HomeEntertainmentFilmသရုပ်ဆောင်တွေဆီက ခေါင်းပုံဖြတ်ပြီး အောင်မြင်ခဲ့တဲ့ နာမည်ကြီး horror ရုပ်ရှင် The Blair Witch Project

သရုပ်ဆောင်တွေဆီက ခေါင်းပုံဖြတ်ပြီး အောင်မြင်ခဲ့တဲ့ နာမည်ကြီး horror ရုပ်ရှင် The Blair Witch Project

The Blair Witch Project ရုပ်ရှင်ဟာ ဒေါ်လာသန်းရာနဲ့ချီပြီး ဝင်ငွေတွေကောင်းခဲ့ပေမယ့် အဓိကပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကတော့ အမြတ်အစွန်း နည်းနည်းလေးတောင် မရရှိခဲ့ကြဘဲ တစ်ယောက်ကို သစ်သီးခြင်းတစ်ခြင်းစီသာ ရရှိခဲ့ကြပါတယ်။

horror ရုပ်ရှင်လောကမှာ လွှမ်းမိုးမှုတွေ ရှိခဲ့တဲ့ The Blair Witch Project ရုပ်ရှင်ရဲ့ နောက်ကွယ်မှာတော့ ခါးသီးပြီး ရုပ်ဆိုးလှတဲ့ အမှန်တရားတွေ ရှိနေပါတယ်။ ဒီအကြောင်းကိုတော့ သရုပ်ဆောင်သုံးယောက် ဖြစ်တဲ့ Heather Donahue ၊ Michael C. Williams နဲ့ Joshua Leonard တို့က Variety နဲ့ သီးသန့်အင်တာဗျူးမှာ မကြာသေးခင်ကပဲ ဖော်ထုတ်သွားကြပါတယ်။

ရုပ်ရှင်က ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပေမယ့် ပါဝင်ထားတဲ့ သရုပ်ဆောင်သုံးယောက်ကတော့ ကြုံရာကျပန်း အလုပ်တွေကို လုပ်ကိုင်ခဲ့ရပြီး အိမ်လခပေးဖို့တောင် မနည်းရုန်းကန်ခဲ့ရတယ်လို့ သိရပါတယ်။ global box office မှာ ဝင်ငွေ ဒေါ်လာ(၂၄၈)သန်းကျော် ရရှိခဲ့ပေမယ့် main cast သုံးယောက်အတွက်ကတော့ လူမသိသူမသိနဲ့ နေထိုင်ရင်း သူတို့ကြိုးစားမှုအတွက် ဘာချီးမြှောက်မှုမှ မရရှိခဲ့ကြပါဘူး။

The Blair Witch Project ရုပ်ရှင်ဟာ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး horror ရုပ်ရှင်လောကမှာ found footage film အမျိုးအစားကို ခေတ်စားစေခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဖန်တီးခဲ့ပုံကလည်း ထူးဆန်းပါတယ်။

Daniel Myrick နဲ့ Eduardo Sanchez ဆိုတဲ့ writer-director နှစ်ယောက်ဟာ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်သုံးယောက်ကို audition လုပ်ခဲ့ပြီး ကင်မရာတွေ၊ အသံဖမ်းနည်းစနစ်တွေကိုပါ လုပ်ကိုင်တတ်အောင် ထရိန်းပေးခဲ့တာပါ။

အဲဒီ့နောက်မှာတော့ သူတို့ကို တောအုပ်တစ်ခုထဲမှာ ထားခဲ့ပြီး တစ်ကားလုံးကို သရုပ်ဆောင်သုံးယောက်တည်းကပဲ သူတို့ဘာသာ ကင်မရာတွေချိန်၊ အသံတွေဖမ်းပြီး သရုပ်ဆောင်ခဲ့ကြရပါတယ်။ ဒါ့အပြင် ဇာတ်လမ်းထဲက ဖြစ်ရပ်တွေနဲ့ ဇာတ်ဝင်ခန်းအများစုဟာလည်း သရုပ်ဆောင်တွေကပဲ သူတို့ဘာသာ အလျဉ်းသင့်သလို ဖန်တီးခဲ့ကြရတာ ဖြစ်ပါတယ်။

The Blair Witch Project ရုပ်ရှင်ကို ဘတ်ဂျက် ဒေါ်လာသုံးသောင်းခွဲတည်းနဲ့ ဖန်တီးခဲ့တာပါ။ ဒီကားကို Sundance ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရခဲ့ပြီး တခဲနက် အားပေးမှု ရရှိတာကို ကြည့်ပြီး Artisan Entertainment ဆိုတဲ့ ကုမ္ပဏီက ရုံမတင်ရသေးခင်မှာပဲ ဒေါ်လာ(၁.၁)သန်းနဲ့ မူပိုင်ခွင့် ဝယ်ယူခဲ့ပါတယ်။

ဒီရုပ်ရှင်ကို ကြည့်ပြီးတဲ့ လူအများစုဟာ တကယ့်ဖြစ်ရပ်လား၊ ရုပ်ရှင်ဇာတ်လမ်းလားဆိုတာ ဝေခွဲမရခဲ့ပါဘူး။ ဒါတင်မက ဒီဖြစ်ရပ်ဟာ မေရီလန်းပြည်နယ်က တောအုပ်ထဲမှာ ပျောက်ဆုံးသွားတဲ့ ရုပ်ရှင်ကျောင်းသား သုံးယောက်ရဲ့ နောက်ဆုံး ရိုက်ကူးခဲ့တဲ့ footage တွေဆိုပြီးတော့တောင် ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီသတင်းတွေနဲ့ ရုပ်ရှင်ကို လူပိုစိတ်ဝင်စားအောင် လုပ်ချင်ခဲ့တဲ့ Artisan Entertainment ကတော့ ဒီထင်ကြေးတွေနဲ့ ကောလာဟလတွေ ပိုပြီးရှင်သန်လာအောင် သရုပ်ဆောင်သုံးယောက်လုံးကို ရေငုံနှုတ်ပိတ်ပြီး မထင်မရှား နေခိုင်းခဲ့ပါတယ်။ အဲဒါကြောင့်ပဲ သူတို့မှာ ရုပ်ရှင်အထူးပွဲ ပြသတုန်းကလည်း ပွဲတက်ခွင့်တောင် မရခဲ့ကြရှာပါဘူး။

ရုပ်ရှင်က ဝက်ဝက်ကွဲ အောင်မြင်ပြီး ရုံတင်ဝင်ငွေတွေလည်း ကြောက်ခမန်းလိလိ ရနေပေမယ့် ကုမ္ပဏီဘက်ကတော့ အဓိကအားထုတ် ကြိုးစားခဲ့ရတဲ့ သရုပ်ဆောင်တွေအပေါ် ဘာအကျိုးခံစားခွင့်မှ မပေးခဲ့ပါဘူး။ main cast သုံးယောက်လုံးဟာ လနဲ့ချီပြီး စောင့်ဆိုင်းခဲ့ပေမယ့် စာမလာ သတင်းမကြားခဲ့ဘဲ နောက်ဆုံးမှာမှ ကုမ္ပဏီဘက်က တစ်ယောက်ကို သစ်သီးခြင်းတစ်ခြင်းစီ ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ ၂၀၀၃ ခုနှစ်မှာတော့ Artisan Entertainment ကုမ္ပဏီကို Lionsgate စတူဒီယိုက ဝယ်ယူခဲ့ပါတယ်။ ဇာတ်လမ်းက ဒီမှာတင် မပြီးသေးဘဲ ပြီးခဲ့တဲ့ ဧပြီလ(၁၀)ရက်နေ့ကတော့ Lionsgate ဟာ Blair Witch Project ကို reboot ပြန်ရိုက်မယ်လို့ ကြေငြာသွားပါတယ်။

ဒီတစ်ခါမှာလည်း မူလသရုပ်ဆောင်တွေဖြစ်တဲ့ Heather Donahue ၊ Michael C. Williams နဲ့ Joshua Leonard တို့ကို reboot ပြန်ရိုက်မယ့် အကြောင်းနဲ့ ပတ်သက်ပြီး ဘာအသိပေးခြင်းမှ မရှိခဲ့ဘူးလို့ ပြောပါတယ်။ ဒီသတင်းကို ကြေငြာလိုက်တာနဲ့ အင်တာနက်တခွင်မှာတော့ သူတို့ရဲ့မျက်နှာတွေနဲ့ သူတို့ဖန်တီးခဲ့တဲ့ ဇာတ်ဝင်ခန်းတွေဟာလည်း ပလူပျံနေပါတော့တယ်။

သူတို့ရဲ့ပုံရိပ်တွေကို မားကတ်တင်းအနေနဲ့ အသုံးချခြင်းနဲ့ ပတ်သက်ပြီးတော့လည်း ဘာသဘောတူညီချက်မှ မတောင်းခံခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်ပဲ သူတို့ cast သုံးယောက်လုံးဟာ Blair Witch Project နဲ့ ပတ်သက်ပြီး ရသင့်ရထိုက်တဲ့ လျော်ကြေးငွေကို တောင်းခံသွားမယ်လို့လည်း သိရပါတယ်။

“အခုလိုဖြစ်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း အရှက်ရမိပါတယ်။ လူတိုင်းက မင်းတို့ ဘာဖြစ်သွားကြတာလည်းလို့ သိချင်ကြတယ်။ ကျွန်တော့်မိန်းမဆိုရင် စျေးသွားဝယ်တိုင်း ပိုက်ဆံမလောက်လို့ ယူထားတာတွေ ပြန်ထားခဲ့ရတာမျိုးအထိ ဖြစ်ခဲ့တယ် …”

“အအောင်မြင်ဆုံး အင်ဒီးရုပ်ရှင်ထဲမှာ သရုပ်ဆောင်ခဲ့ပေမယ့် ကိုယ့်မိသားစု စားဖို့ကိုတောင် လောက်ငှအောင် မပေးနိုင်ခဲ့ပါဘူး။ အခုဆိုရင်တော့ ကျွန်တော်လည်း အနေအထားတစ်ခု ရောက်နေပြီ ဆိုပေမယ့် ဒီလိုနေနိုင်ဖို့ tay လောက်အောင် ကြိုးစားခဲ့ရတာပါ။ ပြီးတော့ အဲဒီ Blair Witch Project ကိစ္စက အခုထိ ကျွန်တော့်အပေါ် သက်ရောက်မှု ရှိနေတုန်းပဲ …”

“ဧရာမကော်ပိုရေးရှင်းကြီးတွေက တက်သစ်စ လူငယ် artist တွေ သူတို့လက်ချက်နဲ့ ဘယ်လိုဖြစ်ကျန်ခဲ့မယ်ဆိုတာ ဂရုမစိုက်ကြဘူးဗျ။ ဒါလုံးဝအဓိပ္ပာယ်မရှိတာပဲ။ ဒါမျိုးတွေက ပြောင်းလဲသင့်နေပါပြီ။ အနည်းဆုံးတော့ဗျာ … နောက်တက်လာမယ့် လူငယ်လေးတွေကို ကျွန်တော်တို့လိုမျိုး မလုပ်မိစေဖို့ သတိပေးရာရောက်မယ် ထင်ပါတယ် …”လို့ သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ Michael C. Williams က Variety ကို ပြောထားပါတယ်။

Vancouver

Source: variety

RELATED ARTICLES

Most Popular