ့တဲ့ easter egg တစ်ခု ဖြစ်ပါတယ်။

သူ့ရဲ့မူလဇာတ်လမ်းဟာ သနားစရာပါ။

ဒီဇာတ်လမ်းဟာ အားလုံးသိကြတဲ့အတိုင်း တိရစ္ဆာန်တွေဟာ လူတွေလိုနေထိုင်ကြတဲ့ နေထိုင်မှုပုံစံကို ပုံဖော်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီအခါမှာ ခြင်္သေ့နဲ့ကျားတို့လို အသားစားတဲ့ တိရစ္ဆာန်တွေနဲ့ ပုံမှန်တိရစ္ဆာန်တွေ ယှဉ်တွဲပြီးနေထိုင်ဖို့အတွက် အခက်အခဲ ဖြစ်လာပါတယ်။ ဒါကြောင့်ပဲ ပထမဇာတ်ညွှန်းထဲမှာဆိုရင် အသားစားတိရစ္ဆာန်တွေကို သောင်းကျန်းလို့မရအောင် ဓာတ်လိုက်စေတဲ့ လည်ပတ်တွေကို အတင်းဝတ်ဆင်ခိုင်းထားပါတယ်။

Nick ဟာလည်း မြေခွေးဖြစ်တာကြောင့် အဲဒီလည်ပတ်ကို ဝတ်ထားရပါတယ်။ အဲဒီခံစားချက်ဟာ အသားစားသတ္တဝါတွေအားလုံးအတွက် ထောင်ကျနေသလိုမျိုး ခံစားနေရပြီး လွတ်လပ်မှုမရှိဘူး ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်ပဲ Nick ရဲ့ အကြီးမားဆုံး ရည်မှန်းချက်ဟာ Wild Times လို့ခေါ်တဲ့ ပန်းခြံတစ်ခုကို ဖန်တီးချင်တာ ဖြစ်ပါတယ်။

အဲဒီပန်းခြံထဲမှာဆိုရင် အသားစားသတ္တဝါတွေအားလုံးဟာ သူတို့ရဲ့လည်ပတ်တွေကို ချွတ်ထားလို့ရပြီး လွတ်လွတ်လပ်လပ် နေနိုင်မယ့်နေရာကို ဖန်တီးချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Disney ဟာ နောက်ပိုင်းမှာ အဲဒီဇာတ်ညွှန်းကို ပြန်ပြင်လိုက်တာကြောင့် အခုလိုမျိုး ပြောင်းလဲသွားခဲ့ပေမယ့်လည်း ဇာတ်လမ်းထဲမှာတော့ Wild Times ဆိုတဲ့ နေရာကို ထည့်သွင်းထားပါသေးတယ်။

မူလဇာတ်ညွှန်းထဲမှာ နှိပ်စက်တဲ့အခန်းတွေလည်း ပါဝင်ခဲ့ပါတယ်။

မပြောင်းလဲခင် ပထမဇာတ်ညွှန်းအတိုင်းဆိုရင် ဒီဇာတ်လမ်းထဲမှာ နှိပ်စက်တဲ့အခန်းတွေလည်း ပါဝင်ခဲ့ပါတယ်။ သူတို့ရဲ့လည်ပတ်တွေဟာ ဝတ်ထားတဲ့သူရဲ့ စိတ်ခံစားချက်တစ်ခုခု နည်းနည်းလေး မြင့်တက်လာရင်တောင်မှ ဝတ်ထားတဲ့သူကို မသေရုံတမယ် ဓာတ်လိုက်စေပါတယ်။ ဒါ့အပြင် ဇာတ်ညွှန်းအရ Nick ဟာလည်း ပြင်းပြင်းထန်ထန်ကို ဓာတ်လိုက်ခံခဲ့ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဒီဇာတ်ညွှန်းဟာ အရမ်း dark ဖြစ်လွန်းတယ် ဆိုပြီးတော့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

စတင်ဖန်တီးတုန်းက Nick နဲ့ Judy တို့ဟာ အထူးအေးဂျင့်တွေ ဖြစ်ကြပါတယ်။

ဒီဇာတ်လမ်းကို စတင်ဖန်တီးတုန်းကဆိုရင် Nick နဲ့ Judy တို့ဟာ အထူးအေးဂျင့်တွေ ဖြစ်ကြပြီးတော့ သူတို့နှစ်ယောက်ဟာ ကျွန်းတစ်ခုပေါ်မှာ လျှို့ဝှက်မစ်ရှင်တစ်ခုကို လုပ်ဆောင်ဖို့အတွက် ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီကျွန်းဟာ နောက်ပိုင်းမှာတော့ Zootopia မြို့တော် ဖြစ်လာပြီးတော့ အဲဒီမြို့မှာပဲ သတ္တဝါတွေ ပျောက်ဆုံးနေပါတယ်။ သူတို့နှစ်ယောက်ဟာ အဲဒီအမှုကို ဖြေရှင်းတဲ့ပုံစံကို ပြသဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အကြောင်းအမျိူးမျိူးကြောင့် ဇာတ်ညွှန်းတွေ ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

Ralph Breaks The Internet ထဲမှာလည်း cameo အနေနဲ့ ပါဝင်ခဲ့ပါတယ်။

Ralph Breaks The Internet ဟာ Disney က ထုတ်လုပ်ခဲ့ဖူးတဲ့ ဇာတ်ကားတွေထဲမှာ easter egg အများဆုံးပါဝင်တဲ့ ဇာတ်လမ်းလို့တောင် ပြောလို့ရပါတယ်။ အဲဒီ easter egg တွေထဲမှာ Star War ထဲက Stormtroopers ၊ Disney Princess တွေအပြင် Stan Lee တောင် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Zootopia ဇာတ်ကားထဲက ရင်းနှီးနေတဲ့ ဇာတ်ကောင်တွေလည်း ပါဝင်ခဲ့ပါသေးတယ်။ Nick ကတော့ cameo အနေနဲ့ တစ်ခန်းပါဝင်ခဲ့ပြီး Judy ကလည်း လူအုပ်ကြီးထဲမှာ ပါဝင်ခဲ့ပါသေးတယ်။

ဒါကတော့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြရတဲ့ Zootopia ဇာတ်ကားထဲက ဇာတ်ကောင်မြေခွေးလေး Nick နဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာအချက်လေးတွေ ဖြစ်ပါတယ်။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ဒီပို့စ်လေးကို share ပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular