HomeCelebs Update NewsInternationalElvis Presley အဖြစ် သရုပ်ဆောင်ဖို့ နှစ်နှစ်ကြာ ပြင်ဆင်ခဲ့ရတယ်ဆိုတဲ့ Austin Butler

Elvis Presley အဖြစ် သရုပ်ဆောင်ဖို့ နှစ်နှစ်ကြာ ပြင်ဆင်ခဲ့ရတယ်ဆိုတဲ့ Austin Butler

အမေရိကန်သရုပ်ဆောင် ဖြစ်တဲ့ Austin Butler ဟာ Rock and Roll ဖခင်ကြီးလို့ တင်စားရတဲ့ Elvis Presley ရဲ့ဘဝအကြောင်း ဖြစ်ရပ်မှန်ရုပ်ရှင်မှာ Elvis Presley နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့အနေနဲ့ ဒီဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ဖို့အတွက် နှစ်နှစ်တာကာလလုံးကို တခြားဘယ်အရာမှ မလုပ်ဘဲ ဒီဇာတ်ရုပ်အတွက်ပဲ အချိန်ပေး မြှုပ်နှံကာ ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

အသက်(၃၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Austin ဟာ ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်က သတင်းစာရှင်းပွဲမှာ ပြောပြသွားတာ ဖြစ်ပါတယ်။ Austin ဟာ Elvis ဇာတ်ရုပ်အတွက် သူကိုယ်တိုင်က စွဲလန်းနေခဲ့တာ ဖြစ်ပြီး Love Me Tender သီချင်းရှင် Elvis ရဲ့အမူအကျင့်နဲ့ ဘဝအကြောင်းတွေကို အသေးစိတ် လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit: Warner Bros. Studios

“ကျွန်တော်ကတော့ စွဲလန်းမှုဆိုတဲ့ ယုန်တွင်းပေါက်ထဲကို ကျသွားတာပါပဲ။ နှစ်တွေတလျှောက်မှာ သူ့ရဲ့အသံတွေ ဘယ်လို ပြောင်းလဲလာတယ်၊ သူ့လှုပ်ရှားမှုတွေက ဘယ်လိုဖြစ်လာတယ် ဆိုတာတွေကို နှစ်အပိုင်းအခြားနဲ့လိုက်ပြီး သေချာ အသေးစိတ် လေ့လာခဲ့ရပါတယ်။ သူ့ရဲ့ရှင်သန်မှုကာလတွေ ဘယ်လိုရှိခဲ့တယ်ဆိုတာ နှစ်နှစ်လောက်ကို အချိန်ပေးပြီး ကျွန်တော် တတ်နိုင်သမျှ အကောင်းဆုံး လေ့လာခဲ့ရပါတယ် …”လို့ Austin က ဆိုပါတယ်။

ဒါ့အပြင် Elvis ဇာတ်ရုပ်ကို သရုပ်ဆောင်ရာမှာ သူ့အတွက် စိန်ခေါ်မှု အကြီးမားဆုံး ဖြစ်ခဲ့တဲ့ အခက်အခဲကိုလည်း ပြောပြထားပါသေးတယ်။

Photo Credit: Warner Bros. Studios

“စစချင်းတုန်းကတော့ ကိုယ့်ကိုယ်ကို မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ ထားခဲ့တာပေါ့။ ကျွန်တော်သာ ကြိုးစားမယ်ဆိုလို့ရှိရင် ကျွန်တော့်မျက်နှာက Elvis နဲ့ တပုံစံတည်း ဖြစ်နေမယ်ပေါ့။ ပြီးတော့ ပရိသတ်တွေတောင် ခွဲခြားလို့မရအောင် မျက်လုံးတွေကအစ Elvis နဲ့ တူနေရမယ်ဆိုတာမျိုးတွေပေါ့။ အဲဒါနဲ့ နောက်လည်းကျရော ကျွန်တော်ဖြစ်ချင်တဲ့ ပုံစံကြီးက ဖယောင်းပြတိုက်ကို သွားရသလို ခံစားရမယ်ဆိုတာ သတိရသွားတယ်။ အဓိကက ရုပ်ပိုင်းဆိုင်ရာ တူဖို့ထက် သူ့ရဲ့စိတ်ဝိဉာဉ်က ကျွန်တော်ဆီကနေ ထွက်ပေါ်လာဖို့ဆိုတာ သိလိုက်ရတယ် …” လို့ ကာရိုက်တာအပေါ် ချဉ်းကပ်ခဲ့တဲ့ အတွေ့အကြုံကို ပြောပြထားပါတယ်။

“အခုဆိုရင် ကျွန်တော်က Elvis အဖြစ်နဲ့ နေထိုင်လာတာ သုံးနှစ်ရှိပြီဆိုတော့ သူ့ရဲ့အမွေအနှစ်တွေကနေ တကယ့် Elvis ကို အသက်ဝင်လာအောင် ဆွဲထုတ်ပြသနိုင်တဲ့အထိ လုပ်ပြထားနိုင်တယ်လို့ ကျွန်တော်တော့ ယူဆပါတယ်။ ပြီးတော့ Lisa Marie Presley ၊ Priscilla Presley နဲ့ Riley Keough တို့တွေ … သူတို့တစ်မိသားစုလုံး ဒီရုပ်ရှင်အတွက် ဂုဏ်ယူနိုင်အောင် လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ ပျော်ရွှင်ဝမ်းမြောက်မှုကိုတော့ ပြောမပြတတ်အောင်ပါပဲ … ” လို့ Elvis ဇာတ်ကောင်ကို သရုပ်ဆောင်ရတဲ့အပေါ် ခံစားချက်ကိုလည်း ပြောပြထားပါတယ်။

Elvis ရုပ်ရှင်ကတော့ ဂန္ထဝင် Rock and Roll artist ကြီး Elvis Presley ရဲ့ နာမည်ကြီးကာစ ၁၉၅၀ ဝန်းကျင်ကာလက သူ့ရဲ့အောင်မြင်မှု အတက်အကျတွေနဲ့ ဘဝပုံရိပ်တွေအကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Austin Butler ၊ Tom Hanks ၊ Olivia DeJonge ၊ Dacre Montgomery ၊ Maggie Gyllenhaal နဲ့ Kodi Smit-McPhee တို့ ဖြစ်ပါတယ်။ ဒါရိုက်တာ Baz Luhrmann က ရိုက်ကူးပေးထားပြီး လာမယ့် ဇွန်လ (၂၃)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular