HomeCelebs Update NewsInternationalအွန်လိုင်းပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်ခံခဲ့ရတဲ့ ဟောလိဝုဒ်ဆယ်လီများ

အွန်လိုင်းပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်ခံခဲ့ရတဲ့ ဟောလိဝုဒ်ဆယ်လီများ

ဘာပဲလုပ်လုပ် မကောင်းမြင်တဲ့သူတွေ၊ ဆဲတဲ့သူတွေ ရှိတာဟာ သဘာဝတစ်ခုပဲ ဆိုပေမယ့် ခံရတဲ့လူတွေဘက်က ကြည့်ရင်လည်း မနာကျင်ရတဲ့အခါဆိုတာ မရှိပါဘူး။ အထူးသဖြင့် အောင်မြင်ကျော်ကြားနေတဲ့ ဆယ်လီတွေဆိုရင် လူတွေအားလုံးရဲ့ မျက်စိရှေ့ကို ရောက်နေလို့ ပိုပြီးတော့ တိုက်ခိုက်ပြောဆိုခံရလေ့ ရှိပါတယ်။ ဆယ်လီတစ်ယောက် ဖြစ်လာရင် ဒါတွေကို ခံနိုင်ရည် ရှိရမယ်ဆိုပေမယ့် ဘယ်အရာမှာမဆို အတိုင်းအတာ လစ်မစ်ဆိုတာ ရှိပါတယ်။ အခုကတော့ အဲ့ဒီ့အတိုင်းအတာထက်ကို ပိုကျော်လွန်ပြီး အင်တာနက်ပေါ်မှာ ပြင်းထန်တဲ့ ဝေဖန်ထိုးနှက်မှုတွေကို ခံခဲ့ရတဲ့ ဟောလိဝုဒ်က ဆယ်လီတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

မြွေတွင်းထဲ ပစ်ချခံခဲ့ရတဲ့ Taylor Swift
Photo: taylorswift/ Instagram

၂၀၁၆ခုနှစ်ဟာ Taylor အတွက် ခက်ခဲတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ဖြစ်ပုံကတော့ သူမရဲ့ရည်းစားဟောင်း Calvin Harris ရဲ့ နာမည်ကြီးသီချင်း This is What You Came For ကို Taylor က နာမည်ဝှက်နဲ့ ကူရေးပေးခဲ့တဲ့အကြောင်း ပေါ်သွားတဲ့အချိန်က စပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ Calvin က ” သူကတော့ ရည်းစားဟောင်းတွေကို အမြဲတမ်း ထိုးချနေတတ်ပြီး Katy လိုလူတွေကိုလည်း မြေမြုပ်ပစ်ဖို့ အမြဲတမ်း ပွဲရှာနေတတ်တယ်…” လို့ ရေးပြီး သူ့ရဲ့ twitter မှာ တင်ခဲ့ပါတယ်။ အဲ့ဒီ့အချိန်ဟာ Taylor နဲ့ Katy တို့ ခွာပြဲ၊ ရန်ထောင်နေကြတဲ့ အချိန်လည်းဖြစ်လို့ အဆိုပါ Calvin ရဲ့ပို့စ်အောက်မှာ Katy က ဟီလာရီ ကလင်တန်ပုံနဲ့ GIF file ကို လာမန့်သွားခဲ့ပါတယ်။

ဒီက အစပျိုးတဲ့မီးဟာ hater တွေအတွက် အခွင့်ကောင်းရသွားပြီး Taylor ရဲ့ IG တစ်ခုလုံးမှာ မြွေပုံ အီမိုဂျီတွေနဲ့ ပြည့်နှက်နေအောင် ဝိုင်းထိုးနှက်ခဲ့ကြပါတယ်။ ဒါ့အပြင် Taylorswiftisover ဆိုတဲ့ hashtag ကိုလည်း Twitter မှာ trend ဖြစ်အောင် လုပ်ခဲ့ကြပါသေးတယ်။

Photo: taylorswift/ Instagram

ကိစ္စတွေက ဒီမှာတင် ပြီးမသွားသေးဘဲ Kim Kardashian ရဲ့ လက်ချက်နဲ့ ပိုပြီးကြီးမားသွားခဲ့ပါတယ်။ အဲ့ဒါကတော့ Kim ဟာ နိုင်ငံတကာမြွေများနေ့မှာ Taylor ကိုစောင်းမြောင်းပြီး Twitter မှာ ပို့စ်တင်ခဲ့တာပါ။ ” အမလေး … အကုန်လုံးအတွက်ကို အားလပ်ရက်တွေက ရှိနေတော့တာပဲနော်။ ခုရက်ပိုင်းမှာဆို လူတိုင်း.. အရာရာတိုင်းအတွက်ကိုပဲနော်။ သိတယ်မှတ်လား… ” ဆိုပြီး တင်ခဲ့တာပါ။

Kim ရဲ့ဆိုလိုရင်းကတော့ Taylor နဲ့ သူ့ခင်ပွန်း Kanye West တို့ကြားက သီချင်းစာသားကိစ္စနဲ့ စကားများတာကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ Kanye ဟာ Famous ဆိုတဲ့သီချင်းတစ်ပုဒ်ကို ထုတ်လွှင့်ခဲ့ပြီး အဲ့ဒီ့သီချင်းထဲမှာ Taylor ကို “ကောင်မ..” ဆိုပြီး သုံးနှုန်းထားတာပါ။ ဒီအကြောင်းကို Taylor ကတော့ သူ့ကိုခွင့်မတောင်း၊ အသိမပေးဘူးလို့ ပြောခဲ့ပေမယ့် Kanye ကလည်း ခွင့်တောင်းပြီးမှ သုံးခဲ့တာပါလို့ ငြင်းခုန်ရင်း စကားများကြတာ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

ဒါကြောင့်ပဲ Taylor ဟာ Elle မဂ္ဂဇင်းအတွက် ရေးပေးတဲ့ အက်ဆေးတစ်စောင်မှာ သူမကို ဝိုင်းဝန်းထိုးနှက်ကြတဲ့အထဲမှာ မြွေမလို့ တင်စားပြီး ထိုးနှက်ချက်က သူမအတွက် အခံစားရဆုံး၊ အသိမ်ငယ်ရဆုံးလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ သို့ပေမယ့် အဲ့ဒီ့ထိုးနှက်ချက်တွေကိုပဲ သူမကိုယ်တိုင်အတွက် ပြန်လည်ကုစားမှု ရယူကာ သူမရဲ့ Reputation နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်မှာ (၆၃)ပေအရှည်ရှိတဲ့ မြွေဟောက်ပုံကြီးနဲ့ စင်ပေါ်မှာ ဖျော်ဖြေခဲ့ပါတယ်။ အဲ့ဒီ့ကစလို့ သူမကို တော်တော်များများက မြွေမလို့လည်း နာမည်ပြောင်နဲ့ ခေါ်ဝေါ်လာကြပါတယ်။

မျှော်လင့်ထားသလို မဖြစ်ခဲ့ရတဲ့ Scarlett Johansson
Photo: wikimedia commons

ထရိုးလ်တယ်ဆိုတာဟာ အင်တာနက်မှာတော့ ရိုးရာတစ်ခုလို ဖြစ်နေပေမယ့် Scarlett Johansson တစ်ယောက် Ghost in the Shell ရုပ်ရှင်မှာ သရုပ်ဆောင်တဲ့အခါမှာတော့ ထင်တာထက် ပိုတဲ့ အမုန်းတရားတွေ ရရှိခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း Ghost in the Shell ဟာ ဂျပန်နိုင်ငံကို အခြေပြုထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် အဓိက ဇာတ်ဆောင်ဟာ အာရှရုပ် ထွက်နေဖို့ လိုတယ်လို့ အများစုက သတ်မှတ်ထားကြပါတယ်။ အဲ့ဒီ့နေရာမှာ Scarlett က သရုပ်ဆောင်ထားတဲ့အခါ ဝေဖန်သံတွေ ထွက်လာကြပါတယ်။

သို့ပေမယ့် လူတစ်စုက Ghost in the Shell ရုပ်ရှင်ရဲ့ အွန်လိုင်း မားကတ်တင်းကို အပိုင်သိမ်းလိုက်တဲ့အခါမှာတော့ အမုန်းတရားတွေဟာ လယ်ဗယ်ပိုမြင့်သွားခဲ့ပါတယ်။ ရုပ်ရှင်ရဲ့ မူလကမ်ပိန်းကတော့ “မင်းကို ထူးခြားစေတာ ဘာလဲ?” ဆိုတဲ့ မေးခွန်းနဲ့အတူ meme လုပ်ခိုင်းတာပါ။ အသုံးပြုသူတွေဟာ သူတို့ကိုယ်တိုင်ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကို စိတ်အားတက်ဖွယ်ရာ ရေးသားပြီး မိမိရဲ့ရုပ်ပုံနဲ့အတူ meme တစ်ခု လုပ်ရတာ ဖြစ်ပါတယ်။

Photo Credit: time

မူလကတော့ ရုပ်ရှင်ကို လူသိများပြီး ကြည့်ရှုသူများလာဖို့ ရည်ရွည်ထားပေမယ့် hater တွေရဲ့ တိုက်ခိုက်မှုကြောင့် လူမျိုးရေး မုန်းတီးခွဲခြားမှုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ Scarlett ဟာ ဇာတ်ကောင်နေရာနဲ့ မလိုက်ဖက်ဘဲ လူဖြူအမျိုးသမီးမို့ နေရာရတယ်လို့ ဆိုကာ လူဖြူအသားပေး မိန်းမဝါဒဆိုပြီး ထရိုးလ်ပေါင်းများစွာ ပျံ့နှံ့ခဲ့ပါတယ်။

လူမျိုးရေးခွဲခြားမှုတွေကြား ခေါင်းမော့ရင်ကော့ခဲ့တဲ့ FKA Twigs
Photo: fkatwigs/ Instagram

Robert Pattinson နဲ့ Kristen Stewart တို့ကို ရူးခါနေအောင် သဘောတူတဲ့ Twilight fan တွေ အများကြီး ရှိပါတယ်။ သို့ပေမယ့် Kristen ရဲ့ ပွေရှုပ်တဲ့သတင်းနဲ့အတူ သူတို့နှစ်ဦး ပြတ်သွားကြတဲ့အခါ ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေလည်း ရေစုန်မျောခဲ့ရပါတယ်။ သိပ်မကြာခင်မှာပဲ Robert ဟာ အချစ်သစ်တွေ့ပြီး R&B အဆိုတော် FKA Twigs နဲ့ တွဲလိုက်တဲ့အခါမှာတော့ ပရိသတ်တွေရဲ့ ဒေါသက ယမ်းပုံမီးကျ ဖြစ်သွားပါတော့တယ်။

ဂျမေကာ၊ စပိန်နဲ့ အင်္ဂလိပ်သွေးတွေ ရောထားတဲ့ FKA Twigs ဟာ လူမျိုးရေးအရ မုန်းတီးခံခဲ့ရပြီး Robert နဲ့လည်း မတန်ဘူးလို့တောင် အပြောခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ” အဲ့ဒါ ဘယ်လောက်ခက်တယ်ဆိုတာ ရှင်းပြဖို့တောင် ခက်တယ်။ တစ်ခါတစ်လေဆို အကုန်လုံးကို ရပ်တန့်ပစ်လိုက်ချင်တယ်။ ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ရင်း မှန်နဲ့မျက်နှာနဲ့ ပြေးဆောင့်ပစ်ချင်တဲ့အထိပဲ။ ကျွန်မက မျောက်တစ်ကောင် မဟုတ်ပါဘူးဆိုတာ သူတို့သိဖို့ လုံလောက်တဲ့ သက်သေပြနည်း ကျွန်မမှာ မရှိတော့ပါဘူး…” လို့တောင် ဖွင့်ပြောခဲ့ရတဲ့အထိပါပဲ။

စိတ်ပိုင်းဆိုင်ရာ ပိုမိုနိမ့်ပါးသိမ်ငယ်လာအောင် ထရိုးလ်ခံခဲ့ရတဲ့ Lily Allen
Photo: lilyallen/ Instagram

အဆိုတော် Lily Allen ဟာ ဝေဖန်တိုက်ခိုက်မှုတွေကို အမြဲလိုလို ခံနေရသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပုဂ္ဂိုလ်ရေးအရ မုန်းတီးနေတာနဲ့ပဲ အကုန်လုံးကို စုတ်ပြတ်သတ်သွားအောင် ထိုးနှက်ဝေဖန်ခံခဲ့ရတဲ့အချိန်ကတော့ ပိုဆိုးပါတယ်။ အချို့သော Twitter user တွေဆိုရင် သူမကို ရူးနေတယ်လို့ကို ပြောကြတာပါ။

သူမကို မုန်းတီးသူတွေက ရစရာမရှိအောင် တိုက်ခိုက်နေကြပေမယ့် လျစ်လျူရှုမနေဘဲ သူမရဲ့အခြေအနေကို အမှန်အတိုင်း ဖွင့်ပြောပြခဲ့ပါတယ်။ Lily ဟာ သူမမှာ စိတ်အတက်အကျမြန်ရောဂါ ရှိပြီး အခြားစိတ်ဒဏ်ရာတွေလည်း ရှိတယ်လို့ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၀ခုနှစ်မှာ လမစေ့ဘဲ စောမွေးလို့ သူမရဲ့သားလေးကို ဆုံးရှုံးခဲ့ရတဲ့အကြောင်းနဲ့ နောက်ဆက်တွဲအနေနဲ့ စိတ်ဒဏ်ရာ ကျန်နေခဲ့တဲ့ အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

Photo: lilyallen/ Instagram

သူမရဲ့အခြေအနေမှန်ကို သိသွားပြန်တော့လည်း သနားကရုဏာသက်ရမယ့်အစား ပိုပြီးတော့ ပြင်းပြင်းထန်ထန် ထိုးနှက်ဝေဖန်လာကြပြန်ပါတယ်။ မူးယစ်ဆေးတွေ အလွန်အကျွံ သုံးနေလို့ ကလေးပျက်ကျရတာပေါ့ဆိုတဲ့ စကားတွေနဲ့လည်း စွပ်စွဲလာကြပါတယ်။

Lily ကလည်း ကလေးပျက်ကျတာ မဟုတ်ကြောင်း၊ ကလေးဟာ လမစေ့သေးဘဲ စောမွေးလာတာဖြစ်ပြီး အချင်းက လည်ပင်းမှာ ပြန်ပတ်နေတာကြောင့် ကလေးက အသက်ဆုံးရှုံးသွားခဲ့တာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းချက် ထုတ်ထားပါတယ်။ အဲ့ဒီ့နောက် မကြာခင်မှာပဲ အင်တာနက်က ဝေဖန်သံတွေကို မခံနိုင်တော့လို့ ဆိုရှယ်မီဒီယာကနေ အနားယူသွားခဲ့ရတဲ့အထိပါပဲ။

ထိုးချဖို့ကြိုးစားပေမယ့် မိုတီဗေးရှင်းတွေ ပိုပိုရသွားတဲ့ Emma Watson
Photo: emmawatson/ Instagram

မင်းသမီးချောလေး Emma Watson ဟာ အွန်လိုင်းပေါ်မှာတော့ အဆိုးရွားဆုံးသော ခြိမ်းခြောက်မှုတွေကိုပဲ အမြဲလိုလို ကြုံရလေ့ ရှိပါတယ်။ အချိန်ကတော့ ကုလသမဂ္ဂရဲ့ အမျိုးသမီး ချစ်ကြည်ရေးသံအမတ်အဖြစ် ခန့်အပ်ခံရတဲ့ ၂၀၁၄ခုနှစ်မှာပဲ ပထမဆုံးအကြိမ်အနေနဲ့ ကိုယ်လုံးတီးဓာတ်ပုံတွေ ရှိတယ်ဆိုပြီး ခြိမ်းခြောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

Emma ဟာ အမျိုးသမီးအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူဖြစ်ပြီး အခုလို ခြိမ်းခြောက်မှုမျိုးနဲ့ ကြုံလာရတဲ့အခါမှာလည်း တည်တည်ငြိမ်ငြိမ်ပဲ ဖြေရှင်းနိုင်ခဲ့ပါတယ်။ အကြောင်းကတော့ သူမမှာ အဲ့လိုဓာတ်ပုံမျိုး မရှိဖူးတဲ့အတွက် တစ်ဖက်က ခြိမ်းခြောက်မှုဟာ ဗလာသပ်သပ်သာ ဖြစ်တဲ့အကြောင်း သိနေခဲ့လို့ပါပဲ။

Photo: emmawatson/ Instagram

ဒီအကြောင်းနဲ့ ပတ်သက်လို့လည်း ” ကျွန်မ အရမ်းဒေါသထွက်တယ်။ အမျိုးသမီးတွေဟာ အမြဲတမ်း ခြိမ်းခြောက်ခံနေရတယ်။ အဲ့ဒါကြောင့် ကျွန်မ ဒီအမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်တာတွေကို လုပ်နေရတာ။ သူတို့က ကျွန်မကို ဒီလိုတွေ မလုပ်နိုင်အောင် ခြိမ်းခြောက်လေ၊ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မက ပိုပြီးအောင်မြင်အောင် လုပ်ပြလေပဲ… ” လို့ ပြောထားပါသေးတယ်။

ပြိုလဲစေချင်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမှာ မဟုတ်တဲ့ Millie Bobby Brown
Photo: milliebobbybrown/ Instagram

နာမည်ကျော် Stranger Things စီးရီးထဲက Eleven လို့ လူသိများတဲ့ မင်းသမီးလေး Millie Bobby Brown ဟာလည်း အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ အွန်လိုင်းမှာ နာလန်မထူနိုင်အောင် တိုက်ခိုက်ခံခဲ့ရပါတယ်။ အမုန်းတရားတွေ မြစ်ဖျားခံရာကတော့ Millie ဟာ ဓာတ်ပုံတွဲရိုက်ဖို့ တောင်းဆိုတဲ့ အစ္စလာမ်ကျောင်းသူလေးကို ခေါင်းခြုံပဝါ မဖြုတ်ရင် မရိုက်ပေးနိုင်ဘူးလို့ ပြောတယ်ဆိုပြီး လူတစ်ယောက်က ပို့စ်တင်လိုက်ရာက စပါတယ်။ အဲ့ဒါတင်မက Millie ဟာ တစ်ဖက်က ကောင်မလေးရဲ့ ခေါင်းခြုံပဝါကို ဆွဲချွတ်လိုက်တယ်လို့လည်း ပြောထားပါသေးတယ်။

အသက်(၁၄)နှစ်အရွယ် ကောင်မလေး Millie ဟာ ဒီကိစ္စကို ကျူးလွန်ခဲ့ပါတယ်ဆိုတဲ့ သက်သေ ဘာတစ်ခုမှ မရှိပေမယ့် မုန်းတီးနေသူတွေကတော့ Millie Bobby Brown ကို ဖြုတ်ချဆိုတဲ့ hashtag နဲ့ Twitter မှာ trend လုပ်ခဲ့ကြပါတယ်။ အဲ့ဒီ့ကနေ တစစနဲ့ စကားတွေက ကားသွားပြီးတော့ Millie ဟာ လိင်တူချစ်သူတွေကိုလည်း မုန်းတီးရွံရှာသူ ဖြစ်တယ်ဆိုပြီး ဝိုင်းပြောလာကြပြန်ပါတယ်။

Photo: milliebobbybrown/ Instagram

တကယ်တမ်းမှာတော့ သူမဟာ LGBT တွေကို အားပေးသူတစ်ယောက်ပါ။ ဒါကြောင့်ပဲ သတင်းတုတွေ၊ အမုန်းတရားတွေနဲ့ ဝိုင်းအနိုင်ကျင့်နေကြတဲ့ ထရိုးလ်လောကကြီးကို စွန့်ခွာဖို့ သူမရဲ့ Twitter အကောင့်ကို ဖျက်ပစ်ခဲ့ပါတယ်။ MTV ကပေးတဲ့ ဆုပေးပွဲမှာ ဆုလက်ခံရယူတုန်းကလည်း ” ရှင်တို့မှာ ကောင်းတာတစ်ခုခု ပြောဖို့ မရှိဘူးဆိုရင် ဘာကိုမှ ပြောမနေကြပါနဲ့။ ဒီကမ္ဘာပေါ်မှာ အနိုင်ကျင့်တဲ့လုပ်ရပ်အတွက် နေရာမရှိသင့်ပါဘူး။ ကျွန်မအနေနဲ့လည်း ဒါကို သည်းခံမှာ မဟုတ်သလို ရှင်တို့အားလုံးလည်း သည်းမခံသင့်ပါဘူး… ” လို့ ပြောသွားတဲ့အထိပါပဲ။

ဒါကတော့ လိုတာထက်ပိုပြီး အင်တာနက်ပေါ်မှာ အမုန်းခံခဲ့ရသူတွေ ဖြစ်ပါတယ်။ အားလုံးလည်း အမုန်းစကားထက် ချစ်သောမျက်စိနဲ့ ရှုမြင်ကာ နှစ်လိုဖွယ်ရာကောင်းတဲ့ စကားများသာ ပြောနိုင်ကြပါစေလို့ ဆုမွန်ခြွေလိုက်ရပါတယ်။

LaNina
RELATED ARTICLES

Most Popular