HomeCelebs Update NewsInternationalBFFဖြစ်တဲ့ Drew Barrymore အရက်စွဲတာကို မကြည့်ရက်နိုင်ခဲ့ဘူးဆိုတဲ့ Cameron Diaz

BFFဖြစ်တဲ့ Drew Barrymore အရက်စွဲတာကို မကြည့်ရက်နိုင်ခဲ့ဘူးဆိုတဲ့ Cameron Diaz

တစ်ခေတ်တစ်ခါက မြန်မာပရိသတ်တွေကြားမှာ Charlie’s Angels ဇာတ်ကားနဲ့ လူသိများခဲ့တဲ့ မင်းသမီးချော Drew Barrymore ဟာ အရက်စွဲတဲ့အဖြစ်ကို ရောက်ရှိခဲ့ပြီး သူမအတွက်သာမက သူမကိုချစ်ခင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက်ပါ ခက်ခဲတဲ့ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် Barrymore ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက် ဖြစ်တဲ့ မင်းသမီး Cameron Diaz အတွက်လည်း ဒီကိစ္စဟာ စိတ်မချမ်းသာစရာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အသက်(၄၈)နှစ်ရှိပြီဖြစ်တဲ့ Drew Barrymore ဟာ ဒီအကြောင်းကိုတော့ မကြာသေးခင်က ထုတ်ဝေဖြန့်ချိခဲ့တဲ့ The Los Angeles Times သတင်းစာထဲမှာ ပြောပြထားတာ ဖြစ်ပါတယ်။ သူမ အရက်စွဲသွားတဲ့ အကြောင်းရင်းကတော့ ၂၀၁၆ ခုနှစ်မှာ ခင်ပွန်းသည် Will Kopelman နဲ့ ကွာရှင်းခဲ့ရလို့ပဲ ဖြစ်ပါတယ်။

Photo: cameron_diaz_p/ Instagram

ဒါ့အပြင် အဆိုပါသတင်းဌာနနဲ့ပဲ Barrymore ရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်သူ Cameron Diaz ကလည်း အင်တာဗျူးလုပ်ထားပြီး Barrymore တစ်ယောက် အရက်တွေစွဲပြီး ဖြစ်ပျက်နေတာကို ကြည့်ရတာ စိတ်မချမ်းသာနိုင်ခဲ့ဘူးလို့ ရင်ဖွင့်သွားပါတယ်။ သို့သော်လည်း သူမရဲ့သူငယ်ချင်းဟာ ဒါတွေအားလုံးကို ဖြတ်ကျော်သွားနိုင်ပြီး အားလုံးကို ရှင်းလင်းနိုင်လိမ့်မယ်လို့ စိတ်ထဲမှာ ယုံကြည်နေခဲ့တယ်လို့လည်း Diaz က ဆိုပါတယ်။

“သူ အဲဒီလိုတွေ ဖြစ်နေခဲ့ပေမယ့် ကျွန်မစိတ်ထဲမှာ သိနေခဲ့တာရှိတယ်။ ကျွန်မတို့အားလုံးဟာ သူ့နားကမခွာသွားဘဲ သူလိုအပ်တာမှန်သမျှကို ပံ့ပိုးကူညီပေးနေခဲ့မယ်ဆိုရင် သူလျှောက်ရမယ့်လမ်းကို ရှာတွေ့လိမ့်မယ်လို့ ကျွန်မသိနေခဲ့တယ်။ ပြောရရင် သူ့အပေါ်မှာ ကျွန်မလုံးဝကိုယုံကြည်တယ် …”

“သူကလေးတုန်းကဆိုရင်လည်း သူ့ဘဝ ဘယ်လောက်ခက်ခဲခဲ့တယ်ဆိုတာ ရှင်တို့နားလည်မှာတောင် မဟုတ်ဘူး။ ဒါပေမယ့် သူဟာ တစ်ခြားတစ်ဘက်ကနေ ကြည့်ပြီး သူ့ကိုယ်သူ ကယ်တင်နိုင်ခဲ့တာပဲ …”လို့ Cameron Diaz က ပြောပါတယ်။

Photo: drewbarrymore/ Instagram

တကယ်တော့ Barrymore နဲ့ Diaz တို့ဟာ ကလေးဘဝတည်းက သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတာပါ။ Barrymore တစ်ယောက် အသက်(၁၄)နှစ်အရွယ်တုန်းက ကော်ဖီဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတဲ့အချိန်မှာပဲ Diaz ဟာလည်း အဲဒီကော်ဖီဆိုင်ကိုလာရင်း နှစ်ယောက်သား အခင်ဆုံး အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားကြတာ ယနေ့အထိပါပဲ။

Drew Barrymore ကတော့ သူမဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ နာမည်ကျော်ကြားမှုတွေ၊ အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ သူမကိုယ်သူမ မလုံလောက်ဘူးလို့ ခံစားရတဲ့အတွက် ဆယ်စုနှစ်တစ်ခုခန့် ကြာမြင့်အောင် နာမည်ကြီး therapist တွေနဲ့ ဆွေးနွေးမှု ယူခဲ့ရတာ ဖြစ်ပါတယ်။ သို့သော်လည်း အဲဒီနောက်မှာတော့ သူမဟာ ပိုမကောင်းလာဘဲ အရက်စွဲလန်းမှုက ပြင်းထန်လာတဲ့အတွက် therapist ကပါ လက်လျှော့သွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

Photo: drewbarrymore/ Instagram

“ကျွန်မ therapist က ဘာ‌ပြောလည်းဆိုတော့ ငါ ဆက်မလုပ်နိုင်တော့ဘူးတဲ့။ ဘာကြောင့်လည်းဆိုတော့ ကျွန်မရဲ့ အရက်စွဲနေတဲ့ ကိစ္စကြောင့်ပါပဲ။ အဲဒါနဲ့ ကျွန်မလည်း ရပါတယ်လို့ ပြောလိုက်တယ်။ ကျွန်မ ရှင့်ကို တစ်ခါမှ မလေးမစား မဆက်ဆံခဲ့ဖူးပါဘူးလို့။ ဒါပေမယ့် ရှင်မြင်တဲ့အတိုင်းပဲ ကျွန်မက ပိုမကောင်းလာဘူးလေ။ အဲဒီတော့ တစ်နေ့နေ့မှာတော့ ရှင့်ရဲ့ယုံကြည်မှုကို ကျွန်မပြန်ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်လို့ ပြောလိုက်တယ် …” လို့ Barrymore က ဆိုပါတယ်။

သူမရဲ့အမှောင်မိုက်ဆုံးအချိန်တွေ ကုန်ဆုံးဖို့ဖြစ်လာစေတာကတော့ သူငယ်ချင်းတွေရဲ့ ဖေးမအားပေးမှုနဲ့အတူ ၂၀၁၉ ခုနှစ်မှာ သူမရဲ့ကိုယ်ပိုင် talk show ဖြစ်တဲ့ The Drew Barrymore Show အတွက် ကမ်းလှမ်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

“ဒီလိုရှိုးမျိုးနဲ့ ကမ်းလှမ်းခံလိုက်ရတာက ကျွန်မအတွက်တော့ တကယ်ကို ဟတ်ထိစရာပါပဲ။ အဲဒီမှာတင် ငါကောင်းကောင်းမွန်မွန် မဖြစ်နေဘဲ ဒါကိုတော့ လုပ်နိုင်မှာ မဟုတ်ဘူးလို့ တွေးမိတော့တာပဲ … “လို့ဆိုကာ သူမရဲ့နုတ်ထွက်သွားတဲ့ therapist နဲ့ ပြန်လည်ညှိနှိုင်းပြီး ဆွေးနွေးမှု ရယူကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေတဲ့ Drew Barrymore အဖြစ် ပရိသတ်တွေအရှေ့ကို တစ်ခေါက်ပြန်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular