HomeCharacterFlash ရဲ့ဝတ်စုံနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များ 

Flash ရဲ့ဝတ်စုံနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များ 

Flash လို့ ပြောလိုက်တာနဲ့ Central City ထဲမှာ ဖြစ်ပျက်သမျှ မှုခင်းတွေကို အလင်းထက်မြန်တဲ့ အလျင်နဲ့ လိုက်လံဖြေရှင်းနေတဲ့ Barry Allen ဆိုတဲ့ စီအက်စ်အိုင်အရာရှိလေးကို ပြေးမြင်ကြမှာပါ။ Flash(Barry Allen) ကတော့ ၁၉၅၆ခုနှစ်မှာ Robert Kanigher နဲ့ Carmine Infantino တို့ ဖန်တီးထားတဲ့ကောမစ် Showcase #4 နဲ့ Dc comic လောကထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ Flash နဲ့ ပတ်သက်လို့ အကြောင်းအရာများစွာ ရှိတဲ့ထဲက fan တွေ တော်တော်များများ သိချင်မယ့် Flash ရဲ့ဝတ်စုံအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Flash ရဲ့ဝတ်စုံကို ဓာတုပစ္စည်းတွေနဲ့ တစ်ထပ်အုပ်ထားပါတယ်။
photo via screenrant

Flash ဟာ Justice League အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့အပြင် မှုခင်းသိပ္ပံပညာရှင်လည်း ဖြစ်တာကြောင့် ဓာတုပစ္စည်းတွေအကြောင်းကိုလည်း ကျွမ်းကျင်နားလည်သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ကျွမ်းကျင်မှုတွေကို အသုံးချပြီးတော့ Flash ဝတ်စုံ ဖန်တီးတဲ့နေရာမှာ ဓာတုပစ္စည်းတွေကို အသုံးပြုခဲ့ပါတယ်။

Barry ဟာ အထူးပေါင်းစပ်ထားတဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုပြီး သူ့ရဲ့ဝတ်စုံကို လက်စွပ်ထဲမှာ ထည့်သိမ်းဖို့လုံလောက်တဲ့အရွယ်အစား ရအောင် ချုံ့ပစ်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီ့ဓာတုပစ္စည်းတွေဟာ သူပြေးတဲ့အခါမှာ လေထုနဲ့ ပွတ်တိုက်မှုဒဏ်ကို ခံနိုင်စေပြီး ဝတ်စုံကို မီးမလောင်အောင် ကူညီပေးပါသေးတယ်။

New 52 ရဲ့ Flash ဝတ်စုံဟာ သတ္တုပြားတွေနဲ့ လုပ်ထားတာပါ။
photo via screenrant

Barry ဟာ သူ့ကို Flash ဖြစ်သွားစေတဲ့ မတော်တဆမှု ဖြစ်ပြီးတဲ့နောက်မှာ ဖိုင်ဘာချည်သားနဲ့ လုပ်ထားတဲ့ ဝတ်စုံကို သူကိုယ်တိုင်ပဲ ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့လည်း ပထမဆုံးအကြိမ်အဖြစ် အဲ့ဒီ့ဝတ်စုံကို စမ်းသပ်တဲ့အချိန်မှာ ဖိုင်ဘာချည်သားနဲ့ လုပ်ထားတာဖြစ်လို့ ဝတ်စုံဟာ ခပ်မြန်မြန်ပဲ မီးလောင်ပြီး ပျက်စီးသွားခဲ့ပါတယ်။

အဲ့ဒီ့နောက်မှာတော့ ဝတ်စုံအတွက် သတ္တုပြားတွေကို သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။ speed force ကိုသုံးပြီး သံလိုက်ဓာတ်နဲ့ သတ္တုပြားတွေက သူ့ကိုယ်မှာ ကပ်နေအောင် အသုံးချခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝတ်စုံကို လက်စွပ်ထဲမှာပါ ထည့်သိမ်းလို့ရအောင် ပြုလုပ်ခဲ့ပါတယ်။

Flash ရဲ့ခေါင်းမှာရှိတဲ့ အတောင်ပံလေးက အလှသက်သက် ဒီဇိုင်းဆင်ထားတာ မဟုတ်ပါဘူး။
photo via screenrant

ဒီအတောင်ပံလေးတွေဟာ ပထမဆုံး Flash ဖြစ်တဲ့ Jay Garrick ရဲ့ ဝတ်စုံကနေ စပြီးတော့ အခုချိန်ထိ Flash ရဲ့ဝတ်စုံမှာ ပါနေတဲ့ အရေးပါတဲ့ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီအတောင်ပံလေးတွေက အလှသက်သက် ဒီဇိုင်းဆင်ထားတာ မဟုတ်ပါဘူး။

တစ်ချို့တွေကတော့ ဒါလေးတွေက လေခွင်းအားအတွက် အသုံးပြုကြတယ်လို့ ထင်ကြပြီး တစ်ချို့ကတော့ speed force နဲ့ ဆက်သွယ်ဖို့အတွက် အသုံးပြုတာပါလို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း နှစ်ခုလုံးဟာ မမှန်ပါဘူး။ အမှန်တော့ အဲ့ဒါလေးတွေက Barry အတွက် လေအသံတွေကို ကာကွယ်ပေးပြီး သူ့ရဲ့အဖွဲ့နဲ့ ဆက်သွယ်ဖို့အတွက် သုံးတဲ့ ဆက်သွယ်ရေးနားကြပ်တွေ ဖြစ်ပါတယ်။

အနာဂတ်မှာရှိတဲ့ Barry ရဲ့ ဝတ်စုံ
photo via screenrant

speedster တွေအကုန်လုံးဟာ အချိန်ခရီးသွားနိုင်စွမ်း ရှိကြပါတယ်။ အဲ့ဒါကြောင့် Barry အပါအဝင် တစ်ခြား speedster အကုန်လုံးနီးပါးဟာ အနာဂတ်မှာရှိတဲ့ သူတို့ကိုယ်ကို ပြန်ပြီးတွေ့လေ့ရှိကြပါတယ်။ တစ်ခါတစ်လေမှာတော့ အဲ့လိုတွေ့ဆုံခြင်းက ကောင်းမွန်စွာပဲ ပြီးသွားပြီးတော့ တစ်ခါတစ်လေမှာတော့ ဆိုးဆိုးရွားရွားတွေ ဖြစ်တတ်ပါတယ်။

Barry ကတော့ New 52 ရဲ့ အနာဂတ်မှာရှိတဲ့ Flash ကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီ Flash ဟာ Wally West ကို ဆုံးရှုံးခဲ့ရပြီး ကျွန်တော်တို့သိတဲ့ Flash မဟုတ်တော့ပါဘူး။ အဲ့လိုဆုံးရှုံးခဲ့ရတာကြောင့်ပဲ သူက အတိတ်ကို ပြန်သွားပြီး သူ့ရဲ့ရန်သူတွေအကုန်လုံးကို သတ်ပစ်ခဲ့ပါတယ်။ သူဟာ သွေးအေးပြီးတော့ လုံးဝကို စာနာစိတ်မရှိတော့တဲ့ လူသတ်သမား ဖြစ်နေပါပြီ။

ဒါပေမဲ့လည်း သူ့ရဲ့ဝတ်စုံကိုတော့ တော်တော်ကို အံ့ဩဖို့ကောင်းတဲ့ နည်းပညာတွေနဲ့ ပြုလုပ်ထားပါတယ်။ သူ့ရဲ့ဝတ်စုံထဲကို AI နည်းပညာ ထည့်သွင်းထားပြီး အဲ့ဒီ AI က timeline တွေ ပြောင်းလိုက်ရင် ဖြစ်ပေါ်လာတဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် မတူညီတဲ့ timeline တွေကိုလည်း ခြေရာခံနိုင်ပါသေးတယ်။

Flash ရဲ့ဖိနပ်ကို မီးကာအင်္ကျီက အသားနဲ့ ပြုလုပ်ထားတာပါ။
photo via screenrant

Flash ဟာ အရမ်းကို မြန်လွန်းတာကြောင့် ပြေးနေရာကနေ ရပ်လိုက်တဲ့အချိန်မှာ ပုံမှန်ဖိနပ်တွေက မီးလောင်ပြီး ပျက်စီးသွားကြပါတယ်။ ဒါဟာ Barry အတွက်တော့ အတော်ကို ကြီးမားတဲ့ ပြဿနာတစ်ခုပါ။ ဒီပြဿနာကို ဖြေရှင်းခန်းကတော့ Flash: Year One ဆိုတဲ့ comic နံပါတ်အတွဲ(၇၀)ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

ဒီကောမစ်စာအုပ်ထဲမှာတော့ Barry Allen ရဲ့ အော်ရီဂျင်ကို အကျဉ်းချုပ်ပြန်ပြထားပြီး upgrade လည်း လုပ်ထားပါတယ်။ ဒီစာအုပ်ထဲမှာ Barry ဟာ ပြေးဖို့ကြိုးစားရင်းနဲ့ ဖိနပ်အရံပေါင်းများစွာကို ဖျက်စီးပစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဖိနပ်တွေ မီးမလောင်အောင် ကာကွယ်ဖို့က မီးသတ်သမားတွေဝတ်တဲ့ မီးကာအင်္ကျီက အသားနဲ့ ချုပ်ဖို့ဆိုတာကို အကြံရသွားပါတော့တယ်။ Flash ရဲ့ အနာဂတ်က ဝတ်စုံမှာပါတဲ့ ဖိနပ်ကတော့ မီးကာအင်္ကျီအသားနဲ့ လုပ်ထားတာ မဟုတ်ပါဘူး။ ဒါပေမယ့် အလားတူပဲ အကျိုးအာနိသင်ရှိတဲ့ ပစ္စည်းတစ်ခုခုနဲ့ ပြုလုပ်ထားတယ်လို့ ယူဆလို့ရပါတယ်။

Comic ထဲက Flash ရဲ့ဝတ်စုံဟာ ပွတ်တိုက်မှုကို ကာကွယ်မပေးနိုင်ပါဘူး။
photo via screenrant

CW က ပြသတဲ့ The Flash စီးရီးထဲက Flash ရဲ့ ဝတ်စုံဟာ ပွတ်တိုက်မှုဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး ပြေးနေတဲ့အချိန်မှာ လေရဲ့ပွတ်တိုက်မှုကြောင့် ဝတ်စုံကို မီးမလောင်အောင် တားဆီးပေးတယ်လို့ ပြသထားပါတယ်။ ဒါပေမဲ့လည်း ကောမစ်ထဲက ဝတ်စုံကတော့ စီးရီးထဲမှာ ပြထားသလို မဟုတ်ပါဘူး။ CW ရဲ့ Flash ဟာ ကောမစ်ထဲက Flash နဲ့ ယှဉ်လိုက်ရင် စွမ်းအားပိုင်းမှာ ကွာနေတာတွေ ရှိပါတယ်။ ကောမစ်ထဲက Flash လုပ်နိုင်တဲ့ တစ်ချို့စွမ်းအားတွေကို စီးရီးထဲက Flash မှာတော့ မတွေ့ရပါဘူး။

ကောမစ်ထဲက Flash ဟာ speed force ကို အသုံးပြုပြီးတော့ ဒိုင်းသဖွယ် ဖန်တီးကာ သူ့ကိုယ်သူ ပွတ်တိုက်မှုကနေ ကာကွယ်နိုင်ပါတယ်။ အဲ့လို ဖန်တီးလိုက်တာကြောင့် သူ့ရဲ့အဝတ်တွေကလည်း မီးမလောင်တော့ဘဲ ပစ္စည်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် သူသယ်လာတဲ့အရာမှန်သမျှကိုလည်း ပွတ်တိုက်မှုက ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုမျိုး လုပ်နိုင်စွမ်းရှိနေတာကြောင့် သူ့ရဲ့ဝတ်စုံကလည်း ပွတ်တိုက်မှုကို ကာကွယ်ပေးဖို့ မလိုတော့ပါဘူး။

ဒါကတော့ Flash ရဲ့ဝတ်စုံနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ချို့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ အားလုံးပဲ ဖတ်ပြီးလို့ နှစ်သက်ရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular