HomeEntertainmentFilmဩဂုတ်လအတွင်း ထွက်ရှိလာမယ့် ရုပ်ရှင်ကားသစ်(၇)ကား

ဩဂုတ်လအတွင်း ထွက်ရှိလာမယ့် ရုပ်ရှင်ကားသစ်(၇)ကား

၂၀၂၂ ခုနှစ်ရဲ့ ဩဂုတ်လအတွင်းမှာ ထွက်ရှိလာမယ့် ရုပ်ရှင်တွေကတော့ သိပ်အများကြီး မရှိပါဘူး။ ဒါပေမယ့်လည်း ဒီလအတွင်းမှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ရုပ်ရှင်ကားအချို့လည်း ထွက်ရှိလာဖို့ ရှိပါတယ်။ အဲဒီရုပ်ရှင်တွေထဲမှာတော့ မင်းသားကြီး Brad Pitt ရဲ့ Bullet Train တို့လို ရုပ်ရှင်တွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဩဂုတ်လအတွင်းမှာ ထွက်ရှိလာမယ့် ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Bullet Train – (ဩဂုတ် ၅ရက်)

photo via screenrant

ဒီရုပ်ရှင်ကတော့ Marie Beetle ဆိုတဲ့ ဂျပန်ဝတ္ထုတစ်ခုကို အခြေခံ ဖန်တီးထားတာဖြစ်ပြီး ဒါရိုက်တာ David Leith က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကတော့ Ladybug ဆိုတဲ့ ကျွမ်းကျင်တဲ့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဟာ Kyoto မြို့ကို သွားနေတဲ့ ကျည်ဆန်ရထားပေါ်က လက်ဆွဲအိတ်တစ်ခုကို ရယူဖို့ အခိုင်းခံထားရပါတယ်။

အဲဒီရထားပေါ်မှာတော့ Ladybug ဟာ တခြားလုပ်ကြံသတ်ဖြတ်သူတွေနဲ့ပါ ရင်ဆိုင်လိုက်ရပြီး သူတို့ရဲ့ တာဝန်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဆက်စပ်နေမှန်း သိလိုက်ရပါတယ်။ သရုပ်ဆောင်တွေကတော့ Brad Pitt ၊ Sandra Bullock ၊ Brian Tyree Henry ၊ Aaron Taylor-Johnson ၊ Andrew Koji ၊ Hiroyuki Sanada ၊ Michael Shannon ၊ Bad Bunny ၊ Zazie Beets ၊ Logan Lerman နဲ့ Joey King တို့ ပါဝင်ထားပါတယ်။

(2) Bodies Bodies Bodies – (ဩဂုတ် ၅ရက်)

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Halina Reijn ရဲ့လက်ရာ လူသတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သူငယ်ချင်း (၇)ယောက်ဟာ လူသူမနီးတဲ့ နေရာမှာရှိတဲ့ စံအိမ်ကြီးတစ်ခုမှာ ပါတီလုပ်ရာက စတင်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့တွေဟာ “Bodies Bodies Bodies” ဆိုတဲ့ ဂိမ်းတစ်ခုကို ကစားကြပြီး မကြာခင်မှာတော့ တကယ့်လူသတ်မှု ဖြစ်ပေါ်လာတာကြောင့် သူတို့တွေဟာ လူသတ်သမား ဘယ်သူဖြစ်မလည်းဆိုတာ ရှာဖွေရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Amandla Stenberg ၊ Pete Davidson ၊ Maria Bakalova ၊ Rachel Sennott ၊ Chase Sui Wonders ၊ Myha’la Herrold ၊ Lee Pace နဲ့ Conner O’Malley တို့ ပါဝင်ထားပါတယ်။

(3) Emily the Criminal – (ဩဂုတ် ၁၂ရက်)

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ John Patton Ford ရိုက်ကူးထားတဲ့ မှုခင်းဒရာမာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကောင်မလေးတစ်ယောက်ဟာ အကြွေးတွေ နစ်နေပြီး အသေးစား ပြစ်မှုမှတ်တမ်းလည်း ရှိနေတာကြောင့် အလုပ်လည်း လုပ်လို့မရဘူး ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ သူမဟာ ပိုက်ဆံလိုနေတာကြောင့် “Dummy Shopper” ဆိုတဲ့ အလုပ်တစ်ခုကို လုပ်ဖို့ သဘောတူလိုက်ပါတယ်။

အဲဒီအလုပ်ကတော့ ခိုးထားတဲ့ Credit ကတ်တွေနဲ့ ဈေးဝယ်ရတာပဲ ဖြစ်ပြီး အဲဒီ Credit ကတ်တွေကို Youcef ဆိုတဲ့ အပြောကောင်းသူ တစ်ယောက်ဆီက ရရှိတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ Youcef နဲ့လည်း တဖြည်းဖြည်း နီးစပ်လာပြီး သူတို့နှစ်ယောက်ရဲ့ စီးပွားရေးကို ပိုမိုအဆင့်မြှင့်ဖို့အတွက် ကြံစည်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Aubrey Plaza နဲ့ Theo Rossi တို့ ပါဝင်ထားပါတယ်။

(4) Beast – (ဩဂုတ် ၁၉ရက်)

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Baltasar Kormakur ရဲ့ Survival Thriller ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မကြာသေးခင်ကမှ အမျိူးသမီးနဲ့ ကွာရှင်းထားတဲ့ Nate Samuels ဟာ သူ့ရဲ့အမျိူးသမီးကို ပထမဆုံး တွေ့ခဲ့တဲ့နေရာ ဖြစ်တဲ့ တောင်အာဖရိကဆီကို သူ့ရဲ့သမီးနှစ်ယောက်နဲ့အတူ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့သားအဖတွေဟာ လူသားစားတဲ့ ခြင်္သေ့တစ်ကောင်နဲ့ တွေ့ဆုံမိတဲ့အခါမှာတော့ ဒီခရီးဟာ ပျော်စရာမကောင်းတော့ပါဘူး။ သရုပ်ဆောင်တွေကတော့ Idris Elba ၊ Iyana Halley ၊ Leah Sava ၊ Sharlto Copley နဲ့ Riley Keough တို့ ပါဝင်ထားပါတယ်။

(5) Orphan: First Kill – (ဩဂုတ် ၁၉ရက်)

photo via screenrant

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ William Brent Bell က ရိုက်ကူးထားပြီး ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Orphan ရဲ့ Prequel ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Esther ရဲ့ နောက်ကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူမဟာ Estonian စိတ်ရောဂါကုဆေးရုံကနေ လွတ်မြောက်ပြီးနောက်မှာ အမေရိကန်ကို ရောက်လာခဲ့ပြီး ချမ်းသာတဲ့ မိသားစုတစ်ခုရဲ့ ပျောက်ဆုံးနေတဲ့ သမီးပုံစံအဖြစ် ဟန်ဆောင်ခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Isabelle Fuhrman ၊ Julia Stiles ၊ Rossif Sutherland နဲ့ Hiro Kanagawa တို့ ပါဝင်ထားပါတယ်။

(6) The Invitation – (ဩဂုတ် ၂၆ရက်)

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Jessica M. Thompson ရိုက်ကူးထားတဲ့ Horror ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Evie ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ DNA စစ်ဆေးမှုကတဆင့် သူမမှာ ဝမ်းကွဲတစ်ယောက် ရှိနေတာကို သိလိုက်ရပါတယ်။ အဲဒီဝမ်းကွဲကလည်း Evie နဲ့ တွေ့ဆုံဖို့ သဘောတူထားပြီး သူ့ရဲ့တခြားမိသားစုဝင်တွေကို တွေ့ရဖို့ မင်္ဂလာဆောင်ကို ဖိတ်လိုက်ပါတယ်။ အဲဒီမင်္ဂလာဆောင်ကို ရောက်သွားတဲ့ အချိန်မှာတော့ သူမဟာ အမှားကြီးတစ်ခုကို ကျူးလွန်လိုက်မိမှန်း သိသွားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Nathalie Emmanuel ၊ Hugh Skinner ၊ Thomas Doherty ၊ Alana Boden နဲ့ Stephanie Corneliussen တို့ ပါဝင်ထားပါတယ်။

(7) Three Thousand Years of Longing – (ဩဂုတ် ၃၁ရက်)

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ George Miller ရိုက်ကူးထားတဲ့ Dark Fantasy အမျိူးအစားပဲ ဖြစ်ပြီး “The Djinn in the Nightingale’s Eye” ဆိုတဲ့ ဇာတ်လမ်းအတိုကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Alithea Binnie ဆိုတဲ့ အမျိူးသမီးတစ်ယောက်ဟာ ရှေးဟောင်းပစ္စည်းတစ်ခုကို ရယူဖို့အတွက် အီစတန်ဘူလ်မြို့ကို ခရီးထွက်လာခဲ့ပါတယ်။

အဲဒီရှေးဟောင်းပစ္စည်းထဲမှာတော့ Djinn လည်း ပါဝင်နေပြီး သူဟာ လွတ်လပ်မှုကို ရရှိဖို့အတွက် Alithea ကို ဆုတောင်းသုံးခု ပေးခဲ့ပါတယ်။ သို့သော်လည်း Alithea နဲ့ Djinn တို့ရဲ့ ဟိုတယ်ခန်းထဲက စကားတွေဟာ သူတို့နှစ်ယောက်လုံး မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Tilda Swinton နဲ့ Idris Elba တို့ ပါဝင်ထားပါတယ်။

ဒါကတော့ ယခု ဩဂုတ်လအတွင်း အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ကားသစ်တွေပဲ ဖြစ်ပါတယ်။ ယခုလို ရုပ်ရှင်ဆိုင်ရာ အကြောင်းအရာတွေနဲ့ အခြားသော စိတ်ဝင်စားစရာတွေကို ဖတ်ရှုချင်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular