HomeEntertainmentFilm၂၀၂၀ခုနှစ် မေလအတွင်း ထွက်ရှိလာမယ့် ကိုရီးယားဒရာမာစီးရီးအသစ်များ

၂၀၂၀ခုနှစ် မေလအတွင်း ထွက်ရှိလာမယ့် ကိုရီးယားဒရာမာစီးရီးအသစ်များ

ကိုရီးယားဒရာမာစီးရီးတွေ နှစ်သက်သူများအတွက် ၂၀၂၀ခုနှစ် မေလမှာ ထွက်ရှိလာမယ့် စီးရီးအသစ်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထွက်ရှိလာမယ့် နေ့ရက်တွေကိုပါ ဖော်ပြပေးထားမှာမို့ စောင့်မျှော်ပြီး ကြည့်ရှုနိုင်ကြမယ်လို့ ထင်ပါတယ်။

(၁) Soul Mechanic
Photo via mydramalist

သင် ဒေါသထွက်လာတဲ့အခါ ဘယ်လိုထိန်းချုပ်ပါသလဲ။ ပြီးတော့ ပျော်ရွှင်မှုဆိုတာကရော ဘယ်ကနေ စတင်ပေါက်ဖွားလာတယ်ဆိုတာ သင် သိပါသလား။ ဒီဇာတ်လမ်းလေးကတော့ စိတ်ဒဏ်ရာခံစားနေရတဲ့ လူနာတွေကို ကုသပေးမယ့် စိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရနေတဲ့ တက်သစ်စ မင်းသမီးလေးတို့ကြားက ဇာတ်လမ်း ဖြစ်ပါတယ်။

Lee Si Joon ဟာ အနည်းငယ် ထူးဆန်းတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့စိတ်ရောဂါကု ဆရာဝန်အလုပ်ကိုတော့ ချစ်မြတ်နိုး တန်ဖိုးထားသူ ဖြစ်ပါတယ်။ လူနာတွေကို ဂရုစိုက်တတ်ပြီး လိုအပ်လာရင် ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတော့လည်း ကုသတတ်သူပါ။

Han Woo Joo ကတော့ တက်သစ်စ မင်းသမီးလေးတစ်ယောက် ဖြစ်ပါတယ်။ အပြင်ပန်းက ကြည့်လိုက်ရင် အောင်မြင်နေတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ ဒီမိန်းကလေးဟာ ဒေါသကြီးပြီး စိတ်ထိန်းမရတဲ့ စိတ်ပိုင်းစိတ်ရာ ပြဿနာတစ်ခုကို ခံစားနေရသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမရဲ့ အလုပ်မှာလည်း ထိခိုက်စေတာတွေ ဖြစ်လာတဲ့အခါ ဆရာဝန်နဲ့တွေ့ပြီး ကုသမှု ခံယူဖို့ ဖြစ်လာပါတော့တယ်။ ဒီအခါမှာ ဆရာဝန် Lee Si Joon က မင်းသမီးလေးရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်မှာလားဆိုတာ ကြည့်ရှုရမှာပါ။

သရုပ်ဆောင်တွေကတော့ ဆရာဝန် Lee Si Joon နေရာမှာ Shin Ha Kyun နဲ့ မင်းသမီးလေး Han Woo Joo နေရာမှာ Jung So Min တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မေလ(၆)ရက်နေ့ ကိုရီးယားစံတော်ချိန် ည(၇)နာရီ(၃၀)မိနစ်အချိန်မှာ KBS2 ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

(၂) Oh My Baby
Photo via mydramalist

Jang Ha Ri ဟာ အသက်(၃၉)နှစ်အရွယ် အပျိုကြီးတစ်ယောက်ဖြစ်ပြီး အလုပ်ကလွဲလို့ အချစ်ဆိုတာကို စိတ်မဝင်စားသူ ဖြစ်ပါတယ်။ ရည်းစားမထားတာ ဆယ်နှစ်ကျော်နေပြီဖြစ်ပြီး သူ့ရဲ့အချိန်တွေ၊ ခွန်အားတွေအားလုံးကို အလုပ်ထဲမှာသာ နှစ်မြုပ်ထားသူပါ။ အလုပ်အကိုင်အနေနဲ့ ကလေးသူငယ် ပြုစုပျိုးထောင်ရေးအကြောင်း ပုံနှိပ်ဖော်ပြတဲ့ မဂ္ဂဇင်းတစ်ခုမှာ စီနီယာသတင်းထောက်အနေနဲ့ လုပ်ကိုင်နေပါတယ်။ ဒီလိုနဲ့ အချိန်တွေကြာလာတဲ့အခါ ကလေးတွေနဲ့ ပတ်သက်တာတွေကို အမြဲတမ်း ထိတွေ့နေရလို့ သူမကိုယ်တိုင်အတွက် ကလေးတစ်ယောက် လိုချင်တဲ့စိတ် ဖြစ်လာပါတော့တယ်။

ဖြစ်ချင်တော့ Jang Ha Ri ဟာ ကလေးပဲ လိုချင်တာဖြစ်ပြီး အိမ်ထောင်တော့ မပြုချင်တဲ့သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ စဉ်းစားလိုက်တော့ သူမရဲ့ဘေးနားမှာ အလွန်တစ်ရာမှ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားသုံးဦးက ခြံရံနေတာကို သတိရမိသွားပါတယ်။ အလွတ်တန်း ဓာတ်ပုံဆရာတစ်ယောက်ရယ်၊ စမတ်ကျလွန်းတဲ့ ကလေးအထူးကုဆရာဝန်တစ်ယောက်ရယ်နဲ့ ကြင်နာတတ်တဲ့ ရုံးက ဝန်ထမ်းအသစ်ကောင်လေးရယ်တို့ သုံးယောက်ထဲက တစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ အပျိုကြီး ကလေးတစ်ယောက်အမေ ဘဝကို ရရှိဖို့ Jang Ha Ri တစ်ယောက် ဘယ်လိုကြိုးစားမလည်းဆိုတာ စိတ်ဝင်စားစရာပါ။ တစ်ဖက်က အမျိုးသားသုံးယောက်ကရော သူမ စိတ်တိုင်းကျပဲ ကူညီပေးမှာလား၊ ဘာတွေဖြစ်လာမှာလည်းဆိုတာကိုတော့ … ။

သရုပ်ဆောင်တွေအနေနဲ့ Jang Ha Ri နေရာမှာ Jang Na Ra က သရုပ်ဆောင်ထားပြီး အမျိုးသားသုံးယောက်နေရာမှာတော့ Park Byung Eun ၊ Go Joon နဲ့ Jung Gun Joo တို့က အဓိက ပါဝင်ထားကြပါတယ်။ မေလ(၁၃)ရက်နေ့ ကိုရီးယားစံတော်ချိန် ည(၈)နာရီ(၂၀)မိနစ်အချိန်မှာ tvN ရုပ်သံလိုင်းက စတင်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

(၃) Wind and Cloud and Rain
Photo via mydramalist

ဒီဇာတ်လမ်းကတော့ ဂျိုဆွန်းခေတ်နှောင်းပိုင်းမှာ အခြေတည်ထားပါတယ်။ Choi Chun Joong ဟာ ဂျိုဆွန်းတစ်ပြည်လုံးမှာ အတော်ဆုံး အင်္ဂါရုပ်ဝိဇ္ဇာဖြစ်ပြီး အတော်ဆုံးသော ရှေ့ဖြစ်ဟောဆရာလည်း ဖြစ်ပါတယ်။ ဂုဏ်သရေရှိတဲ့ မိသားစုက ဆင်းလာသူဖြစ်ပေမယ့် သူ့မိသားစုကတော့ အသတ်ခံလိုက်ရပါတယ်။ သူဟာ တစစနဲ့ ဂျိုဆွန်းမှာ ပါဝါအရှိဆုံးသူ ဖြစ်လာပါတယ်။ တိုင်းပြည်ရဲ့ ရှေ့လာမယ့်အနာဂတ်ကို တွက်ကြည့်လိုက်တဲ့အခါမှာတော့ ကံဆိုးမိုးမှောင်ကျမှာကို သိလိုက်ရတဲ့အတွက် တိုင်းပြည်ရဲ့ကံတရားကို ပြောင်းလဲဖို့ ကြိုးစားပါတော့တယ်။

Lee Bong Ryeon ကတော့ ဘုရင့်သမီးတော်ဖြစ်ပြီး ချောမောလှပတဲ့ မင်းသမီးလေးတစ်ပါး ဖြစ်ပါတယ်။ သူမဟာ လူတွေရဲ့ ကံကြမ္မာကို မြင်နိုင်တဲ့အစွမ်းကို မွေးရာပါ ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သူမရဲ့အစွမ်းဟာ အသုံးလည်းဝင်သလို တစ်ချိန်တည်းမှာပဲ ကျိန်စာသင့်နေသလိုလည်း ခံစားနေရသူ ဖြစ်ပါတယ်။ Lee Bong Ryeon နဲ့ Choi Chun Joong တို့ ဆုံတွေ့ကြတဲ့အခါမှာတော့ ကံဆိုးမိုးမှောင်ကျတော့မယ့် ဂျိုဆွန်းရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်မှာလားဆိုတာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ရှေ့ဖြစ်ဟောဆရာနေရာမှာ Park Shi Hoo က သရုပ်ဆောင်ထားပြီး မင်းသမီးလေးနေရာမှာတော့ Go Sung Hee က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မေလ(၁၇)ရက်နေ့ ကိုရီးယားစံတော်ချိန် ည(၈)နာရီ မိနစ်(၂၀)အချိန်မှာ TV Chosun ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

(၄) Mystic Pop-Up Bar
Photo via mydramalist

ဒီဇာတ်လမ်းတွဲလေးကတော့ webtoon ပေါ်မှာ အခြေခံထားတဲ့ စီးရီးလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရွေ့လျားစားသောက်ဆိုင်လေးတစ်ခုအကြောင်း ဖြစ်ပါတယ်။ အဲ့ဒီ့စားသောက်ဆိုင်ကိုတော့ ဒေါသကြီးတဲ့ အမျိုးသမီးတစ်ယောက်က ဦးဆောင်လည်ပတ်ပြီး ဖြူစင်ရိုးသားတဲ့ အချိန်ပိုင်းအလုပ်သမားလေးက ကူညီပေးပါတယ်။ ဒါ့အပြင် သေလွန်ပြီးလူတွေအကြောင်း စုံစမ်းတဲ့ စုံထောက်တစ်ယောက်ကလည်း သူတို့အဖွဲ့မှာ ပါဝင်လာပါတယ်။ သူတို့သုံးယောက်အဖွဲ့ဟာ သူတို့ရဲ့စားသောက်ဆိုင်လေးမှာ လာရောက်သုံးဆောင်ကြတဲ့သူတွေရဲ့ အိပ်မက်ထဲကို ဝင်ပြီး အဲ့ဒီ့လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးတာ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ထူးခြားပြီး စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ကတော့ Hwang Jung Eum ၊ Yook Sung Jae နဲ့ Choi Won Young တို့က အဓိက ခေါင်းဆောင် ပါဝင်ထားပါတယ်။ မေလ(၂၀)ရက်နေ့ ကိုရီးယားစံတော်ချိန် ည(၇)နာရီအချိန်မှာ JTBC ရုပ်သံလိုင်းက စတင်ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။

(၅) Team Bulldog: Off-duty Investigation
Photo via mydramalist

ဒီစီးရီးကတော့ မှုခင်းစုံထောက် ဟာသဇာတ်လမ်း ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်သွက်သွက် ကြည့်ချင်သူတွေ ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲလေးလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဖြေမပေါ်တဲ့ အမှုတွေကို အမှုမှန်ပေါ်သည်အထိ လိုက်စုံစမ်းကြမယ့် တသီးပုဂ္ဂလအဖွဲ့တစ်ဖွဲ့အကြောင်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

အမှုမှန် မပေါ်မချင်း လုံးဝအလျော့ မပေးတတ်တဲ့ မှုခင်းစုံထောက်တစ်ယောက်ရယ်၊ ကြည့်ရှုသူ နည်းနည်းပဲရှိတဲ့ မှုခင်းစုံစမ်းရေး ရှိုးကို ရိုက်ကူးနေတဲ့ ပီဒီတစ်ယောက်ရယ်၊ အရင်က ဆောင်းပါးရှင်ဖြစ်ခဲ့ပြီး လက်ရှိမှာ စုံထောက်လုပ်နေတဲ့ လူတစ်ယောက်ရယ်၊ အတိတ်က သောင်းကျန်းခဲ့တာတွေကို ပြည်ဖုံးကားချထားတဲ့ ဘားတစ်ခုရဲ့ ပိုင်ရှင်ရယ်၊ မှုခင်းဆေးဆရာဝန်ဟောင်းတစ်ယောက်ရယ်တို့ စုပေါင်းပြီး အမှုမှန်မပေါ်တဲ့၊ ဖြေရှင်းမရတဲ့ အမှုတွေကို ဘယ်လိုစုံစမ်းဖော်ထုတ်ကြမလည်းဆိုတာ ကြည့်ရှုရမှာပါ။

Lee Sun Bin ၊ Cha Tae Hyun ၊ Jung Sang Hoon ၊ Yoo Gyung Ho နဲ့ Ji Seung Hyun တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ မေလ(၂၃)ရက်နေ့ ကိုရီးယားစံတော်ချိန် ည(၈)နာရီ(၂၀)မိနစ်အချိန်မှာ OCN ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။

(၆) Dinner Mate
Photo via mydramalist

ဒီဒရာမာကတော့ အချစ်ရေးမှာ ကံမကောင်းကြတဲ့သူနှစ်ဦး ထူးထူးဆန်းဆန်း ဆုံဆည်းတဲ့အကြောင်းလေးကို ရိုက်ကူးထားတာပါ။ မိန်းကလေးတစ်ယောက်ဟာ သူမ အချိန်အကြာကြီး တွဲခဲ့တဲ့ ရည်းစားနဲ့ ပြတ်သွားပြီး လက်ရှိအချိန်အထိလည်း မေ့မရနိုင်သေးဘဲ ချစ်နေသေးတာကြောင့် အသည်းကွဲနေရှာပါတယ်။ တစ်ဖက်က အမျိုးသားတစ်ဦးကတော့ ရည်းစားတွေ အများကြီး တောက်လျှောက်ထားလာပေမယ့် အချစ်ရေးဆိုတာကြီးကို ငြီးငွေ့တဲ့အထိ ဖြစ်နေသူပါ။

သူတို့နှစ်ယောက်စလုံးမှာ တူညီတာတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ဆိုင်ကြီးဆိုင်ကောင်းတွေမှာ တစ်ယောက်တည်း ထိုင်စားမနေချင်တာကြောင့် လမ်းဘေးက သာမန်ဆိုင်လေးတွေမှာသာ စားတတ်တဲ့ အကျင့်ပါ။ ဒီလိုနဲ့ တစ်နေ့ ဆိုင်လေးတစ်ဆိုင်မှာ စားဖို့ တန်းစီစောင့်ဆိုင်းနေရင်း ဆိုင်ရှင်က သူတို့နှစ်ယောက်ကို အတွဲလို့ အထင်မှားကာ တစ်စားပွဲတည်း နေရာချထားပေးရာက ညစာအတူတူစားကြဖို့ ဖြစ်သွားပါတော့တယ်။

နှစ်ယောက်သား ထိုင်မိမှတော့ မထူးဘူးဆိုပြီး ညစာအတူတူ စားကြရင်း တစ်ယောက်နဲ့တစ်ယောက် ခင်သွားကြပါတယ်။ ဒီလိုနဲ့ တစ်ပတ် တစ်ခါ ညစာ အတူတူစားကြဖို့ ချိန်းဖြစ်သွားကြပါတယ်။ ညစာစားရင်းနဲ့မှ တစ်ယောက်ရဲ့ဘဝအကြောင်းတွေကို နည်းနည်းချင်း ပြောပြဖြစ်ကြရင်း တဖြည်းဖြည်း နီးစပ်လာကြတဲ့အခါ… ။

ဒီဒရာမာလေးထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်တွေများစွာ ပါဝင်ထားပါတယ်။ Song Seung Heon ၊ Seo Ji Hye ၊ Lee Ji Hoon နဲ့ Apink အဖွဲ့က Na Eun တို့က အဓိက ပါဝင်ထားပါတယ်။ မေလ(၂၅)ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ(၆)နာရီ(၂၅)မိနစ်အချိန်မှာ MBC ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

(၇) Late Night Snack Man and Woman
Photo via mydramalist

ဒီဇာတ်လမ်းတွဲလေးကတော့ လက်ဖျားမှာ ငွေသီးဖို့အတွက် မုသားတစ်ခုနဲ့ အစပြုခဲ့ရတဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ Park Ji Sung ဟာ စားဖိုမှူးတစ်ယောက်ဖြစ်ပြီး ညလယ်စာအတွက် ရောင်းချတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။ သူဟာ ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှုရှိသလို ဘယ်သူ့ကိုမှ မသိစေချင်တဲ့ လျှို့ဝှက်ချက်တစ်ခုလည်း သူ့မှာ ရှိနေပါတယ်။ ဒါကြောင့်ပဲ သူချစ်နေတဲ့ အမျိုးသမီးကိုလည်း ငြင်းပယ်နေခဲ့ပြီး သူ့ကိုချစ်နေတဲ့ အမျိုးသားတစ်ဦးကိုလည်း နာကျင်စေနေသူ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေကတော့ Jung Il Woo ၊ Kang Ji Young နဲ့ Lee Hak Joo တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မေလ(၂၅)ရက်နေ့ ကိုရီးယားစံတော်ချိန် ည(၇)နာရီအချိန်မှာ JTBC ရုပ်သံလိုင်းက စတင်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

(၈) Old School Intern
Photo via mydramalist

ကျောင်းပြီးသွားတဲ့ Ga Yeol Chan ဟာ ကုမ္ပဏီတစ်ခုမှာ ပထမဆုံး အလုပ်ဝင်လုပ်ပါတယ်။ သူသွားလုပ်တဲ့ ကုမ္ပဏီမှာရှိတဲ့ သူ့ရဲ့အထက်လူကြီးဟာ စာအုပ်ကြီးသမားဖြစ်ပြီး သူ့ခေတ်က နည်းလမ်းတွေအတိုင်း အတင်းအကြပ် စေခိုင်းလို့ နောက်ဆုံးမှာ Ga Yeol Chan တစ်ယောက် အလုပ်ထွက်လိုက်ရတဲ့အထိပါပဲ။

ဒီလိုနဲ့ ရာမန်ခေါက်ဆွဲခြောက် ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုမှာ ထပ်ပြီးအလုပ်သွားလျှောက်ခဲ့ပါတယ်။ ကြိုးကြိုးစားစား အလုပ်လုပ်ပြီး မားကတ်တင်းမှာလည်း ထူးချွန်သူဖြစ်တာကြောင့် လျင်လျင်မြန်မြန်ပဲ ရာထူးတွေ တစ်ဆင့်ချင်းစီ တက်သွားပါတယ်။ နောက်ဆုံးမှာတော့ ကုမ္ပဏီရဲ့ ပါဝါအရှိဆုံးနေရာတစ်ခုဖြစ်တဲ့ အရောင်းနဲ့မားကတ်တင်းဌာနမှာ အကြီးဆုံးရာထူးကို ရရှိသွားပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အသက်ကြီးနေတဲ့ အလုပ်သင်တစ်ဦး သူတို့ကုမ္ပဏီကို ရောက်လာပါတယ်။ အဲ့ဒီ့လူဟာ တစ်ခြားလူ မဟုတ်ဘဲ အရင်အလုပ်ဟောင်းမှာ Ga Yeol Chan ကို ပညာပြခဲ့တဲ့ အဘိုးကြီး ဖြစ်နေပါတော့တယ်။

ဒီဇာတ်လမ်းဟာ MBC ရုပ်သံလိုင်းက ပြုလုပ်တဲ့ ၂၀၁၈ခုနှစ် ဒရာမာဇာတ်လမ်းပြိုင်ပွဲမှာ ဆုရထားတဲ့ ဇာတ်ညွှန်းအပေါ် အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Park Hae Jin ၊ Han Ji Eun ၊ Kim Eung Soo နဲ့ Park Ki Woong တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မေလ(၂၀)ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ(၆)နာရီ(၂၅)မိနစ်အချိန်မှာ MBC ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။

ဒါကတော့ ယခုနှစ် မေလအတွင်း ထွက်ရှိလာမယ့် ကိုရီးယားစီးရီးအသစ်တွေပဲ ဖြစ်ပါတယ်။ ဖတ်ရှုပြီးရင် မိတ်ဆွေတွေလည်း သိရအောင် ရှဲပေးသွားပါဦး။

LaNina

 

RELATED ARTICLES

Most Popular