HomeCelebs Update NewsInternationalCome Out လုပ်ခဲ့တုန်းက အတွေ့အကြုံတွေကို ပြောပြထားတဲ့ နာမည်ကြီး(၇)ယောက်

Come Out လုပ်ခဲ့တုန်းက အတွေ့အကြုံတွေကို ပြောပြထားတဲ့ နာမည်ကြီး(၇)ယောက်

လူတွေမှာ မွေးရာပါလိင်နဲ့ စိတ်က ဖြစ်ပေါ်လာတဲ့ လိင်ဆိုပြီး အမျိုးအစားနှစ်ခု ရှိပါတယ်။ လူအများစုကတော့ ဒီနှစ်မျိုးမှာ ထပ်တူကျပြီး straight တွေ ဖြစ်လာကြပါတယ်။ သို့သော်လည်း အချို့သောသူတွေမှာတော့ စိတ်ရဲ့ လိင်နဲ့ မွေးရာပါလိင်က မတူကွဲပြားတဲ့အခါ ဒါကိုနားလည်ဖို့နဲ့ လက်ခံဖို့ မိမိကိုယ်တိုင်က ကြိုးစား ရုန်းကန်ရပါတော့တယ်။

လိင်တိမ်းညွတ်မှုဆိုတာဟာ ကိုယ်တိုင်က ပြုပြင်စီရင်လို့ ရတာမဟုတ်ဘဲ မွေးရာပါဖြစ်တာကြောင့် မိမိရဲ့တကယ့် ပင်ကိုသဘာဝအတိုင်း နေထိုင်နိုင်ဖို့ မိမိရဲ့ လိင်တိမ်းညွတ်မှုကို မိမိရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်မှာ အသိပေး၊ ကြေညာရတာမျိုး လုပ်လာကြရပါတယ်။ ဒါဟာ တကယ်တမ်းမှာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မိမိရဲ့ လိင်တိမ်းညွတ်မှုကို တရားဝင်ကြေညာ အသိပေးပြီး come out လုပ်ခဲ့တဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေကတော့ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြထားတာ ရှိပါတယ်။

(1) Demi Lovato

Photo: ddlovato/ Instagram

“တကယ်တော့ စိတ်ထဲမှာ ခံစားချက်တွေ အရမ်းလှိုင်းထန်နေပေမယ့် ဒါဟာ တကယ့်ကို လှပတဲ့ အခိုက်အတန့်လေးပါ။ အားလုံးပြီးသွားတဲ့အချိန်မှာ တစ်ကိုယ်လုံး တုန်ရီပြီး ငိုနေခဲ့တာ။ စိတ်ထဲမှာ အရမ်းခံစားရတာပေါ့နော်။ ဒါပေမယ့် တကယ့် အံ့ဩစရာမိဘတွေကို ပိုင်ဆိုင်ထားရတော့ သူတို့က အရမ်းအားပေးကြပါတယ် … ” လို့ Demi က ဆိုပါတယ်။

“အဖေကတော့ … အေး တော်တော် သိသာပါတယ်လို့ပဲ ပြောတယ်။ ကိုယ်စိတ်အပူဆုံးကတော့ အမေပဲပေါ့။ ဒါပေမယ့် အမေကလေ သမီး ပျော်ရွှင်ဖို့က အဓိကပါလို့ ပြောလာတာ။ ပြောရရင် ဒါဟာ တကယ် အံ့ဩစရာအကောင်းဆုံး၊ အလှပဆုံးအချိန်လေးပါပဲ။ အရမ်းလည်း ကျေးဇူးတင်မိပါတယ် … ” လို့ သူတို့ မိဘတွေကို come out လုပ်ခဲ့တုန်းက အတွေ့အကြုံကို ဝေမျှထားပါတယ်။

Demi Lovato ဟာ ၂၀၂၁ ခုနှစ် မေလကပဲ non-binary အဖြစ် ကြေညာခဲ့ပြီး They/Them ဆိုတဲ့ နာမ်စားကို ပြောင်းလဲအသုံးပြုသွားမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ non-binary ဆိုတာကတော့ umbrella term တစ်ခု ဖြစ်ပြီး male လည်းမဟုတ်၊ female လည်း မဟုတ်တဲ့ gender binary တွေရဲ့ ပြင်ပက identity တွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

(2) Lil Nas X

Photo: lilnasx/ Instagram

Old Town Road သီချင်းရှင် rapper Lil Nas X ကတော့ ၂၀၁၉ ခုနှစ် ဇွန်လမှာ Twitter လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တရားဝင် come out လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Time မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ကလေးဘဝတည်းက “ဂေး ဖြစ်ရင် ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ဘူး” ဆိုပြီး သင်ကြားခဲ့ရကြောင်းနဲ့ သူ့ရဲ့ ပရိသတ်တွေက သူ့အတွက်နဲ့ လူတွေဆီက အကျဉ်ခံရမှာမျိုး စိုးရိမ်ကြောင်း ဖြေကြားခဲ့ပါတယ်။

“hip-hop ကို အဓိက နားထောင်တဲ့လူတွေအကြောင်း ကျွန်တော် သိပါတယ်။ သူတို့က homo တွေကို လက်မခံကြဘူးလေ … ” လို့လည်း ဆိုခဲ့ပါသေးတယ်။ သို့သော်လည်း ဇွန်လအစောပိုင်းမှာပဲ Montero ဟာ ဖခင်ဖြစ်သူနဲ့ အစ်မဖြစ်သူဆီမှာ ဂေးဖြစ်နေကြောင်း ပထမဆုံး ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် Pride Month အတွင်းမှာ LGBT အသိုင်းအဝိုင်းရဲ့ အားပေးထောက်ခံမှုများစွာကိုလည်း တွေ့ရှိခဲ့တာကြောင့် စကြဝဠာကြီးရဲ့ တိုက်တွန်းမှုနဲ့ လူသိရှင်ကြား come out လုပ်ခဲ့တာပါလို့ Montero က ဆိုပါတယ်။

(3) Miley Cyrus

Photo: mileycyrus/ Instagram

Miley Cyrus ကတော့ pansexual အဖြစ် ပွင့်လင်းစွာ ဝန်ခံထားသူ ဖြစ်ပြီး သူမရဲ့ မိဘတွေဟာ အစပိုင်းတုန်းက ဒါကို ကောင်းကောင်း နားမလည်ခဲ့ကြပါဘူးလို့ သူမရဲ့ come out လုပ်ခဲ့တဲ့ အတွေ့အကြုံကို Variety နဲ့ အင်တာဗျူးမှာ ပြောထားဖူးပါတယ်။

“ကျွန်မဘဝတလျှောက်လုံးမှာ ကျွန်မရဲ့ gender ကိုရော၊ လိင်တိမ်းညွတ်မှုကိုပါ နားမလည်ခဲ့ဘူး။ bisexual ဆိုတဲ့ စကားလုံးဝေါဟာရကို ကျွန်မ မုန်းတယ်။ ဘာလို့လည်းဆိုတော့ အဲဒီဝေါဟာရကိုက ကျွန်မကို ဘောင်တစ်ခုထဲ ထည့်ထားတယ်လို့ ခံစားရလို့။ ကျွန်မကိုယ်ကျွန်မ မိန်းကလေးလို့လည်း မတွေးဖူးသလို၊ ယောက်ျားလေးလို့လည်း မတွေးဖူးပါဘူး … ” လို့ Miley က ဆိုပါတယ်။

Photo: mileycyrus/ Instagram

“ငါးတန်း၊ ခြောက်တန်းလောက်မှာ ကျွန်မမျက်လုံးတွေ စပွင့်သွားခဲ့တာ။ ကျွန်မဘဝရဲ့ ပထမဆုံး relationship က ကောင်မလေးတစ်ယောက်နဲ့ပါ။ ကျွန်မက ဘာသာတရား အရမ်းကိုင်းရှိုင်းတဲ့ တောင်ပိုင်းမိသားစုတစ်ခုမှာ ကြီးပြင်းလာခဲ့ရတဲ့သူလေ။ ဒါပေမယ့် စကြဝဠာကြီးက တစ်နေ့မှာတော့ ကျွန်မ အဆင်ပြေလိမ့်မယ်ဆိုတဲ့ စွမ်းအားတစ်ခုကို ကျွန်မဆီ အမြဲတမ်း ပေးနေခဲ့တာ။ အဲဒီအချိန်တုန်းက ကျွန်မမိဘတွေ ကျွန်မကို နားမလည်ခဲ့တုန်းကတောင် တစ်နေ့တော့ သူတို့နားလည်လာမှာလို့ စိတ်ထဲမှာ ခံစားခဲ့မိတယ် … “လို့ သူမရဲ့ ခံစားချက်ကို ပြောခဲ့ပါတယ်။

“ကျွန်မအမေက ၈၀ ခုနှစ်ဝန်းကျင်က ရော့ခ်ကာတစ်ယောက်လိုပဲလေ။ ရွှေရောင်ဆံပင်နဲ့၊ ရင်သားကြီးကြီးနဲ့။ သူက မိန်းမဖြစ်ရတာကို အရမ်းနှစ်သက်တဲ့သူလေ။ ကျွန်မကတော့ မိန်းကလေးတစ်ယောက်ဆိုတဲ့ ဘဝကို ဘယ်တော့မှ ဆက်စပ်ခံစားပေးလို့ မရခဲ့ဘူး။ အဲဒီလိုပဲ ယောက်ျားလေးဆိုတာကလည်း ကျွန်မအတွက် ပျော်စရာကောင်းမနေပြန်ဘူး။  LGBTQ ဆိုတဲ့ စကားလုံးတွေက ရှေ့ကို အများကြီး ဆက်သွားသင့်သေးတယ်လို့ ထင်တယ်။ ပြီးတော့ pansexual ကို ကိုယ်စားပြုတဲ့ P လည်း ပါဝင်သင့်တယ် … ” လို့ Miley က သူမရဲ့ come out လုပ်တဲ့ အတွေ့အကြုံကို ပြောပြထားပါတယ်။

pansexual ဆိုတာကတော့ လူတစ်ယောက်ကို ချစ်ခင်နှစ်သက်ဖို့အတွက်ရော၊ လိင်ပိုင်းအရ ဆွဲဆောင်မှု ခံစားရဖို့အတွက်ပါ gender သတ်မှတ်ချက် မလိုသူတွေ ဖြစ်ပါတယ်။ အများအားဖြင့် pansexual တွေဟာ သူတို့ကိုယ်သူတို့  gender-blind လို့လည်း ရည်ညွှန်းတတ်ကြပါတယ်။

(4) Sam Smith

Photo: samsmithamerica/ Instagram

Sam Smith ကတော့ ၂၀၁၉ ခုနှစ် မတ်လမှာ Jameela Jamil နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ non-binary အဖြစ် come out လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့အတွက် သုံးနှုန်းမယ့် နာမ်စားကိုလည်း They/Them အဖြစ် သုံးနှုန်းပေးဖို့ တောင်းဆိုထားပါတယ်။

“Non-binary ဒါမှမဟုတ် genderqueer ဆိုတာ gender တစ်ခုအနေနဲ့ သတ်မှတ်မခံတာမျိုးကို ပြောတာပါ။ မတူညီတဲ့အရာတွေအားလုံးကို ရောမွှေထားတဲ့သူပဲ။ ခင်ဗျားဟာ ဘယ်သူနဲ့မှ မတူတဲ့ ကိုယ်ပိုင်ဖန်တီး ဖြစ်တည်နေသူပဲ။ ကျုပ်ကတော့ အဲဒီလိုပဲ လက်ခံထားတယ်။ ကျုပ်ဟာ မိန်းမလည်း မဟုတ်ဘူး။ ယောက်ျားလည်း မဟုတ်ဘူး။ ထင်တာတော့ အဲဒီနှစ်ခုကြားထဲမှာ ရောင်စဉ်သက်တံ့တစ်ခုလိုပဲ လွင့်မျောနေတယ်လို့ ကိုယ့်ကိုယ်ကို ထင်ပါတယ် … ” လို့ Sam က ဆိုထားပါတယ်။

Sam ဟာ သူ့ရဲ့ လိင်တိမ်းညွတ်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုနားလည်လာသလည်းဆိုတဲ့ မေးခွန်းကိုတော့ အခုလို ဖြေကြားထားပါတယ်။ “တခါတလေကျရင် ကိုယ့်ဘာသာ ထိုင်စဉ်းစားတယ်။ ငါ လိင်ပြောင်းချင်တာလား? အခုထိ အဲဒီဟာက စဉ်းစားနေဆဲအရာပဲ။ ငါ အဲဒါလုပ်ချင်သလားပေါ့။ ဒါပေမယ့် အဲလိုလည်း မပြောင်းချင်ဘူးလို့ ထင်တယ် … ” လို့ ပြောပါတယ်။

(5) Sarah Paulson

Photo: mssarahcatherinepaulson/ Instagram

Sarah Paulson ကတော့ ၂၀၀၅ ခုနှစ်မှာ အမှတ်မထင်ပါဘဲ သူမကိုယ်သူမ လိင်တူကြိုက်သူမှန်း ဖွင့်ချလိုက်မိတယ်လို့ ဆိုပါတယ်။ သူမဟာ အဲဒီကာလတုန်းက မင်းသမီး Cherry Jones နဲ့ တွဲနေတာ ဖြစ်ပြီး Cherry ဟာ Tony Awards ရရှိသွားပါတယ်။

“သူက Tony Awards ရသွားတာလေ။ အဲဒီမှာ သူ့ကို ကျွန်မ နမ်းလိုက်တယ်။ ရုတ်တရက်ပဲ ကျွန်မ လိင်တူကြိုက်မှန်း ဖွင့်ချလိုက်မိတာပေါ့။ အဲဒီအချိန်တုန်းကတော့ အဲလိုလည်း မတွေးမိခဲ့ပါဘူး။ ကိုယ်ချစ်တဲ့လူတစ်ယောက်က တကယ့် ဂုဏ်သိက္ခာရှိတဲ့ သရုပ်ဆောင်ထူးချွန်ဆု ရသွားတာလေ။ အဲလိုအခြေအနေမှာ လူတိုင်း ကျွန်မလိုပဲ လုပ်မိမှာပါ။ အဲလို မဟုတ်ရင် ကျွန်မက ဘာလုပ်ရမှာလဲ? သူ့ကျောလေးကို ပုတ်ပြီး “တော်တယ် သားကြီး”လို့ ပြောရမှာလား? … ” လို့ Sarah က ပြောခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ သူမဟာ မင်းသမီး Holland Taylor နဲ့ တွဲနေပါတယ်။

(6) Ellen DeGeneres

Photo: ellendegeneres_fc/ Instagram

Ellen ကတော့ ၁၉၉၇ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ The Ellen Show ရဲ့ “The Puppy Episode” မှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လူသိရှင်ကြား come out လုပ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း သူမရဲ့ လိင်တိမ်းညွတ်မှုကို မိခင်ဖြစ်သူဆီမှာ ဖွင့်ဟခဲ့ချိန်ကတော့ အဲဒီထက် အများကြီး စောတယ်လို့ သိရပါတယ်။ Ellen ဟာ သူမ အသက်(၂၀)နှစ်အရွယ် ၁၉၇၈ ခုနှစ်ရဲ့ နွေရာသီမှာပဲ မိခင် Betty ဆီမှာ သူမ ဂေးဖြစ်ကြောင်း ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မတို့ ကမ်းခြေမှာ ဘောင်းဘီတွေကို လိပ်တင်ပြီး ခြေဗလာနဲ့ လမ်းလျှောက်နေကြတဲ့အချိန်ပေါ့။ အဲဒီမှာ အမေ့ကို ကျွန်မတော့ ချစ်မိနေပြီလို့ ပြောလိုက်တယ်။ အမေကလည်း ဒါ ကောင်းတာပေါ့လို့ ပြန်ပြောတယ်။ အဲဒီမှာ ကျွန်မက ပြန်ပြောလိုက်တယ်။ မိန်းကလေးတစ်ယောက်နဲ့ ချစ်နေတာပါ အမေလို့။ အမေက ကျွန်မကို ဂေးဖြစ်နေပြီလို့ ပြောပြီး ငိုတော့တာပဲ။ ကျွန်မလည်း အမေနဲ့အတူ လိုက်ငိုခဲ့တယ် ထင်တယ် … ” လို့ 20 / 20 ရဲ့ Mother Daughter အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

(7) Ruby Rose

Photo: rubyrose/ Instagram

Ruby Rose ကတော့ ဂေးဖြစ်နေကြောင်း မိခင်ဖြစ်သူဆီမှာ ဝန်ခံခဲ့ရာမှာ သူမ မိခင်ဟာ လုံးဝအံ့ဩမှုတောင် မရှိခဲ့ဘူးလို့ ဆိုပါတယ်။ “ကျွန်မ အသက်(၆)နှစ်လောက်မှာတည်းက အမေက သိနေခဲ့တာတဲ့လေ။ ငယ်ငယ်တုန်းက ဂေးရော၊ လက်စ်ဘီယန်ရော လုံးဝမတွေ့ခဲ့ဖူးတာ။ အဲဒီတော့ ကျွန်မအဖြစ်ကို ဘယ်လိုစကားလုံးသုံးပြီး ပြောပြရမှန်း မသိခဲ့ဘူး … ” လို့ ဆိုပါတယ်။

“အဲဒါနဲ့ ကျွန်မလည်း အမေ့ကို အသိပေးထားချင်တာ ရှိပါတယ်။ ကျွန်မ ကောင်လေးထားဖို့ အရွယ်ရောက်လာပြီဆိုရင် ကျွန်မတွဲမယ့်လူက မိန်းကလေးပဲ ဖြစ်လိမ့်မယ်လို့ ပြောလိုက်တာ။ အဲ့မှာ အမေက ပြန်ပြောတယ်။ အမေ သိပါတယ်တဲ့ … ” လို့ သူမရဲ့ မိခင်ဆီမှာ come out လုပ်ခဲ့တဲ့ အမှတ်တရကို ပြောပြဖူးပါတယ်။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular