HomeEntertainmentFilmပေါင်(၆၀၀)အလေးချိန်ရှိတဲ့ အဝလွန်သူအဖြစ် သရုပ်ဆောင်ထားတဲ့ Brendan Fraser

ပေါင်(၆၀၀)အလေးချိန်ရှိတဲ့ အဝလွန်သူအဖြစ် သရုပ်ဆောင်ထားတဲ့ Brendan Fraser

George of the Jungle ၊ The Mummy ဇာတ်ကားတွေနဲ့ မြန်မာပရိသတ်တွေကြားမှာ လူသိများတဲ့ မင်းသားကြီး Brendan Fraser ကတော့ ပေါင်(၆၀၀)အလေးချိန်ရှိတဲ့ အဝလွန်သူတစ်ဦးအဖြစ် ရုပ်ရှင်အသစ်ထဲမှာ သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားအမည်ကတော့ The Whale ဖြစ်ပြီး အင်ဒီးရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ A24 စတူဒီယိုက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အသက်(၅၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသားကြီး Brendan Fraser ကတော့ The Whale ရုပ်ရှင်ထဲမှာ Charlie ဆိုတဲ့ ဇာတ်ကောင်နေရာက သရုပ်ဆောင်ရတဲ့အတွက် ခံစားချက်အမျိုးမျိုး ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကိုတော့ မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ အထူးပွဲ ပြသခဲ့ပါတယ်။

Photo: brendan__fraser/ Instagram

“ဒီဇာတ်ကောင် Charlie ဟာ သူ့ရဲ့စိတ်ဒဏ်ရာကို သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ထဲမှာ သယ်ဆောင်ထားရတာက ကဗျာဆန်တယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။ ကျွန်တော်ကတော့ လှုပ်ရှားတဲ့ပုံစံတွေကအစ နည်းလမ်းအသစ်တစ်မျိုးနဲ့ လှုပ်ရှားတတ်အောင် သင်ယူခဲ့ရပါတယ် …”

“ကိုယ်တောင် မသိလိုက်ဘဲနဲ့ ခန္ဓာကိုယ်မှာ ကြွက်သားတွေအများကြီး ဖြစ်လာတာကိုး။ ပြီးတော့ တစ်နေ့တာ ရိုက်ကူးလို့ပြီးပြီဆိုရင် ဝတ်ထားတဲ့ body suit တွေ ချွတ်လိုက်တဲ့အခါ မူးရိပ် မူးရိပ်တောင် ဖြစ်ပါတယ်။ အခု ဒီဗင်းနစ်ကို လာတဲ့အခါ သင်္ဘောကမ်းကပ်ခါနီး ခံစားရသလိုပဲဗျ …”လို့ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ Brendan Fraser က ပြောသွားပါတယ်။

Photo Credit: A24 Studios

ဒါ့အပြင် Fraser ဟာ သူဘာတွေ ဘယ်လောက်ထိ လုပ်နိုင်တယ်ဆိုတာကို ရှာဖွေပေးနိုင်မယ့် ဇာတ်ရုပ်မျိုးကို လက်ခံခဲ့တာ ဖြစ်တယ်လို့လည်း Vanity Fair နဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။ Fraser အတွက်တော့ The Whale ရုပ်ရှင်ဟာ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Breakout ရုပ်ရှင် နောက်ပိုင်းမှာ ပထမဆုံး ခေါင်းဆောင်မင်းသားနေရာကို ရရှိတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

“စွန့်စားရမှာမျိုး မရှိဘူးဆိုရင် အဲလိုကားမျိုးကို ဘာလို့ရိုက်နေတော့မှာလဲဗျာ။ ကျွန်တော့် သရုပ်ဆောင်သက်တမ်း အတွင်းမှာဆိုရင်တော့ အခုအချိန်ဟာ ကိုယ်နဲ့အတူ အလုပ်လုပ်နေကြတဲ့ သူတွေဆီက သင်ယူချင်တဲ့အချိန်ပေါ့။ အမြင့်ဆုံးဆိုတဲ့ အချိန်တွေလည်း အများကြီး ကျော်ဖြတ်ခဲ့ဖူးသလို နိမ့်ပါးတဲ့ အချိန်များစွာကိုလည်း ကျော်ဖြတ်ဖူးပြီလေဗျာ။ အဲဒီတော့ အခုအချိန်မှာဆိုရင် ဒီဖန်တီးမှုတွေမှာ ကိုယ်ပါ ပါဝင်ချင်တယ်။ ပြီးတော့ သင်လည်းသင်ယူချင်တယ် …”

Photo Credit: A24 Studios

“ဒီကားက ကျွန်တော့်အတွက်တော့ တကယ့် အခွင့်ကောင်းပါပဲ။ ဒါကြောင့်မို့ ဒီဇာတ်ရုပ်ထဲမှာ တကယ်ပျော်ဝင်ချင်တာပါ။ ကျွန်တော့်မျှော်လင့်ချက်ကတော့ ကျွန်တော့်ကို လုံးဝမမှတ်မိနိုင်အောင် ဖြစ်သွားတာမျိုးပေါ့ …” လို့ Fraser က Vanity Fair ကို ပြောခဲ့ပါတယ်။

Fraser ဟာ ဒီဇာတ်ကားကို ရိုက်ကူးချိန်မှာတော့ ကင်မရာရှုထောင့်နဲ့ ဇာတ်ဝင်ခန်းတွေပေါ် မူတည်ပြီး ပေါင်ချိန်(၅၀)ကနေ ပေါင်ချိန်(၃၀၀) အလေးချိန်ရှိတဲ့ body suit တွေကို ဝတ်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။ The Whale ဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းကတော့ တစ်ကိုယ်တည်း နေထိုင်နေတဲ့ Writing နည်းပြတစ်ယောက်ဟာ သူ့ရဲ့ဆယ်ကျော်သက်ရွယ် သမီးဖြစ်သူနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် ကြိုးစားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

Photo Credit: A24 Studios

သရုပ်ဆောင်တွေအနေနဲ့ကတော့ Brendan Fraser နဲ့ Stranger Things ဇာတ်လမ်းတွဲထဲက Sadie Sink တို့က အဓိက ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ လာမယ့် ဒီဇင်ဘာလ(၉)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular