HomeEntertainmentFilm၂၀၂၂ ခုနှစ် အော်စကာဆုပေးပွဲမှာမှ ပထမဆုံး စံကာတင်စာရင်းဝင်လာကြတဲ့ အနုပညာရှင်များ 

၂၀၂၂ ခုနှစ် အော်စကာဆုပေးပွဲမှာမှ ပထမဆုံး စံကာတင်စာရင်းဝင်လာကြတဲ့ အနုပညာရှင်များ 

(၉၄)ကြိမ်‌မြောက် အော်စကာဆုပေးပွဲကြီးအတွက် စံကာတင်စာရင်းဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ စာရင်းကိုတော့ မကြာသေးခင်ကပဲ တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ အော်စကာ စံကာတင်စာရင်းထဲမှာတော့ ဝါရင့်သရုပ်ဆောင်များသာမက မျက်နှာသစ်သရုပ်ဆောင်များလည်း ပါဝင်ထားပါတယ်။ ယခုဖော်ပြပေးချင်တာကတော့ ယခုနှစ်မှာမှ ပထမဆုံး အော်စကာ စံကာတင်စာရင်းဝင်သွားကြတဲ့ အနုပညာရှင်(၁၂)ယောက်အကြောင်းပဲ ဖြစ်ပါတယ်။

(1) Kristen Stewart
Photo via IMDb

Twilight ဇာတ်ကားနဲ့ လူသိများတဲ့ မင်းသမီး Kristen Stewart ကတော့ ယခုနှစ်မှာမှ Spencer ရုပ်ရှင်နဲ့ အော်စကာ စံကာတင်စာရင်းကို ပထမဆုံး ဝင်ရောက်လာသူ ဖြစ်ပါတယ်။ Spencer ရုပ်ရှင်ကတော့ အင်္ဂလန်ပြည်ရဲ့ တော်ဝင်မင်းသမီး Diana ရဲ့ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကား ဖြစ်ပြီး သူမကတော့ မင်းသမီး Diana အဖြစ် သရုပ်ဆောင်ထားပါတယ်။

အော်စကာ မတိုင်ခင်တုန်းကတော့ သူမဟာ Best Actress category နဲ့ Critics Choice Awards မှာ စံကာတင်ဝင်ဖူးသလို Motion Picture Drama ဆုခေါင်းစဉ်အောက်က Best Actress category နဲ့လည်း Golden Globes မှာ စံကာတင်ဝင်ဖူးပါသေးတယ်။

(2) Kirsten Dunst
Photo via IMDb

မင်းသမီး Kirsten Dunst ကတော့ ယခုနှစ်အတွက် ရုပ်ရှင်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ The Power of the Dog ရုပ်ရှင်ထဲက Rose Gordon ဇာတ်ရုပ်နဲ့ Best Supporting Actress ဆုမှာ စံကာတင်ဝင်ထားပါတယ်။ The Power of the Dog ဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်ရဲ့ အော်စကာ စံကာတင်စာရင်းမှာ Best Picture အပါအဝင် စံကာတင်(၁၂)ခုနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

(3) Ariana DeBose
Photo via IMDb

Ariana DeBose ကတော့ ဒါရိုက်တာ Steven Spielberg ရိုက်ကူးထားတဲ့ West Side Story ထဲက Anita ဇာတ်ရုပ်နဲ့ Best Supporting Actress အဖြစ် စံကာတင်စာရင်းဝင်ထားပါတယ်။ အကယ်၍ သူမသာ ဒီဇာတ်ရုပ်နဲ့ အော်စကာဆုကို ဆွတ်ခူးသွားမယ်ဆိုရင်တော့ သမိုင်းတင်မယ့် အဖြစ်အပျက်တစ်ခု ဖြစ်လာမှာပါ။

အကြောင်းကတော့ ၁၉၆၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မူရင်းဇာတ်ကား West Side Story ရုပ်ရှင်မှာလည်း Anita အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Rita Moreno ဟာ အော်စကာဆု ဆွတ်ခူးခဲ့တာကြောင့်ပါပဲ။ ဒါကြောင့် Ariana DeBose ကသာ ဒီဇာတ်ရုပ်နဲ့ပဲ အော်စကာရရှိဦးမယ်ဆိုရင်တော့ သူမတို့နှစ်ယောက်ဟာ တူညီတဲ့ ဇာတ်ကောင်တစ်ခုတည်းမှာ သရုပ်ဆောင်ပြီး အော်စကာရရှိခဲ့ကြတဲ့ တတိယမြောက် သရုပ်ဆောင်အတွဲ ဖြစ်လာကြမှာ ဖြစ်ပါတယ်။

(4) Beyoncé
Photo: beyonce/ Instagram

နာမည်ကျော်အဆိုတော် Beyoncé ကတော့ King Richard ရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်း Be Alive နဲ့ Best Original Song category မှာ စံကာတင်ဝင်ထားတာ ဖြစ်ပါတယ်။ King Richard ရုပ်ရှင်ကတော့ Serena နဲ့ Venus Williams တို့ရဲ့ ဖခင်ဖြစ်သူအကြောင်းကို အတ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Will Smith က သရုပ်ဆောင်ထားပါတယ်။

Beyoncé ဟာ ဂရမ်မီမှာတော့ ဆုအများဆုံး ရရှိထားတဲ့ အမျိုးသမီး artist အဖြစ် စံချိန်တင်ထားသူ ဖြစ်ပါတယ်။ သူမဟာ ဂရမ်မီ(၂၈)ဆုကို ရရှိထားတာ ဖြစ်ပြီး နာမည်ကျော်ကြား အောင်မြင်တဲ့ အဆိုရှင်တစ်ယောက် ဖြစ်ပေမယ့် အော်စကာမှာတော့ ယခုမှ ပထမဆုံး စံကာတင်စာရင်းဝင်လာတာ ဖြစ်ပါတယ်။

(5) Billie Eilish
Photo: billieeilish/ Instagram

Billie Eilish ကလည်း Best Original Song category မှာ အစ်ကိုဖြစ်သူ Finneas O’ Connell နဲ့အတူ ပထမဆုံး စံကာတင်ဝင်ထားပါတယ်။ စံကာတင်ဝင်ထားတဲ့ ဇာတ်ဝင်သီချင်းကတော့ No Time To Die ဖြစ်ပြီး Daniel Craig နောက်ဆုံး သရုပ်ဆောင်ထားတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ရဲ့ theme song ပဲ ဖြစ်ပါတယ်။

Billie Eilish ကတော့ ဂရမ်မီ(၇)ဆု ရရှိထားတဲ့ အဆိုတော်တစ်ယောက် ဖြစ်ပြီး ယခုစံကာတင်သီချင်းကသာ ဆုရရှိခဲ့မယ်ဆိုရင်တော့ သူမရဲ့ ပထမဆုံး အော်စကာဆု ဖြစ်လာမှာပါ။

(6) Jessie Buckley
Photo via IMDb

အိုင်းရစ်ရှ်မင်းသမီး Jessie Buckley ကတော့ Maggie Gyllenhaal ရိုက်ကူးထားတဲ့ The Lost Daughter ရုပ်ရှင်ထဲက Leda ဇာတ်ရုပ်နဲ့ Best Supporting Actress category မှာ စံကာတင်ဝင်ထားပါတယ်။ Jessie Buckley ကတော့ I’m Thinking of Ending Things ၊ Dolittle ၊ The Courier အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။

(7) Aunjanue Ellis
Photo via deadline

သရုပ်ဆောင် Aunjanue Ellis ကတော့ King Richard ရုပ်ရှင်ထဲက Oracene Price ဇာတ်ရုပ်နဲ့ Best Supporting Actress category မှာ ပထမဆုံး စံကာတင်ဝင်ထားတာ ဖြစ်ပါတယ်။ King Richard ရုပ်ရှင်ကတော့ Best Picture category အပါအဝင် အော်စကာ(၆)ဆုအတွက် စံကာတင်ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

(8) Kodi Smit-McPhee
Photo via IMDb

ဩစတျေးလျသရုပ်ဆောင် Kodi Smit-McPhee ဟာလည်း ပထမဆုံးအကြိမ် အော်စကာ စံကာတင်စာရင်းဝင်လာသူ ဖြစ်ပါတယ်။ သူကတော့ The Power of the Dog ရုပ်ရှင်ထဲက Peter Gordon ဇာတ်ရုပ်နဲ့ Best Supporting Actor category မှာ စံကာတင်ဝင်ထားတာပါ။

Kodi ဟာ အသက်(၂၅)နှစ်သာ ရှိသေးတာ ဖြစ်ပြီး တကယ်လို့ သူသာ ဒီဆုကို ဆွတ်ခူးခဲ့မယ်ဆိုရင်တော့ ရုပ်ရှင်သမိုင်းမှာ Best Supporting Actor category နဲ့ အော်စကာဆု ရရှိထားတဲ့ ဒုတိယအငယ်ဆုံး သရုပ်ဆောင် ဖြစ်လာမှာပါ။ ပထမနေရာမှာ ရပ်တည်နေသူကတော့ အသက်(၂၀)နှစ်နဲ့ Best Supporting Actor ဆုရရှိခဲ့တဲ့ Timothy Hutton ပဲ ဖြစ်ပါတယ်။

(9) Troy Kotsur
Photo via IMDb

သရုပ်ဆောင် Troy Kotsur ကတော့ Apple TV+ က ထုတ်လွှင့်ခဲ့တဲ့ CODA ရုပ်ရှင်ထဲက Frank Rossi ဇာတ်ရုပ်နဲ့ Best Supporting Actor category မှာ စံကာတင်ဝင်ထားတာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ Troy Kotsur ဟာ အော်စကာဆုသမိုင်းမှာ စံကာတင်စာရင်းဝင်ထားတဲ့ ပထမဆုံး အကြားအာရုံချို့ယွင်းနေတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။

(10) Ciarán Hinds
Photo via IMDb

ဝါရင့်သရုပ်ဆောင်ကြီး Ciarán Hinds ကတော့ Belfast ရုပ်ရှင်ထဲက အဘိုး Pop ဇာတ်ရုပ်နဲ့ Best Supporting Actor category မှာ စံကာတင်ဝင်ထားတာ ဖြစ်ပါတယ်။ Sir Kenneth Branagh ရိုက်ကူးထားတဲ့ Belfast ရုပ်ရှင်ကတော့ စုစုပေါင်း အော်စကာ(၇)ဆု စံကာတင်ဝင်ထားပါတယ်။

(11) Jesse Plemons
Photo via IMDb

သရုပ်ဆောင် Jesse Plemons ကတော့ The Power of the Dog ထဲက George Burbank ဇာတ်ရုပ်နဲ့ Best Supporting Actor category မှာ စံကာတင်ဝင်ထားတာ ဖြစ်ပါတယ်။ ထူးထူးခြားခြားပဲ Jesse Plemons ဟာလည်း ဇနီးလောင်းလည်းဖြစ်၊ သရုပ်ဆောင်ဖက်လည်းဖြစ်တဲ့ Kirsten Dunst နဲ့အတူ ဇာတ်ကားတစ်ခုတည်းမှာ ပထမဆုံး အော်စကာ စံကာတင်ဝင်ထားတာ ဖြစ်ပါတယ်။

(12) Questlove
Photo via Medium

musician တစ်ယောက်ဖြစ်တဲ့ Questlove ကတော့ Summer of Soul မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးထားပြီး Best Documentary category မှာ စံကာတင်ဝင်ထားတာ ဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ဟာ Questlove ရဲ့ ဒါရိုက်တာအဖြစ် လက်စွမ်းပြထားတဲ့ ပထမဆုံးဇာတ်ကားလည်း ဖြစ်ပါတယ်။

ဒါကတော့ ၂၀၂၂ ခုနှစ် အော်စကာဆုပေးပွဲမှာမှ ပထမဆုံး စံကာတင်စာရင်း ဝင်ထားကြတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ဘယ်သူ့ကို ရစေချင်လည်းဆိုတာ ပြောပြခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular