HomeCelebs Update NewsInternationalဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခံထားရတဲ့ နာမည်ကျော်ဆယ်လီများ

ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခံထားရတဲ့ နာမည်ကျော်ဆယ်လီများ

စာပေ၊ ဂီတ၊ ရုပ်ရှင်အစရှိတဲ့ နယ်ပယ်တွေမှာတော့ ထူးချွန်ပြောင်မြောက်တဲ့ အနုပညာရှင်တွေကို နယ်ပယ်အလိုက် ချီးမြှင့်ပေးနေတဲ့ ထူးချွန်ဆုများစွာ ရှိပါတယ်။ လူအများစု စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရတဲ့ Grammys ၊ Oscars ၊ Emmys အစရှိတဲ့ ရုပ်ရှင်၊ ဂီတထူးချွန်ဆုတွေမှာ ဆုတွေ တပွေ့တပိုက် ရရှိထားကြသူတွေ ရှိပါတယ်။ သို့သော်လည်း တချို့ကတော့ သူတို့ရဲ့ အနုပညာတွေနဲ့ နိုင်ငံနဲ့ လူမှုပတ်ဝန်းကျင်အတွက် ဂုဏ်တက်စရာ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားကြတာကြောင့် နာမည်ကျော် တက္ကသိုလ်ကြီးတွေက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေကိုပါ ရရှိထားကြပါတယ်။

Meryl Streep

Photo Credit: STUART CAHILL/ MEDIA NEWS GROUP/BOSTON HERALD VIA GETTY IMAGES

ဟောလိဝုဒ်ရဲ့ ဂန္ထဝင်စာရင်းဝင် နာမည်ကျော် မင်းသမီးကြီး Meryl Streep ကတော့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များစွာကို ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။ မင်းသမီးကြီးဟာ ၁၉၇၅ ခုနှစ်မှာ Yale တက္ကသိုလ်က ဘွဲ့ရရှိခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ရုပ်ရှင်လောကမှာ တဟုန်ထိုး နာမည်ကျော်ကြားလာပြီးနောက် ၁၉၈၃ ခုနှစ်မှာတော့ honorary Doctor of Fine Arts ဆိုတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို Yale တက္ကသိုလ်ကနေပဲ ချီးမြှင့်ခံခဲ့ရပါတယ်။

ဒါတင်မက မင်းသမီးကြီးဟာ ၂၀၀၉ ခုနှစ်မှာ Darmouth University နဲ့ Princeton University တို့က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့၊ ၂၀၁၀ ခုနှစ်မှာ Harvard University က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့နဲ့ ၂၀၁၄ ခုနှစ်မှာတော့ Indiana University က ချီးမြှင့်တဲ့ ဒေါက်တာဘွဲ့တွေကို ထပ်မံ ရရှိခဲ့ပါတယ်။

Muhammad Ali

Photo Credit: KATHY WILLENS/ AP/ SHUTTERSTOCK

ဂန္ထဝင် လက်ဝှေ့သမားကြီး Muhammad Ali ကတော့ လက်ဝှေ့အားကစားကို စိတ်မဝင်စားတဲ့ သာမန်လူတွေကြားမှာတောင် နာမည်ကြီးသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ၁၉၉၄ ခုနှစ်မှာ Mount Ida ကောလိပ်၊ ၁၉၉၉ ခုနှစ်မှာ Columbia တက္ကသိုလ် ၊ ၂၀၀၉ ခုနှစ်မှာ Muhlenberg ကောလိပ်တို့က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၇ ခုနှစ်မှာလည်း Princeton University က ချီးမြှင့်တဲ့ honorary Doctor of Humanities ဘွဲ့ကိုပါ ထပ်မံ ရရှိခဲ့ပါတယ်။

Aretha Franklin

Photo Credit: PAUL MAROTTA/ GETTY

Soul ဂီတရဲ့ ဂန္ထဝင်အဆိုတော်ကြီး Aretha Franklin ကတော့ Queen of Soul ဆိုတဲ့ ပရိသတ်တွေက ပေးထားတဲ့ ဘွဲ့အမည်ကိုပါ ရရှိထားသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Aretha ဟာ နာမည်ကျော်ကြားတဲ့ တက္ကသိုလ်၊ ကောလိပ်တွေဖြစ်တဲ့ Princeton University ၊ Yale University ၊ Berklee College of Music တို့က ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေကို ရရှိထားတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ Aretha ဟာ Harvard University ရဲ့ commencement ceremony မှာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခံခဲ့ရတဲ့ (၈)ဦးထဲမှာ ပါဝင်ခဲ့ပါတယ်။ သူမကို ချီးမြှင့်ခဲ့တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကတော့ honorary Doctor of Arts ဘွဲ့ ဖြစ်ပါတယ်။

Denzel Washington

Photo Credit: GILBERT CARRASQUILLO/ GETTY IMAGES

သရုပ်ဆောင်ပညာမှာ ပြောင်မြောက်ပြီး ပိုင်နိုင်လွန်းတဲ့ မင်းသားကြီး Denzel Washington ကတော့ ၂၀၁၁ ခုနှစ်မှာ University of Pennsylvania က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ရရှိခဲ့ပြီး အဆိုပါ တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်မှာပါ မိန့်ခွန်းပြောကြားခဲ့ရပါတယ်။

Oprah Winfrey

Photo Credit: FOTO24/ GALLO IMAGES/ GETTY IMAGES

နာမည်ကျော် တင်ဆက်သူ Oprah Winfrey ကတော့ Ivy Leagues အပါအဝင် နာမည်ကျော် တက္ကသိုလ်၊ ကောလိပ်တွေက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များစွာကို ရရှိထားသူ ဖြစ်ပါတယ်။

သူမဟာ ၂၀၀၂ ခုနှစ်မှာတော့ Princeton University က ချီးမြှင့်တဲ့ honorary Doctor of Fine Arts ဘွဲ့၊ ၂၀၀၉ ခုနှစ်မှာ Duke University က ချီးမြှင့်တဲ့ honorary Doctor of Humane Letters Degree ဘွဲ့နဲ့ ၂၀၁၃ ခုနှစ်မှာ Harvard University က ချီးမြှင့်တဲ့ honorary Doctor of Laws Degree ဘွဲ့တွေကို ရရှိထားပါတယ်။

ဒါတင်မက တောင်အာဖရိကနိုင်ငံရဲ့ ပညာရေးလုပ်ငန်းတွေအတွက် ဆောင်ရွက်ပေးခဲ့တဲ့ သူမရဲ့ လုပ်ဆောင်ချက်တွေကြောင့်လည်း ၂၀၁၁ ခုနှစ်မှာ University of the Free State က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကိုပါ ရရှိခဲ့ပါသေးတယ်။

Ben Affleck

Photo Credit: MIKE COHEA/ BROWN UNIVERSITY VIA GETTY IMAGES

နာမည်ကျော် မင်းသား Ben Affleck ကတော့ ၂၀၁၃ ခုနှစ်မှာပဲ Brown University က ချီးမြှင့်တဲ့ honorary Doctor of Fine Arts ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့ပါတယ်။

Kanye West

Photo Credit: DANIEL BOCZARSKI/ WIREIMAGE

နာမည်ကျော် ရက်ပ်ပါ Kanye West ကတော့ ဂီတဘက်ကို ဇောက်ချလုပ်ကိုင်ဖို့အတွက် အသက်(၂၀)နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့သူ ဖြစ်ပါတယ်။ သို့သော်လည်း သူ့ရဲ့ ဂီတစကေးကြောင့်ပဲ ၂၀၁၅ ခုနှစ်မှာတော့ School of the Art Institute of Chicago က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ရရှိခဲ့ပါတယ်။

Ed Sheeran

Photo Credit: PA IMAGES/ SIPA

နာမည်ကျော် artist တစ်ဦးဖြစ်တဲ့ Ed Sheeran ဟာလည်း ဂီတမှာ မြှုပ်နှံဖို့အတွက် အသက်(၁၆)နှစ်တည်းက ကျောင်းထွက်ခဲ့သူ ဖြစ်ပါတယ်။ သို့သော်လည်း ဂီတမှာ ပါရမီထူးတဲ့ Ed ရဲ့ ဂီတဖန်တီးမှုတွေကြောင့် ၂၀၁၅ ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံ University Campus Suffolk က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ရရှိခဲ့ပါတယ်။ ဒီအတွေ့အကြုံနဲ့ ပတ်သက်ပြီး “ကျွန်တော် ဒီနေ့ ဘွဲ့ရခဲ့ပြီ။ အခုဆိုရင် ကျွန်တော်ဟာ တရားဝင် ဒေါက်တာ Sheeran ဖြစ်သွားပါပြီ …” လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါသေးတယ်။

Lionel Richie

Photo Credit: PAUL MARROTA/ GETTY

legendary artist တစ်ယောက်ဖြစ်တဲ့ Lionel Richie ကတော့ ၂၀၁၇ ခုနှစ်မှာပဲ Berklee College of Music က ချီးမြှင့်တဲ့ honorary Doctor of Music Degree ဘွဲ့ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါကောလိပ်ရဲ့ ဘွဲ့နှင်းသဘင်မှာပါ မိန့်ခွန်းပြောကြားခဲ့ရပြီး ကျောင်းသားတွေနဲ့အတူ ဘွဲ့နှင်းသဘင်ရဲ့ စင်မြင့်ထက်မှာပါ ဖျော်ဖြေသွားပါသေးတယ်။

Justin Timberlake

Photo Credit: PAUL MARROTA/ GETTY

နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် Justin Timberlake ဟာလည်း ၂၀၁၉ ခုနှစ်မှာ Berklee College of Music က ချီးမြှင့်တဲ့ honorary Doctor of Music Degree ကို ရရှိခဲ့ပါတယ်။ Justin ဟာ ဘွဲ့နှင်းသဘင်မှာပါ မိန့်ခွန်းပြောကြားခွင့် ရရှိခဲ့ပြီး သူ့ရဲ့မိန့်ခွန်းထဲမှာတော့ ဇနီးဖြစ်သူ Jessica Biel ကိုပါ ကျေးဇူးတင်ကြောင်း ပြောထားပါသေးတယ်။

ဒီအတွေ့အကြုံနဲ့ ပတ်သက်ပြီး သူ့ရဲ့ အင်စတာဂရမ်မှာတော့ “ကြီးမားလွန်းတဲ့ အိပ်မက်ဆိုတာ မရှိပါဘူး။ အလျှော့မပေးဘဲ ဆက်တိုက်သာ ကြိုးစားပါ။ ကျွန်တော်ပြောတာကို ယုံပါ။ ဘာလို့ဆို ကျွန်တော်က ဒေါက်တာလေ။ ဒါပေမယ့် တကယ်ပြောတာပါ။ Berklee ကောလိပ်ကို တကယ်ကျေးဇူးတင်ပါတယ်။ ဒီဆုအတွက် ကျွန်တော် တကယ်လည်း ဂုဏ်ယူသလို အရမ်းလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ် …” လို့ မျှဝေထားပါသေးတယ်။

Celine Dion

Photo Credit: JEAN-PHILLIPE DUMAS/ PONOPRESSE/ GAMMA-RAPHO VIA GETTY IMAGES

သီချင်းဆိုဖို့ မွေးဖွားလာတယ်ဆိုတဲ့ legendary artist ဖြစ်တဲ့ Celine Dion ကတော့ သူမဘဝရဲ့ ပထမဆုံး ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ၂၀၀၈ ခုနှစ်မှာ ကနေဒါနိုင်ငံ၊ Quebec မှာရှိတဲ့ Laval University က ချီးမြှင့်တဲ့ honorary Doctor of Music Degree နဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မက ၂၀၂၁ ခုနှစ် မေလတုန်းကလည်း Berklee College of Music က ချီးမြှင့်တဲ့ honorary Doctor of Music Degree ကို ထပ်မံ ရရှိထားပါသေးတယ်။

ဒါကတော့ သက်ဆိုင်ရာ နယ်ပယ်မှာတင် ထူးချွန်ဆုတွေ ရရှိထားရုံ မဟုတ်ဘဲ နာမည်ကျော် တက္ကသိုလ်၊ ကောလိပ်တွေကပါ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခံထားရသူတွေ ဖြစ်ပါတယ်။ ဘယ်သူတွေက စာဖတ်သူတို့ရဲ့ အသည်းစွဲတွေလည်းဆိုတာ ကောမန့်မှာ ပြောပြခဲ့ပါဦး။

Vancouver

Source: people

RELATED ARTICLES

Most Popular