HomeEntertainmentFilmDoctor Strange 2 ထွေလာထဲမှာ ပြသသွားတဲ့ စိတ်ဝင်စားစရာအချက်များ (Breakdown)

Doctor Strange 2 ထွေလာထဲမှာ ပြသသွားတဲ့ စိတ်ဝင်စားစရာအချက်များ (Breakdown)

Doctor Strange in the Multiverse of Madness ရုပ်ရှင်ရဲ့ full trailer ကိုတော့ နာမည်ကျော် Super Bowl အားကစားပြိုင်ပွဲကြီးမှာ ပြသသွားပါတယ်။ ဒီထွေလာထဲမှာတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေနဲ့ ဇာတ်ကောင်တွေကိုပါ မြင်တွေ့လိုက်ရပါတယ်။ multiverse တွေက ရောက်ရှိလာမယ့် ခြိမ်းခြောက်မှုအသစ်တွေ၊ အံ့အားသင့်စရာ cameo တွေနဲ့အတူ စိတ်လှုပ်ရှားစရာ ဇာတ်လမ်း အလှည့်အပြောင်းတွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဟာ လာမယ့် မေလ (၆)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပြီး ယခုထွက်ရှိလာတဲ့ ထွေလာထဲက စိတ်ဝင်စားစရာ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြပေးချင်ပါတယ်။

Doctor Strange ရဲ့ အိပ်မက်ဆိုး
Photo Credit: Marvel Studios/ Disney Studios

Doctor Strange 2 ရဲ့ ထွေလာကတော့ ထပ်ခါတလဲလဲ မြင်မက်နေတဲ့ အိပ်မက်ဆိုးအကြောင်းကို Stephen Strange က ပြောပြနေပုံနဲ့ စတင်ထားပါတယ်။ အဲဒီအိပ်မက်ဆိုးထဲမှာတော့ ပျက်စီးယိုယွင်းနေတဲ့ Sanctum Sanctorum နဲ့ ပတ်ချာလည်မှာတော့ အရိုးခေါင်းတွေကို မြင်တွေ့ရပါတယ်။ ဒါဟာ MCU ထဲက ပထမဆုံးသော horror ဘက်ကို ယိမ်းယိုင်ပြီး ပြသထားတဲ့ ရုပ်ရှင်ဖြစ်လာသလို ဒါရိုက်တာ Sam Raimi ရဲ့ တကျော့ပြန် လက်ရာလည်း ဖြစ်ပါတယ်။

ဒါရိုက်တာ Sam Raimi ကတော့ Spider-Man trilogy နဲ့ Marvel ပရိသတ်တွေကြားမှာ ရေပန်းစားကျော်ကြားသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Evil Dead လို ဇာတ်ကားတွေကို ရိုက်ကူးပြီး horror အမျိုးအစားဘက်မှာလည်း လက်စွမ်းပြထားသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီဇာတ်ဝင်ခန်းဟာ Dr. Strange ရဲ့ စိတ်ထဲက မြင်ကွင်းတစ်ခုသာ မဟုတ်ဘဲ Nightmare Dimension လည်း ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။

Kamar-Taj ရဲ့ ကျဆုံးခန်း
Photo Credit: Marvel Studios/ Disney Studios

Dr. Strange 2 ရဲ့ ထွေလာထဲမှာတော့ မှော်ပညာရှင်တွေရဲ့ ကွန်းခိုရာဖြစ်တဲ့ Kamar-Taj ဟာ အမှောင်စွမ်းအားတစ်ခုရဲ့ တိုက်ခိုက်မှုကို ခံနေရကြောင်း ပြကွက်အချို့မှာ မြင်တွေ့ရပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ တိမ်မည်းကြီးတစ်ခုဟာ Kamar-Taj ပေါ်ကို ဆင်းသက်လာတာ တွေ့ရပြီး ဝမ်းနည်းစရာနဲ့ပဲ ပေါက်ကွဲမှုပေါင်းများစွာကို မြင်တွေ့လိုက်ရတဲ့အတွက် မှော်ဆရာတွေဘက်မှာ သိပ်ပြီးအလေးသာမနေတာကို တွေ့လိုက်ရပါတယ်။

First Look အနေနဲ့ မြင်တွေ့လိုက်ရတဲ့ America Chavez ရဲ့ စွမ်းအား
Photo Credit: Marvel Studios/ Disney Studios

Dr. Strange 2 ထဲမှာ အသစ်ပါဝင်လာတဲ့ Marvel စူပါဟီးရိုးကတော့ America Chavez ဖြစ်ပြီး ဒီထွေလာထဲမှာတော့ သူမရဲ့ စွမ်းအားတွေကိုပါ ပထမဆုံး မြင်တွေ့လိုက်ရပါတယ်။ သူမရဲ့ စွမ်းအားကတော့ multiverse တွေကို ဖြတ်သန်းသွားလာလို့ရတဲ့ ပေါ်တယ်လ်တွေ ဖွင့်နိုင်တာ ဖြစ်ပြီး အဆိုပါ ပေါ်တယ်လ်ကတော့ ကြယ်ငါးပုံသဏ္ဍာန် ရှိပါတယ်။

ဒီထွေလာထဲမှာတော့ သူမရဲ့အနောက်မှာ ကြယ်ငါးပုံ ပေါ်တယ်လ် ပွင့်နေပြီး သူမကိုတော့ အရာတစ်ခုက လာရောက် ချုပ်နှောင်ရစ်ပတ်ထားတာ တွေ့ရပါတယ်။ အဲဒီအရာကို ပထမဆုံး မြင်တွေ့လိုက်ရတုန်းကတော့ Dr. Strange ရဲ့ Crimson Bands of Cyttorak spell လို့ ထင်မှတ်ခဲ့ကြပေမယ့် pause လုပ်ပြီး အနီးကပ် ကြည့်ရှုတော့မှသာ အမျိုးအမည်မသိရတဲ့ multiverse ထဲက မိစ္ဆာတစ်ကောင်ရဲ့ ချုပ်နှောင်မှုမှန်း သိလိုက်ကြရပါတယ်။

America Chavez Vs. Multiverse Monster
Photo Credit: Marvel Studios/ Disney Studios

ဒီထွေလာထဲမှာတော့ multiverse monster ကြီးတစ်ကောင်ဟာ America Chavez ကို ချုပ်နှောင်ထားတာ မြင်တွေ့ရပြီး ဒါဟာ Dr. Strange ရဲ့ အိပ်မက်ဆိုးထဲမှာ ဖြစ်ပျက်နေတဲ့ပုံစံလို့ ကနဦးအနေနဲ့ ယူဆနိုင်ပါတယ်။ Dr. Strange 2 မှာ America Chavez ရဲ့ origin ကို ဘယ်လိုမိတ်ဆက်မလည်းဆိုတာ မသိရသေးပေမယ့် ထွေလာထဲမှာ ပြသသွားပုံအရ သူမဟာ ကိုယ်ပိုင်အစွမ်းကို ပိုင်ဆိုင်ထားပြီးသား ဖြစ်ကာ multiverse တွေကြားမှာ တစ်ယောက်တည်း သွားလာနေခဲ့ပုံ ရပါတယ်။

America Chavez ကိုတော့ ဒီတစ်ခန်းတည်းမှာတင် မဟုတ်ဘဲ ထွေလာရဲ့ နောက်ပိုင်းမှာလည်း မြင်တွေ့ထားရပြီး သူမရဲ့  superhuman strength ကို ပြသထားတာလည်း တွေ့ရပါတယ်။ ကောမစ်ထဲမှာတော့ သူမဟာ superhuman strength တင်မက လေပေါ်ပျံသန်းနိုင်ခြင်း၊ အကြမ်းခံနိုင်ခြင်းနဲ့ dimension တွေကြားမှာ ဖြတ်သန်းသွားလာခြင်းစတဲ့ အစွမ်းတွေ ပိုင်ဆိုင်ပါတယ်။ ဒီဇာတ်ကောင်နေရာမှာတော့ မင်းသမီးလေး Xochitl Gomez က သရုပ်ဆောင်ထားပါတယ်။

Defender Strange
Photo Credit: Marvel Studios/ Disney Studios

မျက်စိတမှိတ်လေးအတွင်း ဖျတ်ခနဲ ပြသသွားတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Strange ရဲ့ multiverse ထဲက variant အသစ်ကို မြင်တွေ့လိုက်ရပါတယ်။ သူကတော့ Defender Strange ဖြစ်ပြီး America Chavez ရဲ့ ပေါ်တယ်လ်ကတဆင့် ဆွဲခေါ်ခံလိုက်ရတာ ဖြစ်ပါတယ်။

Defender Strange ကတော့ ဝတ်စုံအသစ်နဲ့အတူ ခေါင်းမှာလည်း ထင်ရှားတဲ့ ဆံပင်အဖြူလိုင်းကြီးတစ်ခု ရှိနေပါတယ်။ နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Defender Strange ကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်လိုက်ရပါသေးတယ်။

No Way Home ရဲ့ နောက်ဆက်တွဲ ပြဿနာများ
Photo Credit: Marvel Studios/ Disney Studios

ဒီထွေလာထဲမှာတော့ No Way Home ထဲက နောက်ဆက်တွဲ ပြဿနာတွေကို ပြသထားပါတယ်။ အဲဒါကတော့ Peter Parker ကို လူတွေမေ့သွားကြစေဖို့ Dr. Strange ရဲ့ reality ကို ပြုပြင်လိုက်ခြင်းဟာ multiverse အပေါ်မှာတော့ သက်ရောက်မှုတွေ ရှိသွားတာပါပဲ။

Spider-Man ရဲ့ secret identity ကို သိထားတဲ့ multiverse ထဲက ဗီလိန်တွေနဲ့ တခြား Peter Parker variant တွေဟာ MCU ရဲ့ mainstream ထဲကို ရောက်ရှိလာသလိုပဲ အခြားသော ကြောက်မက်ဖွယ်ရာ အန္တရာယ်တွေဟာလည်း multiverse ရဲ့ အက်ကြောင်းတွေကတဆင့် ဝင်ရောက်လာနိုင်ပါတယ်။ ဒါတင်မက Dr. Strange ရဲ့ Macchina di Kadavus ကို Green Goblin က ဖျက်ဆီးလိုက်တာမှာလည်း multiverse ကို ထိခိုက်မှုတွေ ဖြစ်သွားနိုင်ပါသေးတယ်။

ရိုက်နှက်ခံထားရတဲ့ Wong
Photo Credit: Marvel Studios/ Disney Studios

ခဏတာလေးပဲ မြင်တွေ့လိုက်ရပေမယ့် Sorcerer Supreme အသစ် Wong ကို ပထမဆုံး မြင်တွေ့လိုက်ရချိန်မှာ သူ့ရဲ့ မျက်နှာပေါ်မှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကို တွေ့လိုက်ရပါတယ်။ ဒါဟာ Kamar-Taj ရဲ့ ကျဆုံးခန်း နောက်ပိုင်းမှာ ဖြစ်ပျက်တာလို့လည်း ယူဆနိုင်သလို Dr. Strange က multiverse ထဲက ခြိမ်းခြောက်မှုပေါင်းများစွာကို ဖွင့်လိုက်မိတာရဲ့ နောက်ဆက်တွဲလို့လည်း ယူဆနိုင်ပါတယ်။

နောက်ဆုံးမှာတော့ MCU ရဲ့ Multiverse ပွင့်သွားပြီ ဖြစ်ပါတယ်။
Photo Credit: Marvel Studios/ Disney Studios

ဒီဇာတ်ဝင်ခန်းမှာတော့ နယူးယော့ခ်မြို့ကြီး ပျက်စီးပြိုပျက်နေတာကို မြင်တွေ့ရပါတယ်။ ဒါဟာ Dr. Strange ရဲ့ vision လည်း ဖြစ်နိုင်ပေမယ့် တကယ် လက်တွေ့မှာ ဖြစ်သွားတာဆိုရင်တော့ သူ့ရဲ့ နေထိုင်ရာမြို့ကို ပျက်စီးသွားစေတဲ့ အဖြေကို ရှာဖွေဖို့အတွက် Strange ဟာ သေချာပေါက် multiverse ထဲကို ခရီးသွားတော့မှာ ဖြစ်ပါတယ်။

Dr. Christine Palmer ရဲ့ မင်္ဂလာပွဲ
Photo Credit: Marvel Studios/ Disney Studios

ဒီထွေလာထဲမှာတော့ Dr. Strange ရဲ့ သူငယ်ချင်းလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သလို တစ်ချိန်က ချစ်သူလည်း ဖြစ်ခဲ့ဖူးတဲ့ Dr. Christine Palmer ရဲ့ မင်္ဂလာပွဲကို မြင်တွေ့လိုက်ရပါတယ်။ သေချာတာကတော့ ဒီမင်္ဂလာပွဲရဲ့ သတို့သားဟာ Stephen Strange မဖြစ်နိုင်တော့တာပါပဲ။

ဖြစ်နိုင်တဲ့ ဇာတ်လမ်းကတော့ Strange ဟာ Thanos ရဲ့ လက်ဖျောက်နဲ့ ငါးနှစ်တာလုံး ပျောက်ဆုံးသွားတာကြောင့် ကျန်ရစ်ခဲ့တဲ့ Palmer ဟာ အချစ်သစ်နဲ့ ဘဝကို ရှေ့ဆက်သွားတာ ဖြစ်နိုင်ပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ multiverse ထဲက ထိတ်လန့်စရာ အရာတွေ မရောက်ရှိလာခင်အချိန် ရုပ်ရှင်ရဲ့ အစပိုင်းလောက်မှာ ဖြစ်နိုင်ပါတယ်။

Kamar-Taj တိုက်ပွဲမှာ အသင့်အနေအထား ရှိနေတဲ့ Rintrah
Photo Credit: Marvel Studios/ Disney Studios

Rintrah ကတော့ minotaur နဲ့ ပုံစံတူတဲ့ လူတစ်ပိုင်း၊ ကျွဲရိုင်းတစ်ပိုင်းနဲ့ သတ္တဝါ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Kamar-Taj ပေါ်ကို အုပ်မိုးလာတဲ့ တိမ်မည်းကြီးကို တိုက်ခိုက်ဖို့ အသင့်စောင့်ဆိုင်းနေတဲ့ Rintrah ကို မြင်တွေ့ရပါတယ်။  Rintrah ကတော့ ကောမစ်ထဲက Dr. Strange ရဲ့ ဇာတ်ပို့ကာရိုက်တာတစ်ခု ဖြစ်ပြီး Strange ရဲ့ လက်ထောက်အဖြစ်နဲ့လည်း ခေတ္တတာဝန်ထမ်းဆောင်ဖူးပါတယ်။

ယခု Dr. Strange 2 ထဲမှာတော့ သူ့ရဲ့ ကာရိုက်တာဟာ ဘယ်လောက်ထိ အရေးပါမယ်ဆိုတာ မသိရသေးပါဘူး။ ကောမစ်ထဲမှာ‌တော့ Rintrah ဟာလည်း America Chavez လိုပဲ အခြားသော reality တစ်ခုက ရောက်ရှိလာသူ ဖြစ်ပါတယ်။ Doctor Strange ပထမဇာတ်ကားမှာတည်းက Masters of Mystic Arts တွေဟာ သူတို့ရဲ့ အစွမ်းတွေကို တခြား reality တွေက ရယူထားတယ်ဆိုတာ ပြသပြီးဖြစ်လို့ သူတို့ရဲ့ အဖွဲ့ဝင်ဟာလည်း တခြား universe က လာတယ်ဆိုတာဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။

Multiverse ကိုဖွင့်မိတဲ့ ပြစ်မှုကို ပေးဆပ်ရမယ့် Dr. Strange
Photo Credit: Marvel Studios/ Disney Studios

Peter Parker တစ်ယောက် ကောလိပ်တက်နိုင်ဖို့ ကူညီပေးမိတာလေးနဲ့ပဲ Dr. Strange ဟာ အခုလို ပြစ်ဒဏ်ချမှတ်မှုနဲ့ ရင်ဆိုင်ရမယ်ဆိုတာဟာ နည်းနည်းတော့ များပါတယ်။ ဒီဇာတ်ဝင်ခန်းမှာတော့ Dr. Strange ဟာ အဆင့်မြင့်နည်းပညာနဲ့ ပြုလုပ်ထားတဲ့ လက်ထိပ်တစ်ခုနဲ့ ချုပ်နှောင်ခံထားရပါတယ်။ ကြည့်ရတာတော့ TVA ထက်တောင် ပိုစွမ်းအားကြီးတဲ့ အဖွဲ့အစည်းတစ်ခု ထပ်ရှိနေသေးပုံ ရပါတယ်။ ဒီအဖွဲ့အစည်းရဲ့ identity ကတော့ ယခုထက်ထိ ပဟေဠိဖြစ်နေဆဲပါပဲ။

Reality ကို ချိုးဖောက်မိတဲ့ Dr. Strange အတွက် တရားစီရင်မှု
Photo Credit: Marvel Studios/ Disney Studios

Dr. Strange ဟာ ဖမ်းဆီးချုပ်နှောင်ခံရပြီး နောက်မှာတော့ သူ့ကို ဖမ်းဆီးထားသူနဲ့ သက်ဆိုင်တယ်လို့ ထင်ရတဲ့ နေရာဌာနတစ်ခုကို ခေါ်ဆောင်သွားခံရပါတယ်။ နောက်ခံစကားပြောအသံကို ကြည့်ခြင်းအားဖြင့် Mordo ဖြစ်နိုင်ချေ ရှိပါတယ်။ သို့သော်လည်း Dr. Strange ရဲ့ မိတ်ဆွေဟောင်းကြီး Mordo ရဲ့ အခုလို ပါဝင်လာမှုဟာ စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။

Mordo ရဲ့ စကားအရ reality ကို မလေးမစား ချိုးဖောက်တဲ့ Strange ဟာ အပြစ်ပေးမခံရဘဲ မနေဘူးလို့ ဆိုပါတယ်။ သို့ပေမယ့်လည်း ဒါဟာ Mordo ရဲ့ သူ့ဘာသာ ကောက်ချက်ချပြီး ပြောဆိုနေတဲ့ စကားလည်း ဖြစ်နိုင်သလို သူဟာ  multiverse တွေဆီက ခြိမ်းခြောက်မှုတွေကို စောင့်ကြည့်၊ ဖြေရှင်းနေတဲ့ TVA အဖွဲ့အစည်းနဲ့ မဟာမိတ်ဖွဲ့ထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပဲ Loki ဇာတ်လမ်းတွဲထဲက ကာရိုက်တာတွေ ဒီဇာတ်ကားထဲမှာ ပါဝင်လာမယ်ဆိုတဲ့ ကောလာဟလဟာ ပိုပြီးယုံကြည်ချင်စရာကောင်းလာပါတယ်။

Tony Stark ရဲ့ Iron Legion Drones များ
Photo Credit: Marvel Studios/ Disney Studios

Doctor Strange 1 ထဲမှာ ပြောထားတဲ့အတိုင်းပဲ Karl Mordo ဟာ မှော်လောကကြီးကို ဖျက်ဆီးဖို့ ပြန်လည်ပါဝင်လာပါတယ်။ Strange ကို ဖမ်းဆီးသွားသူဟာ Mordo လို့ ယူဆရပြီး ထူးခြားတာကတော့ ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ Tony Stark ရဲ့ Iron Legion Drones တွေကို အသုံးပြုထားတာပါပဲ။

ဒါဟာ ဆိုကိုဗီးယားတိုက်ပွဲအပြီးမှာ ဒီ Iron Legion Drones တွေကို ပရိုဂရမ်ပြန်ရေးပြီး အသုံးပြုထားတာလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် သူတို့ကို ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့အဖြစ် အသုံးပြုထားတာကြောင့် ပိုဖြစ်နိုင်ချေရှိတာကတော့ Ultron ဖောက်ပြန်မသွားတဲ့ timeline တစ်ခုကနေ သူတို့ကို ယူလာတာ ဖြစ်နိုင်ပါတယ်။ ပိုစိတ်လှုပ်ရှားစရာကောင်းတာကတော့ MCU မှာ Iron Man ပြန်ပါလာဖို့ အရိပ်အမြွက် ပြထားတာလား ဆိုတာပါပဲ။

Illuminati မိတ်ဆက်
Photo Credit: Marvel Studios/ Disney Studios

Illuminati အဖွဲ့ MCU ကို လာမယ်လို့ ကောလာဟလတွေ ကြီးကြီးမားမား ထွက်ပေါ်ပြီး နောက်မှာတော့ Dr. Strange 2 ထဲမှာ သူတို့ကို တကယ် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Illuminati အဖွဲ့ကတော့ စွမ်းအားကြီးမားလွန်းတဲ့ စူပါဟီးရိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခု ဖြစ်ပြီး စကြဝဠာကြီးကို ကာကွယ်ဖို့ Tony Stark က တည်ထောင်ထားတာ ဖြစ်ပါတယ်။

ယခုမြင်တွေ့ရတဲ့ ဗားရှင်းကတော့ စကြဝဠာတစ်ခုတည်း မဟုတ်တော့ဘဲ multiverse တွေကိုပါ ဖြန့်ကျက်ပြီး ကာကွယ်နေကြပုံ ရပါတယ်။ ဒီထဲမှာ ပါဝင်နေတဲ့ အဖွဲ့ဝင်တွေကိုတော့ မသိရသေးဘဲ Mordo ကတော့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပုံ ရပါတယ်။

MCU ကို ရောက်လာတဲ့ Professor X
Photo Credit: Marvel Studios/ Disney Studios

ဒီထွေလာထဲက စိတ်လှုပ်ရှားစရာအကောင်းဆုံး ဇာတ်ဝင်ခန်းတစ်ခုကတော့ Professor X လို့လည်း လူသိများတဲ့ Professor Charles Xavier ပါဝင်လာတာပါပဲ။ ဒါတင်မက ဒီဇာတ်ကောင်နေရာမှာ တောက်လျှောက် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Sir Patrick Stewart ဟာလည်း ပြန်လည် ပါဝင်လာတာ ဖြစ်ပါတယ်။

Professor X ကတော့ X-Men အဖွဲ့ တည်ထောင်သူ ဖြစ်ပြီး ၂၀၀၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ X-Men ဇာတ်ကားမှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Professor X ကို သေသေချာချာ ရှင်းရှင်းလင်းလင်း မပြသထားပေမယ့် နောက်ခံစကားပြောအသံကတော့ Sir Patrick ရဲ့ အသံဆိုတာ မမှားနိုင်ပါဘူး။ Professor X ကိုတော့ ဖိုင်နယ်ထွေလာမှာမှ မြင်တွေ့ရနိုင်သလို ရုံတင်တဲ့အခါမှသာလည်း မြင်တွေ့ရတာမျိုး ဖြစ်နိုင်ပါတယ်။

အချိန်ခရီးသွားကြတဲ့ Dr. Strange နဲ့ America Chavez
Photo Credit: Marvel Studios/ Disney Studios

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Dr. Strange နဲ့ America Chavez တို့ဟာ ဒိုင်နိုဆောတွေ ပြည့်နှက်နေတဲ့ reality တစ်ခုပေါ်မှာ ပျံသန်းနေကြတာ တွေ့ရတာကြောင့် သူတို့နှစ်ယောက်ဟာ အချိန်ခရီးသွားနေကြတာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ သူတို့နှစ်ယောက်ဟာ ကောမစ်ထဲက Savage Land ဆီကို သွားနေကြတာ ဖြစ်နိုင်ပါတယ်။ MCU ထဲမှာတော့ Savage Land ဟာ ကမ္ဘာမြေပေါ်က‌ ဖုံးကွယ်ထားတာ မဟုတ်ဘဲ တခြားဒိုင်မေးရှင်းတစ်ခုမှာ ရှိနေတာ ဖြစ်နိုင်ပါတယ်။

ဒါကတော့ Doctor Strange in the Multiverse of Madness ဒုတိယမြောက်ထွေလာထဲက စိတ်ဝင်စားစရာအချက်တချို့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ စိတ်ဝင်စားနေတဲ့ ဇာတ်လမ်းအကြောင်းအရာတွေကိုလည်း ပြန်လည် ဆွေးနွေးခဲ့ကြပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular