HomeCharacterBaby Groot ဇာတ်ကောင်ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာများ

Baby Groot ဇာတ်ကောင်ရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာများ

Groot ဇာတ်ကောင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Guardians of the Galaxy ထဲမှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပြီး ချက်ချင်းပဲ ပရိသတ်တွေ သဘောကျတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Guardians of the Galaxy Vol.2 မှာတော့ Baby Groot ဗားရှင်းကို စတင်မြင်တွေ့ခဲ့ရပြီး ပိုမိုလူကြိုက်များလာခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီလိုမျိူး ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်လာအောင် ဖန်တီးခဲ့တဲ့အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(1) မူလက GOTG 2 ထဲမှာ Baby Groot ပါဝင်လာဖို့ အစီအစဉ် မရှိပါဘူး။

photo via screenrant

ဒါရိုက်တာ James Gunn ဟာ GOTG 2 ရဲ့ ဇာတ်ညွှန်းကို ရေးသားနေတဲ့ အချိန်တုန်းက ဒီရုပ်ရှင်ဟာ ပထမရုပ်ရှင်အပြီး နှစ်ပေါင်းများစွာမှာ ဇာတ်အိမ်တည်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Sequel ထဲမှာတော့ Baby Groot ပါဝင်လာဖို့ အစီအစဉ် မရှိခဲ့ဘဲ ပထမကားထဲမှာ ပြန်လည်ရှင်သန်လာတဲ့ Groot ဟာ အရွယ်ရောက်ပြီးသား ဖြစ်နေမှာပါ။ သို့ပေမယ့်လည်း နောက်ပိုင်းမှသာ အစီအစဉ်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ James Gunn ကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အင်တာဗျူးတစ်ခုမှာ အောက်ပါအတိုင်း ပြောပြခဲ့ပါတယ်။

“ပထမအချက်ကတော့ သူတို့တွေ အဖွဲ့တစ်ခုအနေနဲ့ ပြောင်းလဲတိုးတက်မှုတွေ အများကြီးကို တွေ့ကြုံရမယ်လို့ ကျွန်တော် တွေးခဲ့မိတယ်ဗျ။ အဲဒါတွေကို ပရိသတ်တွေက မမြင်လိုက်ရရင်လည်း နှမြောစရာကြီးလေ။ ဒုတိယအချက်ကတော့ ဘာကြောင့်မှန်း မသိပေမယ့် ဒီဇာတ်လမ်းထဲမှာ Groot က မလိုက်ဖက်ဘူး ဖြစ်နေတယ်။ အဲဒီမှာပဲ Vol.2 က ပထမရုပ်ရှင်အပြီး အချိန်အနည်းငယ်အကြာမှာ ဇာတ်အိမ်တည်ပြီး သင်ယူစရာတွေများစွာ ရှိနေတဲ့ Baby Groot ကို ထည့်သွင်းဖို့ အကြံရခဲ့တာပါ …”

(2) ရုပ်ရှင်ရိုက်ကူးဖို့အတွက် Life Size Baby Groot အရုပ်ကို ဖန်တီးခဲ့ပါတယ်။

photo via screenrant

Guardians of the Galaxy Vol.2 ထဲက Baby Groot ရဲ့ ဇာတ်ဝင်ခန်းတွေ အားလုံးကတော့ ရိုက်ကူးရေး ပြီးဆုံးသွားတော့မှ CGI နဲ့ ထည့်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တခြားသရုပ်ဆောင်တွေကတော့ ရိုက်ကွင်းပေါ်မှာ ဘာမှမရှိတဲ့နေရာကို ကြည့်ပြီး Baby Groot အနေနဲ့ စကားတွေ ပြောနေခဲ့တာတော့ မဟုတ်ပါဘူး။

Dave Bautista နဲ့ Chris Pratt တို့ နှစ်ယောက်လုံးဟာ အရပ်ရှည်ကြတာကြောင့် ဒီဇာတ်လမ်းကို ဖန်တီးတဲ့အချိန်မှာ‌တော့ Baby Groot ရဲ့ အရွယ်အစားကို ဖန်တီးဖို့ အခက်တွေ့ခဲ့ပါတယ်။ ဒါကြောင့်ပဲ ရိုက်ကူးရ အဆင်ပြေသွားအောင် Prop Master ဖြစ်တဲ့ Russell Bobbitt ဟာ ရိုက်ကွင်းအတွက် Life Size Baby Groot အရုပ်ကို ဖန်တီးပေးခဲ့ပါတယ်။

(3) သူ့ရဲ့ပုံစံကိုတော့ ကလေးတွေကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

photo via screenrant

Baby Groot ကို ကြည့်လိုက်ရင် ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်နဲ့ တူနေတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ပါးဖောင်းဖောင်းလေးတွေ၊ အနည်းငယ် ပူနေတဲ့ ဗိုက်ကလေးနဲ့ ခြေချောင်းလက်ချောင်း သေးသေးလေးတွေဟာ တကယ်ကို ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်စေပါတယ်။ ဒီအချက်တွေ အားလုံးကတော့ ကလေးလေးတွေရဲ့ ချစ်စရာ ပုံစံလေးတွေပဲ ဖြစ်ပါတယ်။ Concept Artist ဖြစ်တဲ့ Anthony Francisco ကတော့ Baby Groot ရဲ့ ပုံစံကို ဖန်တီးဖို့အတွက် သူ့ရဲ့သားလေးကို အခြေခံပြီး ဖန်တီးခဲ့တာပါလို့ ပြောထားပါတယ်။

(4) Baby Groot အတွက် သီးသန့်ဇာတ်ညွှန်း ရှိပါတယ်။

photo via screenrant

Baby Groot ကတော့ “I Am Groot” ဆိုတဲ့ စကားလုံး သုံးလုံးပဲ ပြောတတ်တယ် ဆိုပေမယ့်လည်း သူ့ရဲ့စကားသံ အနိမ့်အမြင့်တွေနဲ့ အဆွဲအငင်တွေပေါ် မူတည်ပြီး အဓိပ္ပာယ်တွေများစွာ ရှိပါတယ်။ အဲဒီအဓိပ္ပာယ်တွေ ပေါ်လွင်စေဖို့အတွက် ဒါရိုက်တာ James Gunn ဟာ Baby Groot နေရာမှာ အသံသရုပ်ဆောင်ထားတဲ့ Vin Diesel အတွက် သီးသန့်ဇာတ်ညွှန်းတစ်ခု ဖန်တီးပေးခဲ့ပါတယ်။ Groot Version လို့ နာမည်ပေးထားတဲ့ ဒီဇာတ်ညွှန်းဟာ James Gunn နဲ့ Vin Diesel တို့နှစ်ယောက်ဆီမှာပဲ ရှိပါတယ်။ ဒီဇာတ်ညွှန်းထဲမှာတော့ Baby Groot ရဲ့ ဒိုင်ယာလော့ခ်တွေ အားလုံးရဲ့ အဓိပ္ပာယ်တွေကို အင်္ဂလိပ်လို ပြန်ရေးပေးထားတာပဲ ဖြစ်ပါတယ်။

(5) Vin Diesel ဟာ ဘာသာစကား (၁၆)မျိူးနဲ့ အသံသွင်းခဲ့ပါတယ်။

photo via screenrant

Baby Groot နေရာမှာ အသံသရုပ်ဆောင်ထားတဲ့ Vin Diesel ကတော့ “I Am Groot” ဆိုတဲ့ စကားကို ဘာသာစကား (၁၆)မျိူးနဲ့ နောက်ခံအသံသွင်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် DVD ထွက်ရှိလာတဲ့ အချိန်မှာတော့ နောက်ထပ် ဘာသာစကား (၉)မျိူးနဲ့ ထပ်မံအသံသွင်းခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ပထမ Guardians of the Galaxy ရုပ်ရှင်အတွက် Vin Diesel ဟာ အကြိမ်ပေါင်း (၁၀၀၀)ခန့် အသံသွင်းခဲ့ရပါသေးတယ်။

(6) Baby Groot ရဲ့ အသံဟာ Edit ထားတာ မဟုတ်ပါဘူး။

photo via screenrant

ပထမ Guardians of the Galaxy ရုပ်ရှင်မှာတော့ Vin Diesel ဟာ အရွယ်ရောက်ပြီးသား Groot နေရာက အသံသရုပ်ဆောင်ခဲ့ပါတယ်။ Vin Diesel ရဲ့ ခပ်ဩဩအသံကတော့ အရွယ်ရောက်ပြီးသား Groot အတွက် လုံးဝကို အံဝင်ခွင်ကျ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Baby Groot နဲ့ အဲဒီခပ်ဩဩအသံနဲ့ ဆိုရင်တော့ ဘယ်လိုမှ လိုက်ဖက်မှာ မဟုတ်ပါဘူး။ အံ့ဩစရာ တစ်ခုကတော့ Baby Groot ရဲ့ အသံဟာ Vin Diesel ရဲ့ အသံအစစ်ပဲ ဖြစ်ပြီး Post Production မှာတော့ သူ့ရဲ့အသံကို မဆိုစလောက်လေးပဲ ပြောင်းလဲထားတယ်လို့ ဒါရိုက်တာ James Gunn က ပြောပါတယ်။ ဒါကြောင့်ပဲ GOTG Vol.2 ထဲမှာ ကြားရတဲ့ Baby Groot ရဲ့အသံဟာ Vin Diesel ရဲ့ (၁၀၀)ရာခိုင်နှုန်းနီးပါး အသံအစစ်ပဲ ဖြစ်ပါတယ်။

(7) Baby Groot နေရာက ဝင်ကခဲ့တဲ့ James Gunn

photo via screenrant

ပထမ Guardians of the Galaxy ရဲ့ Credit Scene ထဲမှာတော့ Baby Groot ဟာ “I Want You Back” သီချင်းနဲ့ ကနေတာကို မြင်တွေ့ခဲ့ရပါတယ်။ တကယ်တော့ ဒီလိုကနေတာဟာ James Gunn ပဲ ဖြစ်ပြီး James Gunn ရဲ့ Motion ကို အသုံးပြုကာ ဒီဇာတ်ဝင်ခန်းကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Vol.2 ရဲ့ အစမှာလည်း Baby Groot ဟာ “Mr. Blue Sky” သီချင်းနဲ့ ကနေပါသေးတယ်။ ဒီဇာတ်ဝင်ခန်းမှာလည်း James Gunn ကပဲ Motion တွေကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး Visual Team ကတော့ အဲဒီ Motion ကို Baby Groot အနေနဲ့ ပြန်လည်ဖန်တီးဖို့ (၂)နှစ်လောက် အချိန်ယူခဲ့ရပါတယ်။

ဒါကတော့ Baby Groot ဇာတ်ကောင်ကို ဖန်တီးမှုရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာအချို့ပဲ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular