HomeCelebs Update NewsInternationalitem ပေါင်း(၆၃၀၀) စုဆောင်းပြီး ဂင်းနစ်စံချိန်တင်သွားတဲ့ Harry Potter ပရိသတ်တစ်ဦး 

item ပေါင်း(၆၃၀၀) စုဆောင်းပြီး ဂင်းနစ်စံချိန်တင်သွားတဲ့ Harry Potter ပရိသတ်တစ်ဦး 

Tracey Nicol-Lewis ဆိုတဲ့ Harry Potter အမာခံပရိသတ်တစ်ယောက်ဟာ Harry Potter franchise နဲ့ ပတ်သက်တဲ့ ပစ္စည်းများကို စုဆောင်းရင်း ကမ္ဘာ့ဂင်းနစ်စံချိန်တင်သွားပါတယ်။ သူမရဲ့ စုဆောင်းမှုမှာတော့ ပစ္စည်းပေါင်း (၆၃၀၀)ခန့် ပါဝင်တယ်လို့ သိရပါတယ်။

Harry Potter ဟာ စာရေးဆရာမကြီး J. K. Rowling ရေးသားခဲ့တဲ့ ဝတ္ထုဇာတ်လမ်းဖြစ်ပြီး ၁၉၉၇ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ရေးသားခဲ့ကာ စုစုပေါင်းဝတ္ထု ခုနှစ်အုပ် ရှိတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဝတ္ထုကို အခြေခံပြီး ရုပ်ရှင် ပြန်လည် ရိုက်ကူးခဲ့ကာ Daniel Radcliffe ၊ Emma Watson နဲ့ Rupert Grint တို့ အဓိက ပါဝင်ထားတဲ့ ရုပ်ရှင်(၈)ကားတိတိ ထွက်ရှိလာခဲ့ပါတယ်။

ဒါတင်မက Harry Potter-themed merchandise များ၊ LEGO set များ၊ ဗွီဒီယိုဂိမ်များ၊ theme park များ အစရှိတဲ့ media franchise တွေ ရရှိခဲ့ပါသေးတယ်။

Photo via IMDb

Harry Potter franchise ဟာ ယနေ့အချိန်အထိ သက်ဝင်လှုပ်ရှားဆဲ ရှိနေရတဲ့ အကြောင်းရင်းကတော့ ဒီ franchise အပေါ် နက်ရှိုင်းစွာ စိတ်တွေ မြှုပ်နှံထားတဲ့ ပရိသတ်ထုထည်ကို ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။ စာအုပ်နဲ့ ရုပ်ရှင်တွေကတော့ ကလေးငယ်တွေအတွက် နှစ်သက်စရာကောင်းတဲ့ မိတ်ဆွေသူငယ်ချင်းအဖြစ် ရှိနေပြီး အရွယ်ရောက်ပြီးသူတွေအတွက်ဆိုရင်လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ လောကတစ်ခုအဖြစ် အမြဲတမ်း တည်ရှိနေတာကြောင့် ဖြစ်ပါတယ်။

ဒီလိုအသက်အရွယ် အပိုင်းအခြား စုံလင်တဲ့ ပရိသတ်ကို ပိုင်ဆိုင်ထားပြီး စိတ်ဝင်စားစရာ အကြောင်းအရာတွေ ပြည့်နှက်နေတဲ့ wizarding world ကို ဖန်တီးထားနိုင်တဲ့အတွက် Harry Potter ဟာ ပရိသတ်တွေကြားထဲမှာ ဘယ်တော့မှ မှေးမှိန်မသွားခဲ့တာ ဖြစ်ပါတယ်။

Photo via IMDb

Fox News ရဲ့ တင်ပြချက်အရ Tracey Nicol-Lewis ဆိုတဲ့ Harry Potter ပရိသတ်တစ်ဦးဟာ သူမရဲ့ Harry Potter collection ကြောင့် ကမ္ဘာ့ဂင်းနစ်စံချိန် တင်သွားတယ်လို့ သိရပါတယ်။ သူမဟာ ဂင်းနစ်စံချိန် အဖွဲ့အစည်းရဲ့ တရားဝင် အသိအမှတ်ပြုမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလကပဲ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

သူမဟာ Harry Potter နဲ့ Wizarding World ရဲ့ အမှတ်တရပစ္စည်းတွေကို စုဆောင်းရာမှာ အများဆုံး စုဆောင်းနိုင်သူအဖြစ် အခုလို စံချိန်တင်သွားတာ ဖြစ်ပါတယ်။ သူမရဲ့ collection မှာတော့ ပစ္စည်းပေါင်း (၆၃၀၀)ခန့် ပါဝင်ပြီး မှော်နှင်တံ (wand) (၄၇)ချောင်း၊ အထူးထုတ်စာအုပ်များ၊ Lego set များ၊ action figure အရုပ် (၁၂၇)ရုပ် စသည်တို့ ပါရှိပါတယ်။

Photo via IMDb

သူမဟာ ပထမဆုံး Harry Potter ရုပ်ရှင်ကို ၂၀၀၂ ခုနှစ်မှာ စတင် ကြည့်ရှုပြီးတည်းက သူမရဲ့ collection ကို စတင်ခဲ့တာလို့ သိရပါတယ်။ သူမ ပထမဆုံး ဝယ်ယူစုဆောင်းခဲ့တဲ့ ပစ္စည်းလေးကတော့ ချောကလက်ဖားလေးလို့ သိရပါတယ်။ အခုလို ဂင်းနစ်စံချိန်တင်သွားတာနဲ့ ပတ်သက်ပြီး သူမက အခုလို မှတ်ချက်ပေးထားပါတယ်။

“ကျွန်မရဲ့ collection မှာ ဒီလောက်များမယ်လို့ ကျွန်မဖြင့် ယုံတောင်မယုံနိုင်သေးပါဘူး။ ဒါတွေက ကျွန်မရဲ့ တစ်ခန်းလုံး ပြည့်နှက်နေတာလေ။ နေ့တိုင်း မြင်တွေ့နေရတော့ အဲလောက်များနေပြီလို့ မထင်မိဘူး။ တစ်ယောက်ယောက်က အိမ်ကို ရောက်လာမှသာ များလိုက်တာဆိုပြီး ဟာခနဲ … ဟင်ခနဲ ဖြစ်သွားကြတာ … ”

Photo via screenrant

“အဲဒီအခါကျတော့လည်း တော်ပါပြီ။ ငါ နောက်ထပ် မဝယ်တော့ပါဘူးပေါ့။ ဒါပေမယ့် ဆိုင်ကို ရောက်သွားတာနဲ့ ကျွန်မရဲ့ စျေးဝယ်ခြင်းထဲမှာ အမြဲတမ်း ပါပါလာတာပါပဲ။ ကျွန်မရဲ့ collection မှာ ရှိသမျှအားလုံးဟာ တကယ်မိုက်ပါတယ်။ ကျွန်မတော့ အရမ်းကြိုက်တယ်။ ပြီးတော့ ဒီပစ္စည်းတစ်ခုတိုင်းမှာ အမှတ်တရလေးတွေလည်း ရှိနေတာလေ။ ဘာလို့လည်းဆိုတော့ ကျွန်မက စာအုပ်ထဲကရော၊ ရုပ်ရှင်ထဲကရော အခန်းတိုင်းကို မှတ်မိနေတာကြောင့်ပါ … ” လို့ သူမက ဆိုထားပါတယ်။

Nicol-Lewis ရဲ့ collection ဟာ တကယ် အံ့ဩမှင်သက်စရာ ကောင်းပါတယ်။ အလားတူပဲ ဒီစုဆောင်းမှုရဲ့ နောက်ကွယ်က ဇာတ်လမ်းလေးကလည်း သူမအတွက် တန်ဖိုးရှိနေပြန်ပါတယ်။

Nicol-Lewis ဟာ သူမရဲ့ ပထမခင်ပွန်းကို ဆုံးရှုံးရပြီးကတည်းက သူမရဲ့ ကြေကွဲဝမ်းနည်းမှုကို ဖြေဖျောက်ဖို့အတွက် ဒီစုဆောင်းမှုကို စတင်ခဲ့တာလို့ ဆိုပါတယ်။ အကြောင်းကတော့ သူမရဲ့ ခင်ပွန်းဟာ Harry Potter and the Goblet of Fire စာအုပ်ကို သူမအတွက် ပရီအော်ဒါ မှာပေးပြီးနောက် ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး အဲဒီစာအုပ်လေးကတော့ သူ ကွယ်လွန်သွားပြီးမှ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

Photo via IMDb

သူမ ခင်ပွန်းနဲ့ ပတ်သက်တဲ့ အမှတ်တရလေးကို ဆက်လက် ရှင်သန်အောင် ထိန်းသိမ်းချင်တဲ့ စိတ်ဆန္ဒက သူမရဲ့ Harry Potter အပေါ် ထားတဲ့ နဂိုက ရူးသွပ်မှုကိုပါ ပေါင်းစည်းမိသွားတဲ့အခါ အခုလို များပြားလွန်းလှတဲ့ collection ကို စုဆောင်းဖို့ ဖြစ်လာစေခဲ့တာပါ။

အဲဒီနောက် ၂၀၂၀ ခုနှစ်မှာတော့ Nicol-Lewis ဒုတိယမြောက်ခင်ပွန်းနဲ့ လက်ထပ်ခဲ့ပြီး မင်္ဂလာအခမ်းအနားကိုတော့ Harry Potter theme နဲ့ပဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ လက်ရှိခင်ပွန်းကပဲ သူမကို ဂင်းနစ်စံချိန် တင်နိုင်အောင် အားပေးခဲ့တာလို့လည်း ဆိုပါတယ်။ သူမဟာ ပြီးခဲ့တဲ့ ဧပြီလကအထိ ပစ္စည်းပေါင်း (၅၂၄၈)ခု ရှိခဲ့တာ ဖြစ်ပြီး ဂင်းနစ်စံချိန် မှီနိုင်ဖို့အတွက် အောက်တိုဘာလမှာတော့ နောက်ထပ် ပစ္စည်းပေါင်း (၁၀၀)ကျော်ခန့်ကို ထပ်မံ ဝယ်ယူခဲ့တာလို့ သိရပါတယ်။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular