HomeCelebs Update NewsInternationalဟောလိဝုဒ်ဆယ်လီတွေ ပြောပြတဲ့ Dating App နဲ့ အတွေ့အကြုံများ

ဟောလိဝုဒ်ဆယ်လီတွေ ပြောပြတဲ့ Dating App နဲ့ အတွေ့အကြုံများ

နည်းပညာတွေ ခေတ်မီတိုးတက်လာတဲ့အလျောက် ကြင်ဖက်ရှာဖွေတာကနေ အပျော်တွဲဖို့ ချစ်သူရှာဖွေတာအထိ dating app တွေကို ကျယ်ပြန့်စွာ အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ ပရိုဖိုင်လ်မှာ တင်ထားတဲ့ အချက်အလက်ပေါ် မူတည်ပြီး ကိုယ်နဲ့ကိုက်ညီမှုရှိမရှိကို အကြမ်းဖျဉ်း သိရှိနိုင်တဲ့ dating app တွေကတော့ သာမန်လူတွေကြားထဲမှာတင် မဟုတ်ဘဲ ဟောလိဝုဒ်က နာမည်ကျော်တွေကြားမှာလည်း ရေပန်းစားပါတယ်။ dating app တွေ သုံးကြည့်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို ဝေမျှထားတဲ့ ဟောလိဝုဒ် ဆယ်လီတွေကတော့ …

David Harbour နဲ့ Lily Allen တို့စုံတွဲ

Photo: lilyallen/ Instagram

Stranger Things သရုပ်ဆောင် David Harbour ကတော့ ဇနီးဖြစ်သူ နာမည်ကျော် ပေါ့ပ်အဆိုတော် Lily Allen နဲ့ ဘယ်လိုအကြောင်းပါခဲ့တယ်ဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ ဇွန်လက The Late Late Show with James Corden ကို လာရောက်တုန်းက ပြောပြသွားပါတယ်။ David ရဲ့ပြောပြချက်အရ သူတို့နှစ်ယောက်ဟာ dating app ကနေတဆင့် ဆုံတွေ့ခဲ့ကြတာလို့ သိရပါတယ်။

“ကျွန်တော်တို့နှစ်ယောက်က dating app တစ်ခုကနေ တွေ့ခဲ့ကြတာပါ။ အဲဒီနောက်တော့ လန်ဒန်မှာ ကျွန်တော်တို့ ဒိတ်လုပ်ဖြစ်ခဲ့ကြတယ်ပေါ့။ တွေ့တဲ့နေ့မှာတော့ သူက ကျွန်တော့်ဆီ တန်းတန်းကြီး လျှောက်လာပြီးတော့ ကျွန်တော့်ကို မြင်မြင်ချင်းပဲ ချစ်မိသွားတယ်လို့ ပြောတာဗျ။ ရှင်က ကျွန်မမြင်ဖူးသမျှ လူတွေထဲမှာ လူကောင်အကြီးဆုံးပဲတဲ့။ ပြီးတော့ ကျွန်မကလည်း ကျွန်မမြင်ဖူးသမျှထဲမှာ လူကောင်အသေးဆုံးပဲတဲ့လေ …” လို့ David က Late Late Show မှာ ပြောပြခဲ့ပါတယ်။

Demi Lovato

Photo: ddlovato/ Instagram

Demi Lovato ကတော့ ၂၀၂၀ ခုနှစ် မေလထွက် Harper’s Bazaar မဂ္ဂဇင်းမှာ သူ့ရဲ့ dating app အတွေ့အကြုံကို ပြောပြထားပါတယ်။ သူ့ရဲ့အဆိုအရ ယခင်အကောင့်အဟောင်းကို ဖျက်ပစ်ပြီး နောက်ပိုင်းမှာ အကောင့်သစ် ပြန်ဖွင့်တဲ့အခါမှာတော့ Raya dating app က သူ့ကို ဘလော့ထားတယ်လို့ ဆိုပါတယ်။

“အဲဒီတုန်းက တို့တွဲနေတဲ့လူကို respect ထားတဲ့အနေနဲ့ အကောင့်ကို ဖျက်ပစ်လိုက်တာပေါ့။ နောက် သူနဲ့ ပြတ်သွားတော့ အကောင့်ပြန်ဖွင့်တာပေါ့။ အဲဒီမှာ တွေ့လိုက်ရတာ တို့ကို သူတို့က ဘန်းထားတာပဲ။ အဲ့တော့လည်း အေးဆေးပဲပေါ့။ ငါက တစ်ယောက်တည်းလည်း အေးဆေးပဲလို့ ပြောလိုက်တယ် …” လို့ Demi က ဆိုပါတယ်။

Kiernan Shipka

Photo: kiernanshipka/ Instagram

မင်းသမီးလေး Kiernan Shipka ကတော့ ကလေးသရုပ်ဆောင် လုပ်ဖူးသူတစ်ယောက်အနေနဲ့ ဒိတ်လုပ်ဖို့ မလွယ်ကူကြောင်း ပြောပါတယ်။ အဲဒီနောက် သူမရဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ့်အရာကို တွေ့ရှိသွားတယ်လို့ ဆိုပါတယ်။ အဲဒါကတော့ ဆယ်လီတွေကို ဒိတ်ရှာပေးတဲ့ Raya dating app ဖြစ်ပါတယ်။ “Raya ကတော့ တကယ့်ဘဝပါပဲ။ အရမ်းသဘောကျတယ်။ Raya ကို ဘုရားသခင် ကောင်းချီးပေးပါစေ …” လို့ Shipka က ဆိုပါတယ်။

Lizzo

Photo: lizzobeating/ Instagram

အဆိုတော် Lizzo ကတော့ ဆယ်လီတွေသုံးတဲ့ Raya dating app ကို သုံးဖူးပေမယ့် ပျင်းစရာကောင်းတယ်လို့ ဆိုပြီး တကယ်ပျော်စရာကောင်းတဲ့ ဒိတ်တစ်ခု ရဖို့ဆိုရင် ကန့်သတ်ချက်တွေ ပိုနည်းတဲ့ dating app မျိုးက ပိုအဆင်ပြေတယ်လို့ ဆိုထားပါတယ်။

“Raya သုံးကြည့်ပြီးပြီ။ John Mayer နဲ့ match ဖြစ်အောင် ကြိုးစားတာပဲ။ ဒါပေမယ့် မရဘူး။ ကျွန်မရဲ့ အကသမားက လူစုံနဲ့ တွေ့ကြည့်ချင်တယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်မလည်း သူနဲ့အတူတူ လိုက်လုပ်တာပေါ့။ အဲဒီမှာ ကျွန်မတို့ ကိန်းကြီးခန်းကြီး မဟုတ်တဲ့ app မျိုးကိုပဲ ရွေးလိုက်ကြတယ်။ မကောင်းပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူစုံနဲ့ တွေ့ကြည့်ဖို့ဆိုရင် ကျွန်မက ဘယ်သူပါဆိုပြီး confirm လုပ်ထားစရာကြီး မလိုဘူးလေ။ အဲဒါနဲ့ ကျွန်မတို့ တစ်ပတ်လောက်ကို အဲလိုလျှောက်လုပ်ကြတာ။ ပျော်စရာကောင်းပါတယ် …” လို့ Lizzo က ဆိုပါတယ်။

Rebel Wilson

Photo: rebelwilson/ Instagram

မင်းသမီး Rebel Wilson ဟာလည်း high-profile အသိုင်းအဝိုင်းထဲက လူတွေပဲ သုံးကြတဲ့ Raya dating app ကို သုံးခဲ့သေးတယ်လို့ ဆိုပါတယ်။ “ကျွန်မ အဲဒီမှာ အကောင့်ဖွင့်ထားတာ နှစ်အနည်းငယ် ရှိပါပြီ။ ဒါပေမယ့် တကယ် သုံးဖြစ်တာကတော့ တစ်ပတ်၊ နှစ်ပတ်လောက်ပါပဲ။ တစ်ယောက်ယောက်နဲ့ တွေ့နေတယ်ဆိုရင် ဒါကိုသုံးဖို့ မလိုဘူးလေ။ ဒီဟာက တစ်ယောက်ယောက်နဲ့ ပြတ်ပြီး ကြားထဲမှာ အရမ်းတွေ တစ်ယောက်တည်း အထီးကျန်နေမှ သုံးဖြစ်တာမျိုး မဟုတ်လား …”

“ပြီးတော့ အဲဒီမှာ ဘယ်သူတွေ ရှိနေကြလည်းလို့ ကြည့်ရတာလည်း ပျော်စရာကောင်းပါတယ်။ Pitch Perfect ထဲက ကောင်မလေးတွေ တော်တော်များများ အဲဒီမှာ ရှိနေကြပါတယ်။ ပြီးတော့ ဒီလောကထဲက မိန်းကလေးတွေလည်း အများကြီး ရှိနေကြပါတယ် …” လို့ Rebel က သူမရဲ့ dating app အတွေ့အကြုံကို ပြောပြထားပါတယ်။

Sam Smith

Photo: samsmith/ Instagram

Sam Smith ကတော့ dating app တွေ သုံးစွဲကြတဲ့အပေါ် သူ့ရဲ့အမြင်ကို ပြောပြဖူးပါတယ်။ “Tinder သုံးတဲ့သူတွေကို စော်ကားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒါတွေက တကယ့်ရိုမန့်စ်ကို ပျက်စီးစေတယ်လို့ မြင်တယ်။ တကယ်ပြောတာ။ ကျွန်တော်တို့က အပြင်မှာ တစ်ယောက်နဲ့တစ်ယောက်တွေ့ပြီး စကားစမြည်ပြောမယ်။ အဲဒီကနေမှ အဆင့်တက်မယ်။ အဲဒီလို အလေ့အထတွေ မရှိတော့ဘဲနဲ့ လူတွေကို ဟိုဘက် ဒီဘက် swipe လုပ်ပြီး ကြည့်နေကြတာလေ …” လို့ ဆိုပါတယ်။

သို့သော်လည်း Sam ဟာ dating app တွေကို လုံးဝဆန့်ကျင်တဲ့သူတော့ မဟုတ်ပါဘူး။ တစ်ခါကတော့ သူဟာ Hinge ဆိုတဲ့ dating app တစ်ခုကို သုံးဖူးတယ်လို့ ဆိုပါတယ်။ သို့သော်လည်း အဲဒီ app ဟာ သူ့ကို အယောင်ဆောင် Sam Smith အတုလို့ ထင်ပြီး တစ်ညတည်းနဲ့ အကောင့်ဘန်းသွားတယ်လို့ ဆိုပါတယ်။

Charlize Theron

Photo: charlizeafrica/ Instagram

မင်းသမီး Charlize Theron ကတော့ သူမရဲ့သူငယ်ချင်းဖြစ်သူ Chelsea Handler ရဲ့ကောင်းမှုနဲ့ အွန်လိုင်းမှာ ဒိတ်လုပ်ကြတဲ့အကြောင်းကို စတင်သိရှိခဲ့တယ်လို့ Ellen DeGeneres Show မှာ ပြောပြဖူးပါတယ်။

“သူက ဖုန်းတစ်လုံးနဲ့ ရောက်လာပြီး ကျွန်မကို လာပြတာလေ။ သိတယ်မှတ်လား။ သူ့ရဲ့ Chelsea Handler နည်းလမ်းနဲ့ ကျွန်မကို ဒီဟာတွေရဲ့အကြောင်း ရှင်းပြတော့တာပဲ။ ဟဲ့ … လူတိုင်းက အခု ဒါတွေသုံးနေကြတာလေ။ နင် မသိဘူးလား။ ဘယ်ခေတ်မှာ နေနေတာလည်းဆိုပြီး ပြောတော့တာပဲ။ အဲဒါနဲ့ ကျွန်မလည်း စိတ်ဝင်စားပြီး သူပြတာကို ကြည့်ကြည့်တာပေါ့ …”

“အဲဒီမှာ ပုံစံမျိုးစုံနဲ့ ယောက်ျားတွေကို သူက တောက်လျှောက် swipe လုပ်ပြတော့တာပဲ။ အဲဒီမှာ အဝတ်မပါတဲ့သူတွေရော၊ မျိုးစုံပဲ။ ကျွန်မကတော့ သူပြတာကို ကြည့်ရတာနဲ့တင် အသက်(၈၀)အဘွားကြီးလို ဖြစ်နေတော့တာ။ ပြီးတော့ သဘောကျတဲ့လူတွေ့ရင် မက်ဆေ့ချ်တွေ စပို့ကြမယ်။ အဲဒီမှာ အီစီကလီတွေ လုပ်ကြတာပေါ့။ တကယ် ရှက်စရာကောင်းပါတယ်။ ပြီးတော့ အဲဒီလူတွေကလည်း ဘယ်သူတွေမှန်းလည်း ကိုယ်လည်း မသိရဘူးလေနော် …”

“ပြီးတော့ သိတယ်မှတ်လား။ ဒီဘက်ကလည်း ချစ်စရာကောင်းတဲ့ပုံမျိုး နေနေတာလေ။ ပြောတဲ့စကားတွေကလည်း ကြက်သီးထစရာကြီး။ ဟေ့ … ဆက်ဆီလေး ဘာလုပ်နေလည်း ဆိုတာမျိုးပေါ့။ တကယ် ရှက်စရာကောင်းပါတယ်။ အဲဒါကြောင့် ကျွန်မလည်း ဆင်ဂယ်လ် ဖြစ်နေတာပါ။ ကျွန်မကတော့ သိတယ်မှတ်လား။ ကိုယ့်သူငယ်ချင်းက မိတ်ဆက်ပေးတာမျိုးကိုပဲ ပိုသဘောကျတယ်။ ကျွန်မက အရမ်းရှေးရိုးဆန်ပါတယ် …” လို့ Charlize က သူမရဲ့အတွေ့အကြုံကို ပြောပြထားပါတယ်။

ဒါကတော့ ဆယ်လီတွေရဲ့ dating app နဲ့ ပတ်သက်တဲ့ အတွေ့အကြုံအချို့ ဖြစ်ပါတယ်။ စာဖတ်သူတို့မှာရော အလားတူ အတွေ့အကြုံမျိုး ရှိခဲ့ရင် အမြင်လေးတွေ ပြောခဲ့ပါဦး။

Vancouver

 

RELATED ARTICLES

Most Popular