HomeEntertainmentFilmကြည့်ပြီးရင် အတွေးတစ်ခုခု ရသွားစေမယ့် ဖြစ်ရပ်မှန်အခြေခံ ရုပ်ရှင်ကားကောင်းများ 

ကြည့်ပြီးရင် အတွေးတစ်ခုခု ရသွားစေမယ့် ဖြစ်ရပ်မှန်အခြေခံ ရုပ်ရှင်ကားကောင်းများ 

ဖြစ်ရပ်မှန်တွေကို အခြေခံရိုက်ကူးထားပြီး ကြည့်ရှုသူအတွက် စိတ်အားတက်စရာကောင်းတဲ့ ရုပ်ရှင်(၇)ကားကို ဖော်ပြပေးချင်ပါတယ်။ တစ်ချို့ကားတွေကတော့ ရယ်ရွှင်ဖွယ်ရာကောင်းပြီး ကြည်နူးဖို့ ကောင်းပါလိမ့်မယ်။ တစ်ချို့ကားတွေကတော့ သင့်ရဲ့ဘဝအခြေအနေက ဘယ်လောက်ပဲ ဆိုးနေပါစေ၊ သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေက အကန့်အသတ်မရှိဘူးဆိုတာကို အလင်းပွင့်သွားလောက်အောင် အားတက်စေမယ့် ဇာတ်ကားတွေ ဖြစ်ပါတယ်။

(7) Erin Brockovich
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (7.3) ရထားပါတယ်။  ဒါရိုက်တာ Steven Soderbergh က ရိုက်ကူးထားပြီး နာမည်ကျော် မင်းသမီး Julia Roberts က သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ မှတ်တမ်းတင်ဒရာမာ အမျိုးအစားဖြစ်ပြီး အော်စကာဆုတစ်ဆုလည်း ရထားတဲ့အပြင် အခြားရုပ်ရှင်ဆုပေါင်း (၃၂)ဆုလည်း ရထားပါသေးတယ်။

ဇာတ်လမ်းကတော့ ဥပဒေရေးရာ စာရေးအမျိုးသမီးတစ်ယောက်က စက်ရုံတစ်ခုကြောင့် တစ်မြို့လုံးက ရေတွေ အဆိပ်သင့်နေရတဲ့အကြောင်း ဖော်ထုတ်တဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ Erin Brokovich ဆိုတဲ့ အမျိုးသမီးဟာ နှစ်ပေါင်းသုံးဆယ်ကြာ တစ်မြို့လုံးက ရေတွေကို အဆိပ်သင့်စေခဲ့တဲ့ စက်ရုံရဲ့ လုပ်ရပ်တွေကို မမောနိုင်၊ မပန်းနိုင် ရှာဖွေဖော်ထုတ်ပြီး မြို့နေပြည်သူတွေဘက်က ရပ်တည်ပေးခဲ့သူ ဖြစ်ပါတယ်။ သူမ ဖော်ထုတ်ပေးခဲ့တဲ့ အမှုဟာ အနိုင်ရရှိခဲ့ပြီး ကုမ္ပဏီဘက်က လျော်ကြေးငွေတွေလည်း ပေးဆောင်ခဲ့ရပါတယ်။

(6) The Pursuit Of Happyness

photo via screenrant

ဒီဇာတ်ကားကတော့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Chris Gardner အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၀၆ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (8.0) ရရှိထားတဲ့ မှတ်တမ်းတင်ဒရာမာ အမျိုးအစား ဖြစ်ပါတယ်။ အော်စကာဆုတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပြီး အခြားဆုပေါင်း (၁၂)ဆုကိုလည်း ရရှိထားပါတယ်။

ဇာတ်လမ်းကတော့ Chris Gardner ဆိုတဲ့ အရောင်းဝန်ထမ်းလေးဟာ ဇနီးဖြစ်သူက ထားသွားတာကို ခံရပြီး သားလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့ပါတယ်။ ကျန်ရစ်ခဲ့ရတဲ့ဘဝမှာ နေထိုင်စရာ အိမ်ရာလည်းမရှိသလို ပိုက်ဆံလည်း ခြူးတစ်ပြားမှ မရှိခဲ့ပါဘူး။ ကြေကွဲစရာ ဘဝအခြေအနေက နိုးထလာတဲ့ Chris Gardner ဟာ အကျိုးဆောင်ကုမ္ပဏီတစ်ခုမှာ ပိုက်ဆံတစ်ပြားမှ မရဘဲ အလုပ်သင် ဝင်လုပ်ခဲ့ပါတယ်။ ကိန်းဂဏန်းတွေကို သူများနဲ့မတူအောင် မှတ်သားကြိုးစားရင်း တစ်ဖက်က သားလေးရဲ့လက်ကို ဆွဲကိုင်ကာ ဘဝကို ရုန်းကန်ခဲ့ပါတယ်။

ဒီရုပ်ရှင်လေးကတော့ ဘဝမှာ ဘယ်လောက်ပဲ ဆိုးနေပါစေ၊ အိပ်မက်တွေကို အကောင်အထည်ပေါ်ဖို့ ရွေးချယ်လိုက်သူတွေဟာ ကမ္ဘာကြီးကိုတောင် ကိုင်လှုပ်နိုင်တယ်လို့ ခံစားရစေမှာပါ။

(5) The Theory Of Everything
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၄ခုနှစ်မှာ ထွက်ထားပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ မှတ်တမ်းတင် ဒရာမာ ရိုမန့်စ် အမျိုးအစားဖြစ်ပြီး ကမ္ဘာကျော်သိပ္ပံပညာရှင် Stephen Hawking အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Stephen Hawking နေရာမှာ သရုပ်ဆောင်ထားတဲ့ Eddie Redmayne ကလည်း အော်စကာဆု ရရှိထားပြီး အခြားဆုပေါင်း (၂၄)ဆုလည်း ရရှိထားပါတယ်။

ဇာတ်လမ်းထဲမှာတော့ Stephen Hawking ရဲ့ လူငယ်ဘဝကနေ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး ဖြစ်လာတဲ့အထိ ရိုက်ပြထားပါတယ်။ Stephen Hawking ရဲ့ ဘဝအလှည့်အပြောင်းတွေနဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေအကြောင်းကို ရိုက်ပြထားပြီး သူနဲ့သူ့ရဲ့အမျိုးသမီးကြားက ချစ်ခြင်းမေတ္တာကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ လူတစ်ယောက်ရဲ့ ဘဝနဲ့ ရည်မှန်းချက်ပန်းတိုင်တွေအကြောင်းကို ကျယ်ကျယ်လောင်လောင် သတိပေးနေတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ အချစ်နဲ့ဘဝဟာ တကယ်တော့ သူ့လမ်းကို သူသွားနေကြတာပါ။ ဒီကြားထဲမှာ ဝမ်းနည်းစရာတွေကလည်း ဖြစ်လာတတ်ပါသေးတယ်။ ဒါပေမယ့် လူတစ်ယောက်ဟာ သူ့ဘဝမှာ လုပ်ရမယ့်ကိစ္စရပ်တွေကို ဘာအတွက်ကြောင့်နဲ့မှ လက်မလျှော့သင့်တဲ့အကြောင်းကို သတိပေးထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

(4) Awakenings
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၉၀ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.8) ရထားတဲ့ မှတ်တမ်းတင် ဒရာမာအမျိုးအစား ဖြစ်ပါတယ်။ encephalitic lethargica လို့ခေါ်တဲ့ ကပ်ရောဂါရဲ့ ဖြေဆေးကို ဖော်ပေးနိုင်ခဲ့တဲ့ Dr. Oliver Sacks အကြောင်းကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အော်စကာဆုသုံးဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပြီး အခြားဆုပေါင်း (၆) ဆု ရထားပါတယ်။

ဇာတ်လမ်းကတော့ ပထမကမ္ဘာစစ်ကြီးအပြီးမှာ ဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါတစ်ခုကြောင့် လူတွေနာမကျန်း ဖြစ်နေရချိန် အဲ့ဒီ့ရောဂါအတွက် အရေးပါတဲ့ ကုသဆေးကို ဖော်စပ်ပေးနိုင်ခဲ့တဲ့ ဆရာဝန်တစ်ယောက်အကြောင်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ ထိတ်ထိတ်ကြဲ မင်းသားကြီးတွေဖြစ်တဲ့ Robert De Niro နဲ့ Robin Williams တို့က အဓိက ပါဝင်ထားတာမို့ ကြည့်ရှုသင့်ပါတယ်နော်။

(3) The Help
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၁ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရထားတဲ့ ဒရာမာဇာတ်ကား ဖြစ်ပါတယ်။ အော်စကာဆုတစ်ဆု ရထားပြီးတော့ အခြားဆုပေါင်း (၇၉)ဆု ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အသားအရောင် ခွဲခြားကြပြီး လူမည်းတွေကို အစေခံအဖြစ် အသုံးချကြတဲ့ကာလတစ်ခုမှာ လူမည်းအစေခံတွေနဲ့ လူဖြူအိမ်ရှင်တွေကြားက ဖြစ်ရပ်တွေကို လူမည်းတွေဘက်ကနေ ရိုက်ပြထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

(2) The Pianist
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၂ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.5) ရထားတဲ့ စစ်နောက်ခံ ဒရာမာကားကောင်းတစ်ကား ဖြစ်ပါတယ်။ အော်စကာဆုသုံးဆု ရထားပြီးတော့ အခြားဆုပေါင်း (၅၄)ဆု ရထားတာဖြစ်လို့ ကြည့်သင့်ပါတယ်။

ဇာတ်လမ်းကတော့ ပိုလန်နိုင်ငံသား ဂျုးလူမျိုး စန္ဒယားပညာရှင်တစ်ယောက်က ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဝါဆောမြို့ရဲ့ အပျက်အစီးတွေကြားကနေ အသက်ရှင်သန်ဖို့အတွက် ဘယ်လိုကြိုးစားရုန်းကန်မလည်းဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ဒုက္ခသုက္ခတွေကြားက ဘယ်လိုသည်းခံပြီး အသက်ရှင်ကျန်ရစ်အောင် နေထိုင်ရမယ်ဆိုတဲ့ အတွေးတစ်ခုကို ဖြစ်ပေါ်စေမှာပါ။ လူမျိုးတစ်မျိုးကြောင့် တစ်ခြားလူမျိုးတစ်မျိုးမှာ အတိဒုက္ခရောက်ရတဲ့ သာဓကတွေကို ကြည့်ရှုရမှာဖြစ်ပြီး အမုန်းတရားဟာ လူတွေကို အသိစိတ်ကင်းမဲ့စေတယ်ဆိုတဲ့ အကြောင်းတေွ သင်ခန်းစာယူဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(1) Schindler’s List
photo via screenrant

ဒီဇာတ်ကားဟာ ၁၉၉၃ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.9) ရရှိထားတဲ့ ဒရာမာကားကောင်း ဖြစ်ပါတယ်။ ပိုလန်နိုင်ငံက ဂျူးလူမျိုးတွေကို နာဇီတွေက ရက်ရက်စက်စက် သတ်ဖြတ်တဲ့ ဖြစ်ရပ်ကို ရင်နင့်ဖွယ်ရာ ကြည့်ရှုရမယ့် ဖြစ်ရပ်မှန်ဇာတ်ကား ဖြစ်ပါတယ်။ အော်စကာဆု(၇)ဆု ရရှိထားပြီးတော့ အခြားဆုပေါင်း (၈၃)ဆုကို ရထားတာမို့ မကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလို့ ညွှန်းချင်ပါတယ်။

ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမနီတွေက ပိုလန်နိုင်ငံကို သိမ်းပိုက်ခဲ့ပြီး ဂျူးလူမျိုးတွေကို ဖိစီးနှိပ်စက်မှုတွေ လုပ်လာကြတာကြောင့် စက်မှုလက်ငန်းရှင် Oskar Schindler က သူ့ရဲ့ ဂျူးအလုပ်သမားတွေအတွက် ကာကွယ်ပေးတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ ခေတ်အခြေအနေကို အပြည့်အဝ ခံစားနိုင်အောင် အဖြူအမည်းနဲ့ ရိုက်ပြထားတာကလည်း တစ်မျိုး ခံစားလို့ကောင်းစေမယ့် ဇာတ်ကား ဖြစ်ပါတယ်။

ဒါကတော့ ဖြစ်ရပ်မှန်တွေအပေါ် အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတွေပါ။ စာဖတ်သူတို့ ကြည့်ဖူးတဲ့ အခြားဖြစ်ရပ်မှန်ရုပ်ရှင်တွေထဲက ကောင်းတာတွေရှိရင်လည်း ပြန်ညွှန်းခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular