HomeEntertainmentFilmဇာတ်ကောင်တိုင်းအတွက် ပြင်းထန်တဲ့ ဝိတ်အတင်အချတွေ ပြုလုပ်ခဲ့တဲ့ Christian Bale

ဇာတ်ကောင်တိုင်းအတွက် ပြင်းထန်တဲ့ ဝိတ်အတင်အချတွေ ပြုလုပ်ခဲ့တဲ့ Christian Bale

ဟောလိဝုဒ်ရဲ့ နာမည်ကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Christian Bale ကတော့ ဇာတ်ကောင်မျိုးစုံမှာ သရုပ်ဆောင်ထားသူ ဖြစ်ပြီး အဲဒီဇာတ်ကောင်တွေကို သရုပ်ဆောင်ရာမှာလည်း ပြင်းထန်တဲ့ Method Acting တွေကို အသုံးပြုလေ့ ရှိပါတယ်။ သူဟာ မတူကွဲပြားတဲ့ ဇာတ်ကောင်စရိုက်တွေမှာ ပီပြင်စွာ သရုပ်ဆောင်ခဲ့ဖူးပြီး အများစုကလည်း ရုပ်ပိုင်းဆိုင်ရာကို ပြောင်းလဲဖို့ လိုအပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ ဇာတ်ကောင်ပေါ် မူတည်ပြီး ဝိတ်အတင်အချတွေ ပြုလုပ်ကာ သရုပ်ဆောင်ခဲ့ပါတယ်။

Christian Bale ဟာ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Little Women ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ခဲ့ချိန်မှာတော့ ပေါင်ချိန်(၁၈၀) ရှိပြီး ၂၀၀၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ American Psycho ထဲမှာတော့ ကြွက်သားထု တင်ခဲ့ပြီး ပေါင်ချိန်(၁၉၀) ရှိခဲ့ပါတယ်။ Christian Bale ရဲ့ သိသိသာသာ ပြောင်းလဲသွားတဲ့ ရုပ်ရှင်ကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Machinist ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင် ရိုက်ကူးဖို့အတွက်တော့ သူဟာ ပေါင်ချိန် (၁၂၀)အထိ ချပစ်ခဲ့ပါတယ်။

photo via screenrant

ဒီလိုနဲ့ နောက်ထပ် ခြောက်လအကြာမှာတော့ Batman Begins ထဲမှာ သရုပ်ဆောင်ခဲ့ပြီး Batman ဇာတ်ကောင်အတွက် ပေါင်ချိန် (၂၂၀)အထိ တင်ခဲ့ပြန်ပါတယ်။ ဒါပေမယ့်လည်း စတူဒီယိုက ဖြစ်စေချင်တဲ့ပုံစံ ဖြစ်စေဖို့ ပေါင်ချိန်(၁၉၀)ကို ပြန်ချခဲ့ရပါတယ်။ အံ့အားသင့်စရာ အကောင်းဆုံးကတော့ ဝိတ်အတင်အချတွေ အားလုံးကို ခြောက်လအတွင်းမှာ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Rescue Dawn ရုပ်ရှင်ထဲမှာ ပါဝင်ဖို့အတွက် Bale ဟာ (၁၃၅)ပေါင်အထိ ဝိတ်ပြန်ချခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ The Prestige ရုပ်ရှင်အတွက် ပေါင်ချိန် (၁၈၀)အထိ ပြန်တင်ခဲ့ပြီး The Dark Knight ရုပ်ရှင်အတွက် (၁၀)ပေါင် ထပ်တင်ခဲ့ပါသေးတယ်။

Terminator Salvation ရုပ်ရှင်ထဲမှာတော့ သူဟာ (၁၇၅)ပေါင်ရောက်အောင် ပြန်ချခဲ့ပြီး The Fighter ရုပ်ရှင်အတွက်တော့ (၁၄၅)ပေါင်အထိ ထပ်ချခဲ့ပါတယ်။ အဲဒီနောက်မှာတော့ The Dark Knight Rises အတွက် ပေါင်(၁၉၀)အထိ ပြန်တင်ခဲ့ပြီး Out of Furnace ရုပ်ရှင်အတွက် (၅)ပေါင် ပြန်ချခဲ့ရပါတယ်။ နောက်ထပ် သိသာတဲ့ ပြောင်းလဲမှုတစ်ခုကတော့ American Hustle ရုပ်ရှင်ထဲမှာ ဖြစ်ပြီး သူဟာ ပေါင်ချိန် (၂၂၈)နဲ့ (၂၃၀)ကြားလောက်အထိ ဝိတ်တင်ခဲ့ပါတယ်။

photo via screenrant

၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Exodus: Gods and Kings ရုပ်ရှင်အတွက်တော့ ပေါင်ချိန်အနည်းငယ် ပြန်ချဖို့ လိုအပ်တာကြောင့် ပေါင်(၁၉၀)အထိ ပြန်ချခဲ့ပါတယ်။ Hostiles ရုပ်ရှင်ထဲမှာတော့ (၅)ပေါင် ထပ်ချခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Vice ရုပ်ရှင်ထဲမှာတော့ (၂၂၅)ပေါင်နဲ့ (၂၂၈)ပေါင်လောက်အထိ ဝိတ်ပြန်တင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Ford v Ferrari ရုပ်ရှင်အတွက် (၁၅၅)ပေါင်အထိ ပြန်ချခဲ့ပါတယ်။

ဒီဝိတ်အလေးချိန်တွေကတော့ သတင်းရင်းမြစ်ပေါ် မူတည်ပြီး ကွဲပြားနိုင်တာကြောင့် ဖော်ပြထားတဲ့ အလေးချိန်တွေဟာ ပျှမ်းမျှအလေးချိန်တွေပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်ရုပ်တစ်မျိုးစီမှာ ကိုယ်အလေးချိန်၊ သွင်ပြင်၊ ဟန်ပန်အမူအရာ တစ်မျိုးစီကို အားထုတ်ခဲ့တာဟာ သရုပ်ဆောင်အလုပ်အပေါ် ဘယ်လောက်တောင် မြှုပ်နှံထားလည်းဆိုတာ သိသာစေတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Bale ဟာ ဟောလိဝုဒ်ရဲ့ ထိပ်တန်းသရုပ်ဆောင်စာရင်းမှာ ဆက်လက် ပါဝင်နေဦးမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular