HomeEntertainmentFilmWitcher Season 2 ထဲမှာ Ciri ရဲ့ အဖေဟာ ဘာကြောင့် White Flame ဖြစ်လာတာလဲ?

Witcher Season 2 ထဲမှာ Ciri ရဲ့ အဖေဟာ ဘာကြောင့် White Flame ဖြစ်လာတာလဲ?

*** SPOILER ALERT ***

The Witcher Season 2 ကတော့ ၂၀၂၁ နှစ်ကုန်ပိုင်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး ပရိသတ်တွေအတွက် အံ့ဩစရာမျိူးစုံကို ပြသသွားပါတယ်။ Ciri ဟာ Elder Blood ကို ပိုင်ဆိုင်ထားပြီး သူမရဲ့ အဖေကတော့ White Flame ဖြစ်နေတယ်ဆိုတဲ့ အချက်တွေဟာ ပရိသတ်တွေအတွက် အံ့ဩစရာဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ Ciri ကို လိုက်လံဒုက္ခပေးနေတဲ့ White Flame ဟာ ဘာကြောင့် သူမရဲ့ အဖေ ဖြစ်နေရတာလည်းဆိုတာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Season 2 တလျှောက်လုံးမှာတော့ The White Flame ဆိုတဲ့နာမည်ကို အကြိမ်ပေါင်းများစွာ ကြားခဲ့ရပါတယ်။ အထူးသဖြင့် Fringilla ဟာ အဲ့ဒီနာမည်ကို မကြာခဏ ပြောဆိုလေ့ရှိပြီး သူမဟာ White Flame အပေါ် အလွန်သစ္စာရှိပြီး သူလုပ်သမျှ လုပ်ရပ်တွေအားလုံးဟာ White Flame အတွက်လို့ ပြောခဲ့ပါတယ်။ ဒီ Season ထဲမှာတော့ Ciri ရဲ့ အတိတ်က ဖြစ်ရပ်တွေကို မကြာခဏ ပြန်လည်ပြသခဲ့ပြီး ဒီလိုတွေ ပြသရတဲ့ အကြောင်းရင်းကတော့ နောက်ဆုံးခန်းမှာ White Flame က သူမရဲ့ အဖေ ဖြစ်နေတယ် ဆိုတာကို ပြသဖို့အတွက်ပဲ ဖြစ်ပါတယ်။

photo via screenrant

ဇာတ်လမ်းအစတုန်းကတော့ Ciri ရဲ့ မိဘတွေဟာ ပင်လယ်ထဲမှာ ခရီးသွားရင်း သင်္ဘောတိမ်းမှောက်ပြီး သေဆုံးသွားကြတယ်လို့ ပြောခဲ့ပါတယ်။ တကယ်တော့ သူမရဲ့ အဖေဟာ အသက်ရှင်လျက် ရှိနေပြီး Nilfgaard ရဲ့ ဘုရင်ဖြစ်တဲ့ Emhyr van Emreis (ခေါ်) White Flame ဖြစ်နေတာကို ဇာတ်လမ်းပြီးခါနီးမှ သိလိုက်ရပါတယ်။

Emhyr ရဲ့ အဖေကတော့ Fergus van Emreis ဖြစ်ပြီး Nilfgaard ရဲ့ ရှင်ဘုရင်လည်း ဖြစ်ပါတယ်။ သို့ပေမယ့် Fergus ဟာ Usurper လို့ ခေါ်ဝေါ်သုံးနှုန်းကြတဲ့ နန်းလုသူတစ်ယောက်ဆီက ထီးနန်းလုယူခံခဲ့ရပါတယ်။ Usurper ဟာ သူတို့သားအဖနှစ်ယောက်လုံးကို နှိပ်စက်ခဲ့ပြီး Emhyr ကိုလည်း ဖြူးတစ်ပိုင်း၊ လူတစ်ပိုင်း ပုံစံဖြစ်သွားအောင် ကျိန်စာတိုက်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Emhyr ဟာ Nilfgaard က ထွက်ပြေးလာခဲ့ပြီး Duny ဆိုတဲ့ အမည်နဲ့ နေထိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Pavetta နဲ့ တွေ့ဆုံကာ ချစ်ကြိုက်သွားတာ ဖြစ်ပါတယ်။ Pavetta ရဲ့ အချစ်ကြောင့်ပဲ Duny ရဲ့ကျိန်စာဟာလည်း ပျက်ပြယ်သွားပြီး သာမန်လူအဖြစ် ပြန်လည်ပြောင်းလဲသွားပါတယ်။

ဒီလိုနဲ့ Ciri မွေးဖွားလာပြီး အချိန်တစ်ခုအကြာမှာတော့ Vilgefortz ဟာ Duny ကို ရှေ့ဖြစ်ဟောတစ်ခု ပြောပြခဲ့ပါတယ်။ ဒါကြောင့်ပဲ Duny ဟာ Nilfgaard ကို ပြန်သွားပြီး Usurper ကို တိုက်ခိုက်ကာ သူ့ရဲ့ထီးနန်းကို ပြန်လည်သိမ်းယူဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီမှာပဲ Duny ဟာ The White Flame ဖြစ်လာပါတယ်။

photo via screenrant

Duny တစ်ယောက် Nilfgaard ကို ပြန်သွားရတဲ့ အကြောင်းရင်းကတော့ နာမည်ကျော် ရှေ့ဖြစ်ဟောသူ Ithlinne ဟောထားတဲ့ ဟောကိန်းတစ်ခုကို သိရှိသွားတာကြောင့် ဖြစ်ပါတယ်။ အဲဒါကတော့ Duny ကမွေးမယ့် သားဖြစ်သူဟာ Elder Blood ကို ပိုင်ဆိုင်ကာ Continent ကြီးတစ်ခုလုံးကို အုပ်ချုပ်သွားမယ်ဆိုတဲ့ ဟောကိန်းပဲ ဖြစ်ပါတယ်။

သို့သော်လည်း ဖြစ်ချင်တော့ Ciri ဟာ Elder Blood ကို ပိုင်ဆိုင်သူ ဖြစ်နေပြီး အဲဒါကြောင့်ပဲ သူမဟာ အန္တရာယ်တွေများစွာကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ Emhyr ရဲ့ အစီအစဉ်ကတော့ Ciri ကို ဖမ်းဆီးပြီး အနာဂတ်မှာ ကမ္ဘာကြီးကို အုပ်ချုပ်သွားမယ့် သူ့ရဲ့ကလေးကို ကိုယ်ဝန်လွယ်ခိုင်းစေချင်လို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ Emhyr ဟာ သူတို့သားအဖသုံးယောက်ရဲ့ သေဆုံးမှုကို အတုပြုလုပ်ပြီး Nilfgaard မှာ ဇာတ်မြှုပ်နေထိုင်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Ciri ရဲ့ အမေဖြစ်သူ Pavetta ဟာ ဒီအစီအစဉ်တွေကို သိရှိသွားတာကြောင့် သင်္ဘောမထွက်ခင်မှာပဲ Ciri ကို ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ လမ်းခရီးမှာ Emhyr ဟာ သူ့ရဲ့မိန်းမနဲ့ စကားများပြီး Pavetta ကို သင်္ဘောပေါ်က တွန်းချ သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်လုံး သေဆုံးသွားတယ်လို့ သတင်းလွှင့်ပြီး Nilfgaard ကို White Flame အနေနဲ့ ပြန်သွားတာ ဖြစ်ပါတယ်။

photo via screenrant

The Witcher စာအုပ်ထဲမှာ ပါဝင်တဲ့ Ciri ကို လိုချင်နေတဲ့ Emhyr ရဲ့ ရည်ရွယ်ချက်ကတော့ ပရိသတ်တွေအတွက် အငြင်းပွားစရာအကောင်းဆုံး အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Season 3 မှာတော့ ဇာတ်ညွှန်းရေးသားသူတွေဟာ စာအုပ်ထဲကအတိုင်း ဖန်တီးမလား၊ အများနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Season 3 ထဲမှာတော့ White Flame ဟာ အဓိကနေရာမှာ ပါဝင်လာတော့မှာ ဖြစ်ပြီး ဘယ်လိုစိတ်ဝင်စားစရာတွေ မြင်တွေ့ရမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular