HomeCelebs Update NewsInternationalFifty Shades of Grey ရဲ့ရိုက်ကူးရေးဟာ ခက်ခဲပေမယ့် နောင်တမရပါဘူးဆိုတဲ့ Dakota Johnson

Fifty Shades of Grey ရဲ့ရိုက်ကူးရေးဟာ ခက်ခဲပေမယ့် နောင်တမရပါဘူးဆိုတဲ့ Dakota Johnson

မင်းသမီး Dakota Johnson ကတော့ ပထမဆုံး ရိုက်ကူးခဲ့တဲ့ Fifty Shades of Grey ရုပ်ရှင်ဟာ ရိုက်ကူးရေးအပိုင်းမှာ ပြဿနာပေါင်းစုံ ရှိခဲ့ကြောင်းနဲ့ တွဲဖက်သရုပ်ဆောင် Jamie Dornan နဲ့ သူမကြားမှာ ပဋိပက္ခတွေ ရှိခဲ့တယ်ဆိုတဲ့ ကောလာဟလကိုလည်း အင်တာဗျူးအသစ်ထဲမှာ ရှင်းပြထားပါတယ်။

Dakota Johnson ရဲ့ ဇူလိုင်လထုတ် Vanity Fair မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပြုလုပ်ပေးထားပြီး cover story အတွက် အင်တာဗျူးလည်း ဖြေဆိုပေးထားပါသေးတယ်။ အဆိုပါ အင်တာဗျူးမှာတော့ Fifty Shades franchise ရဲ့ ရိုက်ကူးရေးအတွင်း ကြုံတွေ့ခဲ့ရတဲ့ အရှုပ်အထွေးတွေကို ပြောပြထားပါတယ်။

Photo: dakota.johnson./ Instagram

ပထမဆုံး Fifty Shades of Grey ကို ရိုက်ကူးခဲ့စဉ်တုန်းကတော့ ပထမရွေးချယ်ထားတဲ့ သရုပ်ဆောင် Charlie Hunnam ဟာ Christian Grey အဖြစ် သရုပ်ဆောင်ဖို့ သဘောတူထားပြီးမှ ဇာတ်ကားကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ထပ် သရုပ်ဆောင်တစ်ယောက်ကို ထပ်မံရှာဖွေခဲ့ရပြီး Jamie Dornan နဲ့ အစားထိုးနိုင်ခဲ့ပါတယ်။ သို့သော်လည်း မူလက ပြင်ဆင်ထားပြီးဖြစ်တဲ့ ဇာတ်ညွှန်းတွေအားလုံးကိုတော့ အစကနေ ပြန်လည် ဖန်တီးခဲ့ရတယ်လို့ သိရပါတယ်။

“အဲဒီတုန်းက ကျွန်မက ငယ်ငယ်လေး ရှိသေးတာလေ။ (၂၃)နှစ်ပဲ ရှိသေးတာ။ အဲဒီတော့ ဒါကြီးက ကြောက်ဖို့ကောင်းတာပေါ့။ နောက်ကျတော့ ရိုက်ကူးရေးတစ်ခုလုံးက ရူးချင်စရာကောင်းလာတယ်။ အဆင်မပြေတဲ့အရာတွေ၊ သဘောမတူနိုင်တဲ့အရာတွေ အများကြီးပေါ့။ ဒီအကြောင်းတွေကို ကျွန်မ ဘယ်တုန်းကမှ အမှန်အတိုင်းပြောခွင့် မရှိခဲ့ဘူး။ ဘာလို့လည်းဆိုတော့ ကျွန်မတို့က ရုပ်ရှင်ကို ပရိုမုတ် လုပ်ရမှာဆိုတော့လေ။ ဒါပေမယ့် နောက်ဆုံးမှာ အားလုံးက ကျွန်မတို့မျှော်လင့်ထားတဲ့အတိုင်း ဖြစ်သွားတာကိုတော့ ကျေနပ်ပါတယ်။ ဒါပေမယ့် နည်းနည်းတော့ လူလည်ကျရာ ကျတာပေါ့ …” လို့ Dakota က ဆိုပါတယ်။

Photo: dakota.johnson./ Instagram

ဒါ့အပြင် သရုပ်ဆောင်တွေအနေနဲ့ လိုအပ်တာထက်ပိုပြီး အခန်းများများ ရိုက်ပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ “မရိုက်ခင်ညဆိုရင် ဒိုင်ယာလော့ခ်အဟောင်းတွေကို ချရေးရတယ်။ ပြီးမှ ဟိုမှာတစ်ကြောင်း၊ ဒီမှာတစ်ကြောင်း ပြန်လိုက်ထည့်ရတယ်။ တချိန်လုံးကတော့ ကသောင်းကနင်းတွေချည်းပါပဲ …” လို့ ပြောပြထားပြီး ပထမဆုံးရုပ်ရှင်ထဲက အကောင်းဆုံး ဇာတ်ဝင်ခန်းကတော့ Christian Grey နဲ့ Anastasia Steele တို့ စာချုပ်ချုပ်တဲ့အခန်းပါပဲလို့ သူမက ပြောထားပါသေးတယ်။

ထုတ်လုပ်ရေးအပိုင်းတွေမှာ အခက်အခဲတွေနဲ့ ရှုပ်ထွေးမှုတွေများစွာ ရှိခဲ့ပေမယ့် Fifty Shades ရုပ်ရှင်သုံးကားစလုံးဟာ ဝင်ငွေအရ အောင်မြင်ခဲ့တာကြောင့် Dakota အနေနဲ့ နောင်တရမိတာမျိုးတော့ မရှိပါဘူးလို့လည်း ဆိုပါတယ်။

Photo: dakota.johnson./ Instagram

“အဲဒီအချိန်တုန်းကသာ ဒါကြီးက ဒီလိုမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ သိခဲ့ရင် ဘယ်သူကမှတော့ အစတည်းက လုပ်မိမှာ မဟုတ်ဘူးလေ။ အိုး … ဒါကြီးက ရူးတာပဲလို့ ပြောမိမှာပဲ။ ဒါပေမယ့် ကျွန်မကတော့ ဒီကားတွေကို ရိုက်ခဲ့မိလို့ နောင်တလုံးဝမရပါဘူး …” လို့ သူမက ပြောပါတယ်။

ဒါ့အပြင် တွဲဖက်သရုပ်ဆောင် ဖြစ်သူ Jamie Dornan နဲ့ သူမကြားမှာ ပဋိပက္ခတွေ ရှိခဲ့တယ်ဆိုတဲ့ ကောလာဟလအကြောင်းကိုလည်း သူမက အခုလို ရှင်းပြခဲ့ပါသေးတယ်။

Photo: dakota.johnson./ Instagram

“ကျွန်မတို့ အဆင်မပြေ ဖြစ်ခဲ့တဲ့အချိန်ဆိုတာ မရှိသလောက်ပါပဲ။ ပြောရရင် နည်းနည်းတော့ ကြောင်ပေမယ့် တကယ်တော့ သူက ကျွန်မအတွက် အစ်ကိုတစ်ယောက်လိုပါပဲ။ သူ့ကို အရမ်းအရမ်း ချစ်ပါတယ်။ ပြီးတော့ ကျွန်မတို့က တစ်ယောက်အတွက် တစ်ယောက် ရှိနေပေးကြတယ်လေ။ တစ်ယောက်နဲ့တစ်ယောက် တကယ်လည်း ယုံကြည်ခဲ့ကြပြီး အပြန်အလှန်လည်း ကာကွယ်ပေးခဲ့ကြတာပါ …”

“ပြောရရင် ဒီကားတွေကြောင့်ပဲ ကျွန်မတို့ရဲ့ career က ကောင်းလာတာလေ။ တကယ် အံ့ဩဖို့ကောင်းတယ်။ အရမ်းလည်း ကံကောင်းစေခဲ့တယ်။ ဒါပေမယ့် အရမ်းတော့ ကသိကအောက်ဖြစ်စရာကောင်းတယ် …” လို့ Dakota က ဆိုပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular