HomeCelebs Update NewsInternationalခင်ပွန်းဟောင်းရဲ့ သားဖြစ်သူကို ယနေ့ထိ လက်ဆောင်တွေ ဝယ်ပေးနေဆဲဖြစ်တဲ့ Angelina Jolie 

ခင်ပွန်းဟောင်းရဲ့ သားဖြစ်သူကို ယနေ့ထိ လက်ဆောင်တွေ ဝယ်ပေးနေဆဲဖြစ်တဲ့ Angelina Jolie 

Angelina Jolie ဟာ ထူးချွန်ပြောင်မြောက်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ရုံသာမက နှလုံးသားလှပ နူးညံ့တဲ့ မိခင်တစ်ယောက်လည်း ဖြစ်ပါတယ်။

သူမဟာ သူမရဲ့သားသမီးအရင်းတွေနဲ့ မွေးစားထားတဲ့ သားသမီးတွေတင်မက ခင်ပွန်းဟောင်း Billy Bob Thornton ရဲ့ သားဖြစ်တဲ့ Harry ကိုလည်း ယနေ့ထိ ဂရုစိုက်နေဆဲဖြစ်ကာ နေ့ထူးနေ့မြတ်တွေမှာလည်း လက်ဆောင်ပစ္စည်းတွေ သတိတရနဲ့ ဝယ်ပေးနေဆဲလို့ ဆိုပါတယ်။

Photo: angelinajolieofficialworld/ Instagram

အသက်(၄၆)နှစ်ရှိပြီ ဖြစ်တဲ့ Jolie ဟာ ခင်ပွန်းဟောင်းဖြစ်သူ အမေရိကန်သရုပ်ဆောင် Billy Bob Thornton နဲ့ ၂၀၀၃ ခုနှစ်တည်းက ကွာရှင်းပြတ်စဲခဲ့တာ ဖြစ်ပေမယ့် Billy ရဲ့ အရင်အိမ်ထောင်က ပါလာတဲ့ သားဖြစ်သူကိုတော့ သွေးသားအရင်းလိုပဲ နွေးထွေးစွာ ဆက်ဆံပေးနေတာ ဖြစ်ပါတယ်။

စကားကြမ်းကြမ်းနဲ့ ပြောရရင် မိထွေးဖြစ်ပေမယ့် Jolie ဟာ ယနေ့ထိတိုင် ခရစ်စမတ်၊ နှစ်သစ်ကူးကာလ အစရှိတဲ့ အခါကြီးရက်ကြီး ကာလတွေမှာ သူမရဲ့သားသမီးတွေနည်းတူ အရင်ယောက်ျားဘက်က ပါလာတဲ့ သားဖြစ်သူအတွက် လက်ဆောင်ပစ္စည်းစာရင်းတောင် ပြုစုထားတယ်လို့ သိရပါတယ်။

Photo: harrythethornton/ Instagram

ဒီအကြောင်းကိုတော့ အသက်(၂၇)နှစ်ရှိပြီဖြစ်တဲ့ Billy ရဲ့ သားဖြစ်သူ Harry ကိုယ်တိုင်က ပြောပြထားတာ ဖြစ်ပါတယ်။

“ဒီနေ့အထိပါပဲ။ သူမက ကျွန်တော့်အတွက် ခရစ်စမတ်လက်ဆောင်တွေနဲ့ တခြားပစ္စည်းတွေကိုပါ နှစ်တိုင်း ပို့ပေးနေတုန်းပါပဲ။ သူနဲ့ နေ့တိုင်း ဖုန်းမပြောဖြစ်ပေမယ့် ရံဖန်ရံခါတော့ ကျွန်တော်တို့ စကားပြောဖြစ်ကြပါတယ် … ” လို့ Harry က Entertainment Tonight နဲ့ အင်တာဗျူးမှာ ပြောပြထားပါတယ်။

Photo: angelinajolieofficialworld/ Instagram

Angelina Jolie ဟာ Billy Bob Thornton နဲ့ ၂၀၀၀ ခုနှစ်မှာ လက်ထပ်ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်မှာတော့ Billy ရဲ့ အရင်အိမ်ထောင်တွေက သားသမီးသုံးယောက် ပါလာတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အိမ်ထောင်ရေးဟာ သုံးနှစ်ပဲ သက်တမ်းကြာမြင့်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ကြတာ ဖြစ်ပေမယ့် Jolie ဟာ Harry အတွက်ကိုတော့ ကောင်းမွန်တဲ့ လွှမ်းမိုးမှုတွေ ရှိခဲ့ပုံ ရပါတယ်။ ဒါကြောင့်လည်း Harry ဟာ Jolie အပေါ် လေးစားသမှုနဲ့ ချစ်ခင်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

“သူက အရမ်းမိုက်တာဗျ။ အပတ်စဉ်တိုင်း ကျွန်တော်တို့ကို camping လုပ်ဖို့ ခေါ်သွားလေ့ ရှိတယ်။ တစ်ခါတုန်းကဆိုရင် ကားအိမ်ကြီးတစ်ခုကိုပါ ငှားပြီး လုံးဝ full camping trip ပါ သွားဖူးတယ်ဗျ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် သူက ကျွန်တော်တို့အတွက် သိပ်ပျော်စရာကောင်းတဲ့ အမှတ်တရတွေ ဖန်တီးပေးခဲ့တဲ့သူပါ … ” လို့ Harry က ဆိုထားပါတယ်။

Photo: angelinajolieofficialworld/ Instagram

တကယ်တော့ Jolie ဟာ မင်းသားကြီး Billy Bob Thornton နဲ့ ခိုးရာလိုက်ပြေးခဲ့တာ ဖြစ်ပြီး အဲဒီအချိန်တုန်းက သူမဟာ အသက်(၂၄)နှစ်သာ ရှိသေးတာပါ။ သူတို့နှစ်ဦးဟာ Pushing Tin ဆိုတဲ့ ဇာတ်ကားရဲ့ ရိုက်ကွင်းမှာ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်ယောက်ကြားမှာ အသက်တော်တော်လေး ကွာပေမယ့် ငြင်းခုန်မှုတွေ သိပ်မရှိဘဲ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေး ရှိခဲ့ကြတာ ဖြစ်ပါတယ်။

သူမနဲ့ ပတ်သက်ပြီး Billy ကတော့ ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အခုလို ပြောပြထားဖူးပါတယ်။ “Angie က ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက် ဖြစ်နေတုန်းပါပဲ။ သူမဟာ တကယ်ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သလို သူ့အနေနဲ့ အများကြီး လုပ်နိုင်တာလည်း တွေ့ရပါတယ် … ”

Photo: angelinajolieofficialworld/ Instagram

“ပြီးတော့ ကျွန်တော်တို့ အတူရှိခဲ့တုန်းက တကယ် အမှတ်တရကောင်းတွေ ရှိခဲ့တာ မှတ်မိနေပါသေးတယ်။ ပြောရရင် ကျွန်တော်တို့နှစ်ယောက်က နေထိုင်ပုံ မတူညီကြတာပဲ ရှိတာပါ။ သူ့ရဲ့ lifestyle က တစ်ကမ္ဘာလုံးရှေ့မှာ ချပြပြီး နေရတာ ဖြစ်ပေမယ့် ကျွန်တော်ကတော့ လူစုလူဝေးတွေနဲ့ ဝေးဝေးမှာ နေထိုင်တတ်တဲ့သူ ဖြစ်နေတာကြောင့်မို့လို့ပါ။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ အတူနေလို့မရတာပါ … ” လို့ Billy က ပြောဖူးပါတယ်။

Glasgow

Source: hollywoodlife

 

RELATED ARTICLES

Most Popular