HomeCelebs Update NewsInternationalParamount စတူဒီယိုကို တရားစွဲထားကြတဲ့ မူရင်း Romeo and Juliet သရုပ်ဆောင်များ

Paramount စတူဒီယိုကို တရားစွဲထားကြတဲ့ မူရင်း Romeo and Juliet သရုပ်ဆောင်များ

ဒါရိုက်တာ Franco Zeffirelli ရိုက်ကူးထားတဲ့ ၁၉၆၈ ခုနှစ်ဗားရှင်း Romeo and Juliet ရုပ်ရှင်ထဲမှာတော့ သရုပ်ဆောင် Olivia Hussey နဲ့ Leonard Whiting တို့ဟာ ဆယ်ကျော်သက်ရွယ်တွေသာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ အဲဒီအချိန်ကာလတုန်းက အလွန်အောင်မြင် ရေပန်းစားခဲ့ပြီး အော်စကာမှာလည်း စံကာတင်(၄)ဆုတောင် ဝင်ခဲ့ပါတယ်။

သို့သော်လည်း ငယ်ရွယ်လှသေးတဲ့ သရုပ်ဆောင်နှစ်ယောက်ရဲ့ အိပ်ရာပေါ်က ဖော်ချွတ်ခန်းတချို့ကြောင့် ဝေဖန်ပြောဆိုမှုတွေနဲ့တော့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ အဲဒီရုပ်ရှင်ထဲက အိပ်ရာခန်းမှာတော့ မင်းသား Leonard Whiting ရဲ့ တင်ပါးကို မြင်တွေ့ခဲ့ရသလို မင်းသမီး Olivia Hussey ရဲ့ ဗလာကျင်းနေတဲ့ အပေါ်ပိုင်းကိုလည်း တွေ့ခဲ့ကြရပါတယ်။

Photo Credit: Paramount Pictures

ယခုအခါမှာတော့ သရုပ်ဆောင်နှစ်ယောက်စလုံးဟာ အသက်(၇၀)ကျော်အရွယ်ကို ရောက်နေကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါရုပ်ရှင်နဲ့ Paramount စတူဒီယိုဟာ သူတို့ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်၊ ခေါင်းပုံဖြတ်တယ်လို့ စွပ်စွဲထားပြီး အသက်မပြည့်သေးတဲ့ ကလေးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေကို ဖြန့်ဝေတယ်လို့ ဆိုကာ Santa Monica တရားရုံးချုပ်မှာ ပူးတွဲအမှုဖွင့်ပြီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဒီအမှုမှာတော့ ၂၀၁၉ ခုနှစ်မှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဒါရိုက်တာ Franco Zeffirelli ဟာ အဲဒီရုပ်ရှင် ရိုက်ကူးစဉ်တုန်းက သရုပ်ဆောင်နှစ်ယောက်စလုံးကို ဝတ်လစ်စလစ်အခန်းတွေ မပါဝင်ဘူးလို့ အာမခံခဲ့ကြောင်း စွပ်စွဲထားပါတယ်။ ဒါ့အပြင် အိပ်ရာပေါ်က ဇာတ်ဝင်ခန်းတွေအတွက် အသားအရောင်နဲ့ တထပ်တည်းကျတဲ့ အတွင်းခံအဝတ်တွေကို ဝတ်ဆင်ထားနိုင်မယ်လို့လည်း ကတိပေးခဲ့ကြောင်း ပြောထားပါတယ်။

Photo Credit: Paramount Pictures

သို့ပေမယ့်လည်း တကယ်တမ်း ရုပ်ရှင်ရိုက်ကူးတဲ့ အချိန်မှာတော့ ဒါရိုက်တာဟာ body makeup ပဲလိမ်းပြီး ဝတ်လစ်စလစ်အခန်းကို ရိုက်ကူးပေးဖို့ တောင်းဆိုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အဲဒီလိုမှ မရိုက်ကူးရင် ရုပ်ရှင်ဟာ အဆင်မပြေတော့ဘူးလို့ ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီအချိန်တုန်းက မင်းသမီး Hussey ဟာ အသက်(၁၅)နှစ်သာ ရှိသေးပြီး မင်းသား Whiting ကတော့ အသက်(၁၆)နှစ်သာ ရှိသေးတာ ဖြစ်ပါတယ်။ တရားစွဲဆိုမှုမှာ ဖော်ပြထားချက်အရ ဒါရိုက်တာဟာ သူတို့နှစ်ယောက်လုံးကို ကင်မရာထားမယ့်နေရာနဲ့ သူတို့ရဲ့ ဝတ်လစ်စလစ်ပုံစံတွေ မပါလာနိုင်ဘူးလို့ ပြောထားခဲ့ပြီး သူတို့ရဲ့အဝတ်မပါတဲ့ ပုံတွေကို ရိုက်ကူးမှာလည်း မဟုတ်သလို ရုပ်ရှင်ထဲမှာလည်း ထည့်မသုံးဘူးလို့ ပြောခဲ့ကြောင်း ဆိုပါတယ်။

Photo Credit: Paramount Pictures

ဒါ‌ကြောင့်ပဲ ဒါရိုက်တာဟာ သရုပ်ဆောင်နှစ်ယောက်လုံးအပေါ်မှာ ရိုးသားမှုမရှိခဲ့ကြောင်းနဲ့ ဖော်ချွတ်ခန်းတွေကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်မပါဘဲ ရိုက်ကူးခဲ့တယ်လို့ ဒီအမှုမှာ စွဲဆိုထားပါတယ်။ ဒီအဖြစ်အပျက်ကြောင့်ပဲ သရုပ်ဆောင်နှစ်ယောက်စလုံးဟာ သူတို့ဘဝတလျှောက်လုံး စိတ်ဖိစီးမှုတွေ၊ စိတ်ကျန်းမာရေး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အလုပ်အခွင့်အလမ်းများစွာလည်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုထားကြပါတယ်။

အခုလိုနစ်နာမှုတွေအတွက် သရုပ်ဆောင်နှစ်ယောက်စလုံးဟာ လျော်ကြေးငွေ ဒေါ်လာသန်း(၅၀၀)ကျော် တောင်းခံထားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Paramount စတူဒီယိုကတော့ ပြန်လည် တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။

Glasgow

Source: variety

RELATED ARTICLES

Most Popular