HomeEntertainmentFilm၂၀၂၂ ပထမနှစ်ဝက်အတွင်းက Oscar စံကာတင်ဝင်နိုင်တဲ့ ရုပ်ရှင်(၁၀)ကား

၂၀၂၂ ပထမနှစ်ဝက်အတွင်းက Oscar စံကာတင်ဝင်နိုင်တဲ့ ရုပ်ရှင်(၁၀)ကား

၂၀၂၂ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာတော့ ရုပ်ရှင်ဇာတ်ကားများစွာ ထွက်ရှိထားပြီး အဲဒီထဲက တချို့ကတော့ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ပါဝင်နေပါတယ်။ တချို့ဇာတ်ကားတွေကတော့ နည်းပညာပိုင်းမှာ သေသပ်လှပစွာ အားထုတ်ထားတာ တွေ့ရပြီး တချို့ဇာတ်ကားတွေကတော့ ပရိသတ်တွေရဲ့ ကြောက်ခမန်းလိလိ အားပေးမှုကို ရရှိထားပါတယ်။ ဒါကြောင့်ပဲ လာမယ့် ၂၀၂၃ ခုနှစ် အော်စကာဆုပေးပွဲမှာ စံကာတင်ဝင်နိုင်ချေရှိတဲ့ ရုပ်ရှင်(၁၀)ကားကို ဖော်ပြပေးလိုက်ပါတယ်။

(1) RRR (International Feature)

Photo Credit: Pen India Limited/ Lyca Productions

Oscars ဟာ International Feature ဆုနဲ့ ပတ်သက်လာရင် အလေးအနက်ထား ရွေးချယ်လေ့ရှိသလိုပဲ အိန္ဒိယရုပ်ရှင်ကားတွေဟာလည်း ဒီ category မှာ စံကာတင်ဝင်ခဲ့တာ သုံးကြိမ်ရှိနေပါပြီ။ RRR ကတော့ အက်ရှင်နဲ့ ဒရာမာ အချိုးညီမျှသလို နောက်ခံဂီတလည်း ကောင်းမွန်ပြီး ရယ်မောရမယ့် ဇာတ်ဝင်ခန်းအချို့လည်း ပါဝင်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာ ဖြစ်ပြီး ဘတ်ဂျက်အများဆုံး သုံးစွဲထားတဲ့ အိန္ဒိယရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဝေဖန်ရေးတွေရဲ့ နှစ်သက်မှုကိုလည်း ရရှိထားပြီး IMDb rating မှာတော့ 8 ရရှိထားပါတယ်။

(2) The Northman (Cinematography)

Photo Credit: Focus Features/ Universal Pictures

Viking ဇာတ်လမ်းဖြစ်တဲ့ The Northman ကတော့ ထူးခြားတဲ့ တင်ဆက်ပုံရှိပြီး အထူးသဖြင့် သူ့ရဲ့ camera work တွေနဲ့ နည်းပညာပိုင်းဆိုင်ရာမှာတော့ ချီးကျူးစရာကောင်းတယ်လို့ ဝေဖန်ရေးအချို့က ဆိုထားပါတယ်။ Alexander Skarsgard ၊ Nicole Kidman နဲ့ Anya Taylor-Joy တို့ အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားကတော့ Cinematography မှာ စံကာတင်ဝင်နိုင်ချေ ရှိတယ်လို့ ခန့်မှန်းရပါတယ်။ rating အနေနဲ့ကတော့ IMDb 7.2 ရရှိထားပါတယ်။

(3) Doctor Strange in the Multiverse of Madness (Visual Effects)

Photo Credit: Marvel Studios/ Disney Studios

Visual Effects category မှာတော့ Marvel ရုပ်ရှင်တွေကို ဖယ်ထားဖို့ မသင့်တော်ပါဘူး။ Multiverse of Madness ဟာ ထွက်ရှိပြီးသမျှ MCU ရုပ်ရှင်တွေထဲမှာ တီထွင်မှုအမြင့်ဆုံး CGI နည်းပညာတွေလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။ သို့သော်လည်း ပရိသတ်အချို့ကတော့ Stephen Strange ရဲ့ တတိယမျက်လုံးနဲ့ ပတ်သက်ပြီး သိပ်မသေသပ်ဘူးလို့ ဝေဖန်ထားကြတာတော့ ရှိပေမယ့် တစ်ကားလုံး ခြုံကြည့်လိုက်ရင်တော့ Visual Effects category မှာ စံကာတင် ပါဝင်သင့်တဲ့ ရုပ်ရှင်တစ်ကားလို့ ပြောရမှာပါ။ Multiverse of Madness ကတော့ IMDb rating 7 ရရှိထားပါတယ်။

(4) Navalny (Documentary)

Photo Credit: Warner Bros. Studios

Navalny ကတော့ ထူးခြားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ခု ဖြစ်ပြီး တကယ့် thriller ရုပ်ရှင်တစ်ကားလိုပဲ ခံစားချက် ပေးစွမ်းပါတယ်။ အကြောင်းအရာကတော့ ရုရှား အတိုက်အခံခေါင်းဆောင် Alexey Navalny ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့အကြောင်းကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Navalny ဟာ Documentary category မှာတော့ စံကာတင်ပါနိုင်ချေ ရှိပြီး IMDb မှာတော့ 7.4 ရရှိထားပါတယ်။

(5) Lightyear (Animated Feature)

Photo Credit: Disney Studios

Lightyear ဟာ box-office မှာတော့ မျှော်မှန်းထားသလောက် မအောင်မြင်ခဲ့ပေမယ့် Animated Feature category မှာတော့ Disney က အော်စကာ စံကာတင်မှန်းနိုင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ရုပ်ရှင်ဝေဖန်ရေးတွေကတော့ Turning Red ကို ပိုပြီးစိတ်အားထက်သန်နေကြပေမယ့် ရုံတင်ပြသခဲ့ပြီး Toy Story နဲ့လည်း ဆက်စပ်မှု ရှိနေတဲ့ Lightyear ဟာ အော်စကာမှာ ပိုပြီးအခွင့်အရေး ရှိနိုင်မယ်လို့ ယူဆရပါတယ်။ IMDb rating ကတော့ 5.5 ရရှိထားပါတယ်။

(6) Cha Cha Real Smooth (Original Screenplay)

Photo Credit: Apple TV+

ဒီဇာတ်ကားကတော့ မနှစ်က အော်စကာမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ CODA ရုပ်ရှင်လိုပဲ ဖြစ်လာမယ်လို့ ဆိုနေကြပါတယ်။ Sundance ရုပ်ရှင်ပွဲတော်မှာ အထူးပွဲပြသခဲ့တဲ့ ဒီရုပ်ရှင်ဟာ မိသားစုကြားထဲက အကြောင်းအရာတွေကို စိတ်နှလုံးနွေးထွေးဖွယ်ရာ တင်ဆက်ထားတာ ဖြစ်ပါတယ်။ မင်းသမီး Dakota Johnson အဓိက ပါဝင်ထားတဲ့ ဒီဇာတ်ကားကတော့ IMDb rating 7.4 ရရှိထားပါတယ်။

(7) The Batman (Original Score)

Photo Credit: Warner Bros. Studios/ DC Studios

စူပါဟီးရိုး ရုပ်ရှင်အများစုဟာ အော်စကာဆုပေးပွဲမှာတော့ သိပ်မျှော်လင့်လို့ မရခဲ့ပေမယ့် The Batman ကတော့ မတူကွဲပြားစွာနဲ့ပဲ artistic ဆန်ဆန် တင်ဆက်ထားတာ တွေ့ရပါတယ်။ ဒီဇာတ်ကားမှာ သုံးစွဲထားတဲ့ နည်းပညာပိုင်းဆိုင်ရာတွေကိုလည်း ဝေဖန်ရေးအားလုံးက တညီတညွတ်တည်း ချီးမွမ်းထားကြပါတယ်။ အခြားသော category တွေမှာလည်း စံကာတင် ပါနိုင်ချေ ရှိနေတဲ့ ဒီဇာတ်ကားဟာ အဖြစ်နိုင်ဆုံး အနေနဲ့ကတော့ Michael Giacchino တာဝန်ယူထားတဲ့ နောက်ခံတေးဂီတမှာ စံကာတင်ဝင်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ IMDb rating မှာတော့ 7.9 ရရှိထားပါတယ်။

(8) Elvis (Actor)

Photo Credit: Warner Bros. Studios

Elvis ကတော့ အော်စကာဆုကို မှန်းပြီး ဖန်တီးထားတဲ့ ရုပ်ရှင်ကားတစ်ကားလို့ ပြောလို့ရပါတယ်။ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားပြီး သမိုင်းတွင်တဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်ထားသလို အနုပညာမြောက်တဲ့ တေးဂီတတွေလည်း ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်းအရာကတော့ နာမည်ကျော် ရော့ခ်အင်ရိုးလ်ဖခင်ကြီး Elvis Presley နဲ့ သူ့ရဲ့မန်နေဂျာ Colonel Tom Parker တို့ကြားက ဆက်ဆံရေးအကြောင်းကို ပြသထားတာ ဖြစ်ပါတယ်။ မင်းသားကြီး Tom Hanks ပါဝင်ထားသလို Austin Butler ရဲ့ သရုပ်ဆောင်မှုကိုလည်း ဝေဖန်ရေးက ချီးမွမ်းထားတာကြောင့် Actor ဆုမှာတော့ စံကာတင်ဝင်နိုင်ချေ များပါတယ်။ Elvis ရုပ်ရှင်ဟာ IMDb မှာတော့ 7.8 ရရှိထားပါတယ်။

(9) Top Gun: Maverick (Sound)

Photo Credit: Paramount Pictures

၂၀၂၂ ရဲ့ ပထမနှစ်ဝက်အတွင်း အထင်ရှားဆုံး၊ ဝင်ငွေအရ အအောင်မြင်ဆုံးနဲ့ ပရိသတ်တွေကြားမှာ အားပေးမှုအမြင့်ဆုံးကတော့ Top Gun: Maverick ဖြစ်နေပါတယ်။ ဝင်ငွေမှာ ဒေါ်လာ(၁)ဘီလျံ ကျော်သွားတဲ့ ဒီရုပ်ရှင်ဟာ မင်းသားကြီး Tom Cruise ရဲ့ ဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ်လည်း စံချိန်တင်သွားပါတယ်။

ဒါ့အပြင် ဒီဇာတ်ကားအကြောင်း ပြောမယ်ဆိုရင် နည်းပညာပိုင်းဆိုင်ရာ အားထုတ်မှုတွေကိုလည်း မေ့ထားလို့ မရပါဘူး။ ရုံမှာကြည့်တဲ့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ အတွေ့အကြုံ ရရှိစေဖို့ IMAX စနစ်နဲ့ ပြသခဲ့တဲ့ Top Gun: Maverick ဟာ Sound category မှာ စံကာတင်ဝင်နိုင်ချေ မြင့်မားနေပါတယ်။ IMDb မှာဆိုရင်လည်း 8.6 တောင် ရရှိထားပါတယ်။

(10) Everything Everywhere All At Once (Best Picture)

Photo Credit: A24

Best Picture ဆုအတွက် စံကာတင်စာရင်းမှာတော့ Everything Everywhere All At Once ရုပ်ရှင်ဟာ ပါဝင်နိုင်ချေ ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဒါဟာ ပရိသတ်တွေကြားမှာတော့ အငြင်းပွားစရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရုပ်ရှင်ဝေဖန်ရေးတွေကတော့ ဒီဇာတ်ကားကို Best Picture မှာ စံကာတင်ဝင်မယ်လို့ တစ်ပေးထားတာတွေ ရှိနေကြပါတယ်။

ဒီဇာတ်ကားဟာ multiverse တွေကြားထဲမှာ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားကြတဲ့ ရွှေ့ပြောင်းတရုတ်မိသားစုအကြောင်းကို မြင်တွေ့ရမှာ ဖြစ်သလို မိမိကိုယ်ကို ရှာဖွေခြင်း၊ မိဘနဲ့ သားသမီးကြားက ပဋိပက္ခတွေနဲ့ အမြင်မတူညီမှုတွေကို ညှိနှိုင်းဖြေရှင်းခြင်းနဲ့ ဘဝရဲ့အဓိပ္ပာယ်ကို ရှာဖွေခြင်းစတဲ့ အစိတ်အပိုင်းများစွာကို ခံစားရမှာ ဖြစ်ပါတယ်။ IMDb rating မှာတော့ 8.2 ရရှိထားပါတယ်။

ဒါကတော့ ၂၀၂၂ ရဲ့ ပထမနှစ်ဝက်အတွင်း ထွက်ရှိထားတဲ့ ဇာတ်ကားပေါင်းများစွာထဲက အော်စကာ စံကာတင်ဝင်နိုင်ချေရှိတဲ့ ဇာတ်ကားတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်ကားတွေကတော့ ကျန်တဲ့ ဒုတိယနှစ်ဝက်အတွင်းမှာလည်း ဆက်လက် ထွက်ရှိနေဆဲ ဖြစ်တဲ့အတွက် ဒီခန့်မှန်းချက်တွေဟာ အတိအကျ မှန်ကန်မယ်လို့တော့ ဘယ်သူကမှ အာမခံနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စာဖတ်သူတို့ အော်စကာမှာ စံကာတင် ပါစေချင်တဲ့ ဇာတ်ကားတွေရှိရင်လည်း ကောမန့်မှာ ပြောပြခဲ့ပါဦး။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular