HomeEntertainmentFilmပွဲဦးထွက်ရုပ်ရှင်နဲ့ ရုပ်ရှင်ဆုတွေ ဆွတ်ခူးခဲ့ကြတဲ့ ပါရမီရှင်သရုပ်ဆောင်များ

ပွဲဦးထွက်ရုပ်ရှင်နဲ့ ရုပ်ရှင်ဆုတွေ ဆွတ်ခူးခဲ့ကြတဲ့ ပါရမီရှင်သရုပ်ဆောင်များ

ရုပ်ရှင်လောကမှာတော့ တချို့သရုပ်ဆောင်တွေဟာ အောင်မြင်ဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြရပြီး တချို့ကတော့ ပွဲဦးထွက်ရုပ်ရှင်နဲ့တင် အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်ဘဝကို ချက်ချင်းလက်ငင်း ရရှိခဲ့ကြသူတွေ ရှိပါတယ်။ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်နဲ့တင် ပရိသတ်အခိုင်အမာ ရရှိပြီး ရုပ်ရှင်ထူးချွန်ဆုတွေ ရရှိကာ အောင်မြင်သွားကြတဲ့ နာမည်ကျော် သရုပ်ဆောင်တွေကတော့ …

Natalie Portman (Léon: The Professional)

Photo via IMDb

Natalie Portman ကတော့ နာမည်ကျော် အက်ရှင်ဒရာမာဇာတ်ကား Léon: The Professional မှာ Matilda အဖြစ် ပွဲဦးထွက် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူမဟာ ကလေးသရုပ်ဆောင်တစ်ယောက်ထက်ပိုတဲ့ သရုပ်ဆောင်မှုကို ပြသနိုင်ခဲ့ပြီး အသက်(၁၂)နှစ်အရွယ်နဲ့ Jean Reno ၊ Danny Aiello ၊ Gary Oldman တို့နဲ့အပြိုင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ သူမဟာ မိသားစုရဲ့ လျစ်လျူရှု၊ ပစ်ထားတာကို ခံရပြီး မကြာခင်မှာပဲ အိမ်နီးချင်းတစ်ယောက်ဆီမှာ သွားရောက် ခိုလှုံရတဲ့ ကလေးမလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ယနေ့အချိန်ထိ နာမည်ကျော်ကြားနေဆဲ ဖြစ်ပြီး Natalie Portman ကတော့ Circuit Awards ကို ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Portman ဟာ Star Wars franchise ထဲမှာ ပါဝင်ခွင့်ရခဲ့ပြီး အဲဒီနောက်မှာတော့ ဟောလိဝုဒ်ရဲ့စတားတစ်ယောက် ဖြစ်လာပါတော့တယ်။

John Malkovich (Places in the Heart)

Photo via IMDb

မင်းသားကြီး John Malkovich ကတော့ ဘရော့ဒ်ဝေးပြဇာတ်ဘက်မှာရော၊ ရုပ်ရှင်ဘက်မှာပါ တပြိုင်တည်း ပွဲထွက်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံး ရုပ်ရှင်ကတော့ Places in the Heart ဖြစ်ပြီး မင်းသမီး Sally Field နဲ့အတူ အပြိုင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ ၁၉၃၀ ခုနှစ်ကာလက တက္ကဆက်ပြည်နယ်မှာ ဇာတ်အိမ်တည်ထားပြီး မုဆိုးမတစ်ယောက်ဟာ သူ့ရဲ့အဆောင်နေ အမြင်အာရုံချို့ယွင်းနေသူတစ်ယောက်နဲ့ တခြားသူတွေရဲ့ အကူအညီနဲ့အတူ လယ်တောကို ပြန်ရယူနိုင်ဖို့ ကြိုးစားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲက မျက်မမြင်တစ်ယောက်အဖြစ် သရုပ်ဆောင်မှုကြောင့်ပဲ Malkovich ဟာ Circuit Awards မှာလည်း ဆွတ်ခူးခဲ့ပြီး စုစုပေါင်း ရုပ်ရှင်ထူးချွန်ဆု လေးဆု ရရှိခဲ့ပါတယ်။ ဒါ့အပြင် အော်စကာမှာလည်း အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်အဖြစ် စံကာတင်ဝင်ခဲ့ပါသေးတယ်။

Edward Norton (Primal Fear)

Photo via IMDb

ဒီဇာတ်ကားထဲက နာမည်ကြီးဇာတ်ကောင် Aaron Stampler အတွက် လူပေါင်း နှစ်သောင်းကျော်က ဝင်ရောက်အရွေးခံခဲ့ကြပါတယ်။ အဆိုပါ သရုပ်ဆောင်တွေထဲမှာတော့ Matt Damon ၊ Pedro Pascal နဲ့ James Marsden တို့ပါ လူရွေးပွဲဝင်ခဲ့ကြတာ ဖြစ်ပေမယ့် ဒီဇာတ်ရုပ်ကို တကယ် ရရှိသွားသူကတော့ အဲဒီအချိန်က ဘယ်သူမှမသိသေးတဲ့ သရုပ်ဆောင်အသစ်လေး Edward Norton ပဲ ဖြစ်ပါတယ်။

Edward Norton ကတော့ ဒီ Primal Fear ဇာတ်ကားထဲမှာ ရိုမန်ကတ်သလစ် ဘုန်းတော်ကြီးတစ်ပါးကို သတ်တဲ့အမှုနဲ့ အရေးယူခံလိုက်ရတဲ့ ကောင်လေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲက သရုပ်ဆောင်မှုကြောင့်ပဲ Norton ဟာ သရုပ်ဆောင်လောကမှာ နေ့ချင်းညချင်း နာမည်ရလာခဲ့ပြီး ရွှေကမ္ဘာလုံးဆု အပါအဝင် ရုပ်ရှင်ထူးချွန်ဆုပေါင်း ကိုးဆုကို ရရှိခဲ့ပါတယ်။ ဒါတင်မက အော်စကာဆုပေးပွဲမှာလည်း အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုနဲ့ စံကာတင်စာရင်း ဝင်ခဲ့ပါသေးတယ်။

Hailee Steinfeld (True Grit)

Photo via IMDb

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ True Grit ဇာတ်ကားကို အသစ်ပြန်ရိုက်တဲ့ remake မှာ‌တော့ Mattie Ross ဇာတ်ကောင်အတွက် မိန်းကလေးပေါင်း တစ်သောင်းခွဲခန့်က လူရွေးပွဲ ဝင်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူကို သတ်သွားတဲ့ တရားခံကို ရှာဖွေဖို့အတွက် U.S Marshall အဖွဲ့ထဲကို ဝင်ရောက်ခဲ့တဲ့ ကောင်မလေးအဖြစ် နောက်ဆုံးမှာတော့ Hailee Steinfeld က သရုပ်ဆောင်ခဲ့ရပါတယ်။

Hailee Steinfeld ကတော့ အသက်(၁၃)နှစ်သာ ရှိသေးတဲ့ အရွယ်လေးမှာ Matt Damon ၊ Jeff Bridges ၊ Josh Brolin တို့နဲ့အပြိုင် ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Hailee Steinfeld ဟာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွေမှာ အလွန်ရေပန်းစားခဲ့ပြီး ဒီဇာတ်ရုပ်နဲ့ စုစုပေါင်း ဆု(၁၉)ဆု ရရှိခဲ့ပါတယ်။ အော်စကာမှာလည်း အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုကို စံကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။ ဒီဇာတ်ကားထဲက အောင်မြင်မှုကြောင့်ပဲ Steinfeld ဟာ ဂီတဘက်မှာရော၊ သရုပ်ဆောင်ဘက်မှာပါ အောင်မြင်သူတစ်ယောက်အဖြစ် ခြေလှမ်းနိုင်ခဲ့ပါတယ်။

Anna Paquin (The Piano)

Photo via IMDb

Anna Paquin ကတော့ အသက်(၉)နှစ်အရွယ်မှာပဲ The Piano ဇာတ်ကားထဲက Flora McGrath ဇာတ်ရုပ်မှာ ချီးကျူးခံရလောက်တဲ့ သရုပ်ဆောင်မှုကို ပြသနိုင်ခဲ့ပါတယ်။ ဒီကားထဲမှာတော့ သူမဟာ ဆွံ့အနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ သမီးအဖြစ် သရုပ်ဆောင်ထားပြီး သူမ ဆုရရှိထားတဲ့ စန္ဒယားနဲ့အတူ မိဘတွေ စီစဉ်ထားတဲ့ လက်ထပ်ပွဲအတွက် နယူးဇီလန်ကို ရောက်လာခဲ့တဲ့ ကလေးမလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။

Paquin ဟာ ဒီဇာတ်ရုပ်ကြောင့်ပဲ ရုပ်ရှင်ထူးချွန်ဆု သုံးဆု အရင်ဆုံး ရရှိခဲ့ပြီး အဲဒီနောက်မှာတော့ အံ့ဩစရာကောင်းစွာပဲ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုနဲ့ အော်စကာဆုပါ ဆွတ်ခူးခဲ့ပါတယ်။ ဒီအော်စကာဆုအတွက်ကိုတော့ သူမဟာ Emma Thompson ၊ Rosie Perez ၊ Winona Ryder နဲ့ Holly Hunter တို့ကို ကျော်တက်ပြီး ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

Jennifer Hudson (Dreamgirls)

Photo via IMDb

Jennifer Hudson ကတော့ American Idol မှာ ပါဝင်ယှဉ်ပြိုင်ပြီးနောက်မှာပဲ နာမည်ကျော် Dreamgirls ရုပ်ရှင်ကားထဲမှာ Effie White ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။ သူမဟာ ဒီဇာတ်ကားထဲမှာတော့ Beyonce ၊ Eddie Murphy ၊ Jamie Foxx တို့နဲ့အတူ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

musical drama အမျိုးအစား ဖြစ်တာနဲ့အညီ သူမရဲ့ တေးသီချင်း သီဆိုနိုင်မှုကြောင့်ရော၊ သရုပ်ဆောင်မှုကြောင့်ပါ Jennifer Hudson ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ အော်စကာဆုပါ ရရှိခဲ့ပြီး အခြားရုပ်ရှင်ဆု (၃၄)ဆုကို ဆွတ်ခူးခဲ့ပါတယ်။

Lupita Nyong’O (12 Years A Slave)

Photo via IMDb

Lupita Nyong’O ကတော့ Yale တက္ကသိုလ်ရဲ့ Drama Program မှာ ဘွဲ့ရရှိပြီးပြီးချင်းမှာပဲ 12 Years A Slave ရုပ်ရှင်ထဲမှာ Patsey အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားကတော့ လူမည်းတွေ ကျွန်ပြုခံခဲ့ရတဲ့ ခေတ်ကာလက ဖြစ်ရပ်တစ်ခုကို ရိုက်ကူးထားတာဖြစ်ပြီး လွတ်လပ်သွားတဲ့ လူမည်းအမျိုးသားတစ်ယောက်ဟာ ကျွန်ပြုခံရဖို့အတွက် ထပ်ပြီး ပြန်ပေးဆွဲခံခဲ့ရကာ သူ့ဘဝအတွက် လွတ်လပ်မှုကို ပြန်လည် ရရှိစေမယ့် Patsey ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ဆုံသွားတဲ့အကြောင်း ဖြစ်ပါတယ်။

Lupita Nyong’O ဟာ ဒီဇာတ်ကားထဲက သူမရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကြောင့်ပဲ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုနဲ့ အော်စကာဆု ရရှိခဲ့တဲ့အပြင် ရုပ်ရှင်ထူးချွန်ဆုပေါင်း (၅၀)ကို ရရှိခဲ့ပါတယ်။ အဲဒီနောက်ကစလို့ Nyong’O ဟာ ဟောလိဝုဒ်ရဲ့ နာမည်ကျော် သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပြီး Black Panther ၊ Us အစရှိတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့ရပါတယ်။

ဒါကတော့ ပထမဆုံး ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားနဲ့တင် ရုပ်ရှင်ထူးချွန်ဆုတွေ ဆွတ်ခူးခဲ့ကြတဲ့ နာမည်ကျော် ပါရမီရှင် သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အလားတူ သရုပ်ဆောင်ကောင်းတွေ ရှိရင်လည်း ကောမန့်မှာ မျှဝေခဲ့ပါဦး။

Vancouver

 

RELATED ARTICLES

Most Popular