HomeEntertainmentFilmEncanto ရုပ်ရှင်ထဲမှာ Mirabel ဟာ ဘာကြောင့် စွမ်းအားမရရှိခဲ့တာလဲ?

Encanto ရုပ်ရှင်ထဲမှာ Mirabel ဟာ ဘာကြောင့် စွမ်းအားမရရှိခဲ့တာလဲ?

Encanto ရုပ်ရှင်ကတော့ Disney ရဲ့ (၆၀)ကားမြောက် Animation ပဲ ဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာတော့ Madrigal မိသားစုဝင်တွေအားလုံးဟာ တစ်ယောက်တစ်မျိူးစီ စွမ်းအားတွေ ရရှိထားပေမယ့်လည်း Mirabel ကတော့ ဘာစွမ်းအားမှ မရှိတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Mirabel တစ်‌ယောက်တည်းက ဘာကြောင့် စွမ်းအား မရှိတာလည်းဆိုတာ ပရိသတ်တွေ စဉ်းစားထားတဲ့ Fan Theory တချိူ့ကို ဖော်ပြပေးချင်ပါတယ်။

Mirabel က လက်ကို သုတ်လိုက်တာကြောင့်ပါ။
photo via screenrant

ဒီဇာတ်လမ်းထဲမှာတော့ Madrigal ကလေးတွေဟာ မှော်တံခါးပေါက်ကို မဖွင့်ခင်မှာ မှော်ဖယောင်းတိုင်ကို ကိုင်ရပါတယ်။ Mirabel ကတော့ မှော်ဖယောင်းတိုင်ကို ကိုင်ပြီးနောက်မှာ လက်ကို သူမရဲ့ အင်္ကျီနဲ့ သုတ်ပစ်ခဲ့ပြီး မှော်တံခါးကိုဖွင့်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မှော်တံခါးဟာ ပျောက်ကွယ်သွားပြီး သူမမှာလည်း ဘာအစွမ်းမှ မရရှိခဲ့ပါဘူး။

ဒီသီအိုရီအရဆိုရင်တော့ မှော်တံခါးကို မဖွင့်ခင်မှာ မှော်ဖယောင်းတိုင်ကို ကိုင်ရတာဟာ အရေးပါတဲ့အချက် ဖြစ်ပြီး သူမဟာ အဲ့ဒီမှော်ဖယောင်းတိုင်က မှော်စွမ်းအားတွေ စီးဆင်းနေတဲ့ လက်ကို  သုတ်ပစ်လိုက်တာကြောင့် အခုလို စွမ်းအား မရရှိခဲ့တာလို့ ဆိုပါတယ်။ ယှဉ်ကြည့်မယ်ဆိုရင်တော့ Antonio အလှည့်မှာ သူဟာ လက်ကို မသုတ်ပစ်ခဲ့ဘဲ မှော်တံခါးကို တန်းဖွင့်တာကို မြင်တွေ့ရပါတယ်။

Mirabel ဟာ ဘယ်တုန်းကမှ စွမ်းအားတွေ ရရှိဖို့ ကံမပါခဲ့ပါဘူး။
photo via screenrant

Madrigal မိသားစုထဲမှာတော့ Mirabel တစ်ယောက်တည်းကပဲ စွမ်းအား မရှိတာ မဟုတ်ဘဲ သူတို့မိသားစုရဲ့ခေါင်းဆောင် ဖြစ်တဲ့ Abuela Alma ဟာလည်း အလားတူပဲ ဖြစ်ပါတယ်။ ဇာတ်သိမ်းမှာ မြင်တွေ့ခဲ့ရသလို ဆိုရင်တော့ Mirabel ဟာ Abuela ရဲ့ ခြေရာအတိုင်း ဖြစ်လာမယ်လို့ ယူဆရပြီး သူတို့မိသားစုနဲ့ မြို့နေပြည်သူတွေကို ကူညီသွားမယ့်ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် Mirabel ဟာ သေဆုံးသွားတဲ့ ခင်ပွန်းဖြစ်သူက ပို့လိုက်တဲ့ လက်ဆောင်တစ်ခုလို့ Abuela က ပြောခဲ့ပါသေးတယ်။ Abuela လိုပဲ Mirabel ဟာလည်း သူမကိုယ် သူမထက် မိသားစုကို ပိုအလေးထားပြီး လိုအပ်နေချိန်မှာ ကူညီဖို့ အသင့်ရှိနေသူ ဖြစ်ပါတယ်။

Abuela ကတော့ စွမ်းအားမရှိပေမယ့်လည်း သူမရဲ့ မိသားစုနဲ့ မြို့နေပြည်သူတွေကို ကောင်းကောင်း ဦးဆောင်နိုင်ပြီး Mirabel ဟာလည်း ဒီနေရာကို ဆက်ခံဖို့ ကံပါလာတာကြောင့် သူမဟာ စွမ်းအားတွေ မရရှိခဲ့တာလို့ သီအိုရီတစ်ခုက ဆိုပါတယ်။

Mirabel ရဲ့ တကယ့်စွမ်းအားက Casita နဲ့ ဆက်သွယ်နိုင်တာပါ။
photo via screenrant

ဒီသီအိုရီကတော့ အပေါ်မှာ ဖော်ပြထားတဲ့ သီအိုရီနဲ့ ဆက်စပ်နေပါတယ်။ ဒီသီအိုရီအရ ဆိုရင်တော့ Mirabel ဟာ တကယ်တော့ စွမ်းအားတစ်ခု ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပါ။ အဲ့ဒီစွမ်းအားကတော့ Casita နဲ့ ဆက်သွယ်နိုင်တာပဲ ဖြစ်ပါတယ်။

ဒီအဆောက်အဦး ပြိုကျတဲ့အချိန်မှာ Casita ဟာ Madrigal မိသားစုဝင်တွေအားလုံးကို ကယ်တင်ခဲ့ပေမယ့်လည်း သေချာသတိထားကြည့်ရင်တော့ ဇာတ်လမ်းတလျှောက်လုံးမှာ Casita နဲ့ အဆက်အသွယ် လုပ်ခဲ့သူဟာ Abuela နဲ့ Mirabel တို့နှစ်ယောက်ပဲ ဖြစ်ပါတယ်။

Abuela ကတော့ Madrigal မိသားစုရဲ့ ခေါင်းဆောင် ဖြစ်ပြီး Mirabel ကလည်း အဲ့ဒီနေရာမှာ ဆက်ခံဖို့ ကံပါလာတာကြောင့် အခုလိုမျိူး Casita နဲ့ ဆက်သွယ်နိုင်တာလို့ ဆိုပါတယ်။ နောက်ဆုံးဇာတ်ဝင်ခန်းမှာလည်း Mirabel အသစ်ပြန်လည် တည်ဆောက်ပြီးတဲ့ အဆောက်အဦးကို တံခါးလက်ကိုင်ဘုလေး တပ်ပေးခဲ့ပြီး အဲ့ဒီအဆောက်အဦးကြီးဟာ Casita အဖြစ် ပြန်လည်ပြောင်းလဲသွားတာကို မြင်တွေ့ခဲ့ရပါတယ်။

Mirabel ကိုယ်တိုင်ကိုက Miracle ဖြစ်နေတာပါ။
photo via screenrant

ဒီဇာတ်လမ်းထဲမှာတော့ Madrigal မိသားစုဝင်တွေ ကိုယ်တိုင်က သူတို့ရဲ့ မှော်စွမ်းအားအကြောင်းကို နားမလည်ကြပါဘူး။ Abuela သိတဲ့ တစ်ခုတည်းသော အချက်ကလည်း သူမရဲ့ ခင်ပွန်း သေဆုံးသွားပြီးနောက်မှာ အဲ့ဒီမှော်စွမ်းအားကို ရရှိခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Mirabel ဟာ ဘာစွမ်းအားမှ မရရှိတဲ့ အချိန်မှာတော့ Abuela ဟာ သူတို့မိသားစုရဲ့ မှော်စွမ်းအားတွေ ဆုံးရှုံးရပြီလို့ ထင်နေတာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းတလျှောက်လုံးမှာတော့ Mirabel ကိုယ်တိုင်က သူတို့မိသားစုကို မှော်စွမ်းအားတွေ ရရှိစေခဲ့တဲ့ Miracle ဖြစ်နေတယ်ဆိုတဲ့ အချက်ကို အရိပ်အမြွက် ပြထားတွေ ပါဝင်နေပါတယ်။ အပေါ်မှာ ဖော်ပြထားသလိုပဲ ဇာတ်သိမ်းမှာတော့ Mirabel ဟာ တံခါးလက်ကိုင်ဘုလေးကို အဆောက်အဦးအသစ်မှာ တပ်ဆင်ခဲ့တာကြောင့် Casita ပြန်လည် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

နောက်ထပ်တစ်ချက်ကတော့ Madrigal မိသားစုရဲ့ ဝတ်စုံတွေဟာ သူတို့ရဲ့ စွမ်းအားတွေကို ညွှန်ပြနေတာပဲ ဖြစ်ပါတယ်။ Isabela ကတော့ အပင်တွေကို ဖန်တီးနိုင်သူ ဖြစ်ပြီး သူမရဲ့ ဝတ်စုံမှာတော့ ပန်းပွင့်ပုံတွေ ပါဝင်နေပါတယ်။ Dolores ကတော့ အကြားအာရုံကောင်းသူ ဖြစ်ပြီး သူမရဲ့ ဝတ်စုံမှာ အသံလှိုင်းပုံစံတွေကို မြင်တွေ့ခဲ့ရပါတယ်။

Mirabel ရဲ့ ဝတ်စုံမှာတော့ လိပ်ပြာပုံလေးတွေ ပါဝင်နေပါတယ်။ Abuela ဟာ မှော်ဖယောင်းတိုင်ကို ရရှိတဲ့အချိန်မှာတော့ သာမန်ဖယောင်းတိုင်လေးကနေ လိပ်ပြာပုံလေးတွေ ပေါ်လာပြီး နောက်ပိုင်းမှာတော့ Madrigal မိသားစုကို စွမ်းအားတွေ ရရှိစေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီအချက်တွေဟာ တိုက်ဆိုင်မှု မဖြစ်နိုင်ဘဲ Mirabel ကိုယ်တိုင်က Madrigal မိသားစုကို စွမ်းအားတွေ ရရှိစေခဲ့တဲ့ Miracle ဖြစ်နေပါတယ်လို့ ဒီသီအိုရီက ဆိုထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular