HomeEntertainmentFilmရုပ်ရှင်တစ်ကားတည်းနဲ့ ဒေါ်လာသန်း(၁၀၀)ကျော် ရရှိခဲ့ကြတဲ့ သရုပ်ဆောင်များ

ရုပ်ရှင်တစ်ကားတည်းနဲ့ ဒေါ်လာသန်း(၁၀၀)ကျော် ရရှိခဲ့ကြတဲ့ သရုပ်ဆောင်များ

သရုပ်ဆောင်ခြင်းဟာ တစ်ကမ္ဘာလုံးရဲ့ ဝင်ငွေအများဆုံးရရှိတဲ့ အလုပ်အကိုင်တစ်ခု ဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ကြေးတွေကတော့ အချိန်တွေ ကြာမြင့်လာတာနဲ့အမျှ ပိုမိုတိုးမြင့်လာကြပါတယ်။ သရုပ်ဆောင်တစ်ယောက်ဟာ နာမည်ကြီးလာတာနဲ့အမျှ သူ့ရဲ့သရုပ်ဆောင်ကြေးဟာလည်း ပိုမိုများပြားလာသလို အချို့သရုပ်ဆောင်တွေကတော့ သာမန်သရုပ်ဆောင်ကြေးအပြင် သူပါဝင်ထားတဲ့ရုပ်ရှင်ရဲ့ ဝင်ငွေပေါ်မူတည်ပြီး ရာခိုင်နှုန်းနဲ့ အပိုဆောင်း ထပ်မံရရှိကြတာမျိူးလည်း ရှိပါသေးတယ်။ ဟောလိဝုဒ်မှာတော့ ရုပ်ရှင်တစ်ကားကို ဒေါ်လာသန်းပေါင်းများစွာ ရရှိကြတဲ့ သရုပ်ဆောင်ပေါင်းများစွာ ရှိပေမယ့်လည်း ရုပ်ရှင်တစ်ကားတည်းမှာတင် သရုပ်ဆောင်ကြေး ဒေါ်လာသန်း(၁၀၀)ကျော် ရရှိခဲ့တဲ့ သရုပ်ဆောင်ကတော့ လေးယောက်သာ ရှိပါတယ်။

Will Smith

photo credit Sony Pictures

Will Smith ဟာ ၁၉၉၀ ခုနှစ်ကျော်က စတင်ပြီး သရုပ်ဆောင်ကြေး အများဆုံးရရှိတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာပြီး လောလောဆယ်မှာတော့ ရုပ်ရှင်တစ်ကားကို ဒေါ်လာသန်း (၄၀)က‌နေ (၈၀)လောက်အထိ ရရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်က သူအော်စကာရရှိခဲ့တဲ့ King Richard ရုပ်ရှင်ဆိုရင်လည်း ဘတ်ဂျက် ဒေါ်လာသန်း(၅၀)ကျော်သာ အသုံးပြုခဲ့တာဖြစ်ပြီး အဲဒီထဲက ဒေါ်လာသန်း(၄၀)ကတော့ Will ရဲ့သရုပ်ဆောင်ကြေးလို့ သိရပါတယ်။

Will ဟာ Men in Black II ရုပ်ရှင်ထဲမှာတော့ ပုံမှန်သရုပ်ဆောင်ကြေး ဒေါ်လာသန်း(၂၀)အပြင် Box Office ရဲ့ ဆယ်ရာခိုင်နှုန်းကိုပါ ရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ Box Office မှာ ဒေါ်လာ(၄၄၅)သန်း ဝင်ငွေရရှိခဲ့တာကြောင့် Will ဟာ ဒီရုပ်ရှင်အတွက် စုစုပေါင်းသရုပ်ဆောင်ကြေး ဒေါ်လာ(၆၄)သန်း ရရှိခဲ့တယ်လို့ IB Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် Men in Black 3 အတွက်တော့ Will ဟာ သရုပ်ဆောင်ကြေး ဒေါ်လာသန်း (၁၀၀)ခန့် ရရှိခဲ့တယ်လို့ The Hollywood Reporter သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ Will ကတော့ ဒီရုပ်ရှင်အတွက် ဘယ်လိုစာချုပ်မျိူး ချုပ်ဆိုခဲ့လည်းဆိုတာ သေချာမသိရပေမယ့် ပုံမှန်သရုပ်ဆောင်ကြေး ဒေါ်လာသန်း(၄၀)နဲ့ Box Office က ဒေါ်လာ (၆၅၄)သန်းရဲ့ ဆယ်ရာခိုင်နှုန်းကို ရရှိတယ်ဆိုရင်တော့ Will ရဲ့သရုပ်ဆောင်ကြေးဟာ ဒေါ်လာသန်း(၁၀၀)ကျော်မယ်လို့ ခန့်မှန်းရပါတယ်။

Sam Worthington

photo credit Disney

Sam Worthington ကတော့ Avatar ရုပ်ရှင်ထဲမှာ Jake Sully အဖြစ် သရုပ်မဆောင်ရသေးခင်က လူသိပ်မသိကြသေးတဲ့ သာမန်သရုပ်ဆောင်ပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒါရိုက်တာ James Cameron က ဒီဇာတ်ကောင်အတွက် ပထမဆုံးကမ်းလှမ်းခဲ့သူဟာ Matt Damon ဖြစ်ပါတယ်။

Matt သာ ဒီဇာတ်ကောင်နေရာမှာ ပါဝင်နိုင်ခဲ့ရင် Avatar ရုပ်ရှင်တစ်ကားတည်းနဲ့ သရုပ်ဆောင်ကြေး ဒေါ်လာသန်း (၃၀၀)နီးပါး ရရှိသွားမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ဒါရိုက်တာ James Cameron ဟာ Matt Damon ကို Avatar ရုပ်ရှင်ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်း ပေးမယ်လို့တောင် ကမ်းလှမ်းခဲ့တာ ဖြစ်လို့ပါပဲ။

ဒီရုပ်ရှင်ဟာ Box Office မှာ ကြောက်ခမန်းလိလိ ဝင်ငွေဒေါ်လာ(၃)ဘီလျံနီးပါး ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း Matt Damon ကတော့ အဲဒီအချိန်မှာ Jason Bourne Franchise အတွက် အာရုံစိုက်နေတာကြောင့် ဒါရိုက်တာ James Cameron ရဲ့ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ပါတယ်။

သရုပ်ဆောင် Sam Worthington ကတော့ Avatar ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့စဉ်က နာမည်မကြီးသေးတာကြောင့် သရုပ်ဆောင်ကြေးတော့ များများစားစား မရရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း Avatar: The Way of Water ထဲမှာတော့ Sam ဟာ သရုပ်ဆောင်ကြေး သန်း(၁၀၀)ကျော် ရရှိခဲ့ပါတယ်။ Avatar 2 ဟာ ဒေါ်လာ (၂)ဘီလျံကျော် ဝင်ငွေရရှိခဲ့ပြီး Sam ကတော့ ပုံမှန်သရုပ်ဆောင်ကြေး (၁၀)သန်းနဲ့ Box Office ရဲ့ ငါးရာခိုင်နှုန်းကို ရရှိခဲ့တယ်လို့ GQ India သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါကြောင့်ပဲ Sam ဟာ Avatar 2 အတွက် အနည်းဆုံး ဒေါ်လာသန်း(၁၁၀)ခန့် သရုပ်ဆောင်ကြေး ရရှိခဲ့ပါတယ်။

Tom Cruise

photo credit Paramount Pictures

ဟောလိဝုဒ်ရဲ့ အအောင်မြင်ဆုံး သရုပ်ဆောင်တွေထဲမှာ ပါဝင်တဲ့ Tom Cruise ကတော့ သရုပ်ဆောင်ကြေး အမြင့်ဆုံးရရှိတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ သူ့ရဲ့ Top Gun: Maverick ရုပ်ရှင်ကတော့ Box Office မှာ ဒေါ်လာ(၁.၅)ဘီလျံနီးပါး ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ MCU ရုပ်ရှင်တွေအားလုံးထက်တောင် ဝင်ငွေများခဲ့ပါတယ်။

မင်းသားကြီး Tom Cruise ဟာ ဒီရုပ်ရှင်အတွက် ပုံမှန်သရုပ်ဆောင်ကြေး ဒေါ်လာ(၁၃)သန်းသာ ရရှိခဲ့တယ်လို့ Business Insider သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့စာချုပ်ထဲမှာတော့ ဝင်ငွေရဲ့ ရာခိုင်နှုန်းကိုပါ အပိုထပ်ဆောင်းရရှိဖို့ ပါဝင်ထားတာကြောင့် အနည်းဆုံးတော့ Tom Cruise ဟာ ဒီရုပ်ရှင်အတွက် ဒေါ်လာသန်း(၁၀၀)ခန့် ရရှိခဲ့မယ်လို့ တွက်ချက်နိုင်ပါတယ်။

Keanu Reeves

photo credit Warner Bros.

မင်းသားကြီး Keanu Reeves ကတော့ ၁၉၈၀ ကျော်၊ ၉၀ကျော်နဲ့ ၂၀၀၀ ခုနှစ်အစောပိုင်းတို့မှာ အလွန်အောင်မြင်ခဲ့ပြီး အဲဒီနောက်မှာတော့ အချိန်တစ်ခုကြာအောင် ရုပ်ရှင်တွေ သိပ်မရိုက်တော့ပါဘူး။ ဒါပေမယ့်လည်း John Wick 2 ထွက်ရှိပြီးနောက်မှာတော့ တဖန်ပြန်လည်အောင်မြင်လာပြီး ယခုအချိန်ထိ ထိပ်တန်းသရုပ်ဆောင်တစ်ယောက် ဖြစ်နေတုန်းပါပဲ။

Keanu Reeves ရဲ့ အထင်ကရဇာတ်လမ်းတစ်ခု ဖြစ်တဲ့ Matrix Trilogy နဲ့တင် သူဟာ ဒေါ်လာသန်း(၂၅၀)ခန့် ဝင်ငွေရရှိခဲ့တယ်လို့ Men’s Health သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါဟာနောက်ဆုံးထွက်ရှိထားတဲ့ Matrix Resurrections အတွက် သရုပ်ဆောင်ကြေး မပါဝင်သေးပါဘူး။

Keanu Reeves ဟာ ပထမဆုံး Matrix ရုပ်ရှင်အတွက် ဒေါ်လာ(၄၅)သန်း ရရှိခဲ့တယ်လို့ Giant Freakin Robot သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျန်ရှိနေသေးတဲ့ (၂၀၅)သန်းကိုတော့ Matrix 2 နဲ့ 3 တို့မှာ ရရှိခဲ့တာလို့ ယူဆရမှာ ဖြစ်ပါတယ်။

သူဟာ ဒီရုပ်ရှင်နှစ်ကားမှာ ဘယ်ကားအတွက် ဘယ်လောက် ရရှိခဲ့တယ်ဆိုတာ သေချာမသိရပေမယ့် ဒီရုပ်ရှင်နှစ်ကားလုံးကို ဆက်တိုက်ရိုက်ကူးခဲ့တာ ဖြစ်ပြီး နှစ်ကားလုံးအတွက် ဒေါ်လာသန်း(၂၀၀)ကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်နှစ်ကားလုံးဟာ ၂၀၀၃ ခုနှစ်မှာပဲ ထွက်ရှိခဲ့ပြီး Keanu Reeves ဟာ အဲဒီတစ်နှစ်တည်းမှာတင် ဒေါ်လာသန်း(၂၀၀)ကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular