HomeCharacterMoon Knight ဇာတ်လမ်းတွဲထဲမှာ ဗီလိန်အဖြစ် ပါဝင်လာမယ့် Arthur Harrow ရဲ့ Origin

Moon Knight ဇာတ်လမ်းတွဲထဲမှာ ဗီလိန်အဖြစ် ပါဝင်လာမယ့် Arthur Harrow ရဲ့ Origin

မကြာသေးခင်ကပဲ Moon Knight ဇာတ်လမ်းတွဲရဲ့ ထွေလာ ထွက်ရှိလာခဲ့ပြီး Ethan Hawke ပါဝင်သရုပ်ဆောင်ထားတဲ့ ဗီလိန်ဇာတ်ကောင်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

မူလကတော့ အဲ့ဒီဇာတ်ကောင်ဟာ ဘယ်သူမှန်း မသိရသေးပေမယ့်လည်း အခုချိန်မှာတော့ Arthur Harrow ဖြစ်တယ်လို့ သိလိုက်ရပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲကို မကြည့်ရှုခင်မှာ ဗီလိန်အကြောင်း အနည်းငယ် သိရအောင် သူ့ရဲ့ Origin ကို ဖော်ပြပေးလိုက်ပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Arthur Harrow ဟာ ဆေးပညာနဲ့ ပတ်သက်ပြီး နိုဘယ်လ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့တဲ့ ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ နာကျင်မှုတွေနဲ့ ပတ်သက်တဲ့ သီအိုရီကို တင်ပြခဲ့ပြီး နိုဘယ်လ်ဆု ရရှိလုနီးပါး ဖြစ်ခဲ့ပါတယ်။

သို့ပေမယ့်လည်း နောက်ထပ် ဆရာဝန်တစ်ယောက် ဖြစ်တဲ့ Victoria Grail ဟာ Arthur ရဲ့ စာတမ်းကို သံသယဝင်ပြီး စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Arthur တင်ပြတဲ့ စာတမ်းထဲမှာတော့ သူ့ရဲ့ သီအိုရီအတွက် တိရစ္ဆာန်တွေနဲ့ စမ်းသပ်ထားတယ်လို့ ဖော်ပြထားပေမယ့် Victoria ကတော့ သူ့ရဲ့ စမ်းသပ်မှုတွေဟာ Auschwitz-Birkenau မှာ ရှိတဲ့ သိပ္ပံပညာရှင်တွေရဲ့ လျှို့ဝှက်စမ်းသပ်မှုတွေနဲ့ ဆက်နွယ်နေမှန်း သိရှိသွားပါတယ်။

photo via screenrant

ဒါကြောင့်ပဲ Victoria ဟာ Arthur ကို နိုဘယ်လ်ဆု စံကာတင်စာရင်းက ထုတ်ပယ်ပေးဖို့ တောင်းဆိုခဲ့ပြီး သက်သေတွေ ခိုင်မာနေတာကြောင့် သူ တင်ပြထားတဲ့ စာရွက်စာတမ်းတွေကိုလည်း ဖျက်ဆီးစေခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီစာရွက်စာတမ်းတွေဟာ ထူးထူးဆန်းဆန်းပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Arthur ဟာ မက္ကဆီကိုနိုင်ငံမှာ သူ့ရဲ့စမ်းသပ်မှုတွေကို ဆက်လက် ပြုလုပ်နေပြီး Victoria ကလည်း သူ့အကြောင်းကို ဆက်လက်စုံစမ်းခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ဆုံးမှာတော့ သူမဟာ Arthur ရဲ့ အစမ်းသပ်ခံအဖြစ်ကို ရောက်ရှိသွားပြီး အဲ့ဒီအချိန်မှာပဲ Moon Knight က လာရောက်ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

Arthur ကတော့ ဘာစွမ်းအားမှ မရှိတဲ့ သာမန်လူတစ်ယောက် ဖြစ်ပြီး အလွန်ဉာဏ်ကောင်းတဲ့ ခွဲစိတ်ဆရာဝန်နဲ့ သိပ္ပံပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ နာကျင်မှုအကြောင်း သီအိုရီတွေ ရရှိလာအောင် စမ်းသပ်မှုတွေ ပြုလုပ်နေရတဲ့ အကြောင်းရင်းကတော့ သူကိုယ်တိုင် Trigeminal Neuralgia ဆိုတဲ့ ရောဂါကို ခံစားနေရလို့ပဲ ဖြစ်ပါတယ်။

အဲ့ဒီရောဂါကတော့ မျက်နှာတဝိုက်က ထိတွေ့မှုတွေ၊ နာကျင်မှုတွေကို ခံစားပေးတဲ့ အာရုံကြောက အမြဲတမ်း နာကျင်မှုကို ခံစားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ ဘယ်ဘက် မျက်နှာတစ်ခြမ်းဟာ အကြောသေနေပြီး အမြဲတမ်း နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။

photo via screenrant

ဒီအချက်တွေကတော့ ကောမစ်ထဲက Arthur ရဲ့ Origin ပဲ ဖြစ်ပြီး MCU ကတော့ ထုံးစံအတိုင်းပဲ Moon Knight ဇာတ်လမ်းတွဲထဲမှာ ပြောင်းလဲမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဘယ်လိုပြောင်းလဲမှုတွေ လုပ်သွားမလည်း ဆိုတာတော့ မသိရသေးဘဲ ဒီဇာတ်လမ်းတွဲ ထွက်လာမှပဲ သိရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Ethan Hawke ရဲ့ ပြောပြချက်အရ ဆိုရင်တော့ ဒီဇာတ်ကောင်ဟာ ကောမစ်ထဲကလို ဆရာဝန်တစ်ယောက် မဟုတ်ဘဲ Cult လို့ခေါ်တဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ပုံစံမျိူး ဖြစ်တယ်လို့ သိရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular