HomeCelebs Update NewsInternationalကွယ်လွန်ခြင်း (၅)နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ Chester Bennington

ကွယ်လွန်ခြင်း (၅)နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ Chester Bennington

rock ပရိသတ်တွေကြားမှာတော့ Chester Bennington ဆိုတဲ့ နာမည်ကို ဘယ်တော့မှ မေ့သွားကြမှာ မဟုတ်ပါဘူး။ Chester Bennington လို့ ပြောလိုက်ရင် သူ့ရဲ့စူးရှပြင်းထန်တဲ့ အသံနဲ့အတူ လည်ပင်းကြောတွေ ထောင်နေအောင် သီဆိုတတ်တဲ့ တက်တူးတွေနဲ့ ရော့ခ်ကာတစ်ယောက်ကို မြင်ယောင်မိကြဦးမှာပါ။ Chester ဟာ ပရိသတ်တွေကိုရော၊ ကမ္ဘာကြီးကိုပါ ကျောခိုင်းထွက်ခွာသွားခဲ့တာ ငါးနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

Chester ဟာ နာမည်ကျော် rock band Linkin Park ရဲ့ lead vocalist ဖြစ်ရုံသာမက တခြား rock band တွေဖြစ်တဲ့ Grey Daze ၊ Dead by Sunrise နဲ့ Stone Temple Pilots တို့ရဲ့ lead vocalist လည်း ဖြစ်ပါတယ်။ Chester ကတော့ Linkin Park အဖွဲ့ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်ဖြစ်တဲ့ Hybrid Theory နဲ့အတူ အောင်မြင်လာသူ ဖြစ်ပါတယ်။

၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ အဆိုပါ အယ်လ်ဘမ်ကတော့ ချပ်ရေ (၁၀)သန်းကျော် ရောင်းချခဲ့ရပြီး ဆယ်စုနှစ်အတွင်း အရောင်းရဆုံး အယ်လ်ဘမ် ဖြစ်ခဲ့ပါတယ်။ ဒါတင်မက အမေရိကရဲ့ တေးသံသွင်းအဖွဲ့အစည်းက ပေးအပ်တဲ့ Diamond Certificate ကိုပါ ရရှိခဲ့ပါသေးတယ်။ Chester ဟာ သူ့မျိုးဆက်ရဲ့ အထူးချွန်ဆုံး ရော့ခ်ကာစာရင်းထဲမှာ ပါဝင်သူလည်း ဖြစ်ပါတယ်။

Photo: chesterbe/ Instagram

နာကျင်စရာတွေ အစပြုခဲ့တဲ့ ကလေးဘဝ

Chester Bennington ဟာ ၁၉၇၆ ခုနှစ် မတ်လ(၂၀)ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ Phoenix မြို့မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ မိခင်ဖြစ်သူကတော့ သူနာပြုဆရာမ ဖြစ်ပြီး ဖခင်ဖြစ်သူကတော့ ကလေးသူငယ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကို ကိုင်တွယ်တဲ့ ရဲဝန်ထမ်း ဖြစ်ပါတယ်။

Chester ရဲ့ ပရိသတ်မှန်ရင် သူ့ရဲ့ သီချင်းစာသားတွေထဲက ဝမ်းနည်းနာကျင်မှုတွေကို ခံစားမိကြမှာ မလွဲပါဘူး။ တကယ်တော့ သူ့ရဲ့ဒဏ်ရာတွေကို မြစ်ဖျားခံစေခဲ့တာဟာ ကလေးဘဝတည်းက ဖြစ်ပါတယ်။ သူဟာ (၇)နှစ်အရွယ် ကလေးဘဝတည်းက သူ့ထက်အသက်ကြီးတဲ့ ယောက်ျားလေး သူငယ်ချင်းတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။ Chester ဟာ သူ့အသက်(၁၃)နှစ်အထိ အဲဒီလူရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းကတော့ Chester ဟာ သူခံစားနေရတဲ့ ဒုက္ခကို တခြားလူဆီမှာ အကူအညီတောင်းဖို့ ကြောက်ရွံ့ထိတ်လန့်နေခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သူကသာ လူကြီးတွေကို ဒီကိစ္စဖွင့်ပြောလိုက်ရင် လူကြီးတွေက သူ့ကို လိမ်ညာနေတယ်လို့ ထင်ပြီး သူ့ကို ဂေးလို့ ထင်သွားမှာကိုလည်း စိုးရိမ်တာကြောင့် ဖွင့်မပြောဖြစ်ခဲ့တာ ဖြစ်ပါတယ်။

Photo: chesterbe/ Instagram

အဲဒီနောက် နှစ်တွေ ကြာမြင့်ပြီးတဲ့နောက်မှသာ Chester ဟာ ဖခင်ဖြစ်သူဆီမှာ သူ့ကို အကြမ်းဖက်ခဲ့သူက ဘယ်သူဆိုတာကို ဖွင့်ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း အဲဒီလူကို တရားစွဲဆိုပြီး အမှုပြုလုပ်ဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။

တကယ်တော့ Chester ရဲ့ ကလေးဘဝဟာ စိတ်ချမ်းသာစရာတစ်ခုမှ မရှိခဲ့သလို မိဘတွေကလည်း သူ့အသက်(၁၁)နှစ်အရွယ်မှာပဲ ကွာရှင်းခဲ့ကြပါတယ်။ ဒီအကြောင်းအရာတွေကို တွက်ဆကြည့်လိုက်ရင် Chester မှာ ကြီးမားတဲ့ စိတ်ဒဏ်ရာတွေနဲ့ စိတ်ဓာတ်ကျရောဂါတွေဟာ ငယ်ဘဝတည်းက အမြစ်လို တွယ်နေခဲ့တာ သိနိုင်ပါလိမ့်မယ်။ သူ့ရဲ့ကလေးဘဝမှာတော့ ခံစားရလွန်းတဲ့အတွက် တခါတရံမှာ အဝေးကိုထွက်ပြေးပြီး လူတွေ လိုက်သတ်ချင်စိတ်ပါ ဖြစ်မိခဲ့တယ်လို့လည်း ဆိုပါတယ်။

Photo via seekpng

အထက်တန်းကျောင်းသား ဘဝကို ရောက်ပြန်တော့လည်း Chester ဟာ ရွယ်တူကျောင်းသားတွေကြားထဲမှာ အနိုင်ကျင့်မှုတွေကို ခံစားခဲ့ရပါသေးတယ်။ သူ့ရဲ့ပိန်သွယ်တဲ့ ခန္ဓာကိုယ်ပုံစံနဲ့ တခြားသူတွေနဲ့ မတူတဲ့ ရုပ်သွင်ကြောင့် အထက်တန်းကျောင်းမှာတော့ တခြားကျောင်းသားတွေရဲ့ ရိုက်နှက်မှု၊ အနိုင်ကျင့်၊ ညှင်းဆဲမှုတွေကို တောက်လျှောက် ခံစားခဲ့ရပါတယ်။

ငရဲလို ဘဝမှာ နေထိုင်ကြီးပြင်းလာရတဲ့ Chester အတွက် တစ်ခုတည်းသော စိတ်ထွက်ပေါက်ကတော့ ဂီတပဲ ဖြစ်ပါတယ်။ ဒါတင်မက သူ့ရဲ့ကလေးဘဝမှာတော့ ကဗျာ၊ စာပေတွေလည်း ရေးသားခဲ့ပြီး ပန်းချီတွေလည်း ဆွဲခဲ့ပါသေးတယ်။ ဒီလိုနဲ့ ဆယ်ကျော်သက်ရွယ် ရောက်လာတဲ့အချိန်မှာတော့ အထက်တန်းကျောင်းက အနိုင်ကျင့်မှုတွေကြောင့် မူးယစ်ဆေးကို စတင်သုံးစွဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ အရက်၊ ဆေးခြောက်၊ ဘိန်း၊ ကိုကင်း၊ meth နဲ့ LSD စတဲ့ မူးယစ်ဆေးပေါင်းစုံကို အလွန်အကျွံ သုံးစွဲပါတော့တယ်။

Photo: chesterbe/ Instagram

မိသားစုဘဝ

Chester မှာတော့ ချစ်သူဟောင်း Elka Brand နဲ့ရတဲ့ Jamie ဆိုတဲ့ အကြီးဆုံးသားတစ်ယောက် ရှိပါတယ်။ အဲဒီနောက်မှာတော့ Elka Brand က တခြားတစ်ယောက်နဲ့ ရထားတဲ့ Isaiah ဆိုတဲ့ သားဖြစ်သူကိုလည်း Chester က မွေးစားခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၉၆ ခုနှစ် အောက်တိုဘာလမှာတော့ ပထမဆုံးဇနီးဖြစ်တဲ့ Samantha Marie Olit နဲ့ လက်ထပ်ခဲ့ပါတယ်။ သူမနဲ့ အိမ်ထောင်ရေးမှာတော့ Draven Sebastian ဆိုတဲ့ ကလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၅ ခုနှစ်မှာတော့ Samantha နဲ့ ကွာရှင်းခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကို အရောက်မှာတော့ Playboy မော်ဒယ်လ်ဟောင်း ဖြစ်တဲ့ Talinda Ann Bentley နဲ့ ဒုတိယအကြိမ် လက်ထပ်ခဲ့ပါတယ်။ Talinda နဲ့ အိမ်ထောင်ရေးမှာတော့ ကလေးသုံးယောက် ရခဲ့ပါတယ်။ အကြီးဆုံးဖြစ်တဲ့ Tyler Lee Bennington နဲ့ Lily နဲ့ Lila ဆိုတဲ့ အမွှာနှစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo via Paste Magazine

Chris Cornell နဲ့ ဆက်ဆံရေး 

Chester ရဲ့ဘဝအကြောင်းကို ပြောရင် Chris Cornell ကိုလည်း ချန်ထားလို့ မရပါဘူး။ Chris Cornell ကတော့ Chester ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၀၀ ခုနှစ်ကျော် ကာလတွေမှာ နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်တွေ အတူတူသွားရင်း ရင်းနှီးခင်မင်သွားကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားက ခင်မင်မှုကတော့ အလွန်နက်ရှိုင်းပြီး Chester ဟာ Chris ရဲ့သားဖြစ်သူ Christopher ရဲ့ godfather လည်း ဖြစ်ပါတယ်။

သို့သော်လည်း Chris Cornell ဟာ ၂၀၁၇ ခုနှစ် မေလ(၁၈)ရက်နေ့မှာပဲ ကြိုးဆွဲချပြီး အဆုံးစီရင်သွားခဲ့ပါတယ်။ သူ့ရဲ့သေဆုံးမှုနဲ့ ပတ်သက်ပြီး Chester ဟာ Chris Cornell မရှိတဲ့ ကမ္ဘာကို စိတ်ကူးတောင် မယဉ်နိုင်တဲ့အကြောင်း အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါသေးတယ်။ အဲဒီနောက် Chris ရဲ့ သေဆုံးမှု အထိမ်းအမှတ်အနေနဲ့ Jimmy Kimmel Live မှာ “One More Light” သီချင်းကို သီဆိုဖို့ ရီဟာဇယ်လေ့ကျင့်တုန်းကဆိုရင် Chester ဟာ ဆို့နင့်နေခဲ့တဲ့အတွက် သီချင်းကိုတောင် ပြီးအောင် မဆိုနိုင်ခဲ့ဘူးလို့ Linkin Park ရဲ့အဖွဲ့ဝင် Mike Shinoda က ပြောပြခဲ့ဖူးပါတယ်။

Photo: chesterbe/ Instagram

နှုတ်ဆက်ထွက်ခွာခြင်း 

Chester ဟာ အရီဇိုးနားကို မိသားစုနဲ့အတူ အပန်းဖြေခရီးထွက်နေရင်း အလုပ်တွေ ရှိတယ်လို့ အကြောင်းပြကာ အိမ်ကို တစ်ယောက်တည်း ပြန်လာခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်မှာတော့ Chester ဟာ ကယ်လီဖိုးနီးယားက သူ့ရဲ့နေအိမ်မှာ သေဆုံးနေတာကို တွေ့ရပါတယ်။ Chester ဟာ သူ့မိတ်ဆွေ Chris Cornell လိုပဲ ကြိုးဆွဲချပြီး သေဆုံးနေတာ ဖြစ်ကာ သူ့ရဲ့ရုပ်အလောင်းကိုတော့ အိမ်အကူဝန်ထမ်းက အရင်ဆုံး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးချက်အရ Chester ဟာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တာလို့ သိရပြီး ဘာမှတ်ချက်၊ စာတစ်စောင်တစ်လေမှ ထားရစ်ခဲ့ခြင်း မရှိပါဘူး။ အခင်းဖြစ်ပွားရာ နေရာမှာတော့ တဝက်လျော့နေတဲ့ အရက်ပုလင်းတစ်လုံးကိုသာ တွေ့ရပြီး တခြားထူးခြားမှု တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။ ဆေးမှုခင်းအရာရှိရဲ့ စစ်ဆေးချက်အရ သူ့ရဲ့ရုပ်အလောင်းမှာတော့ မူးယစ်ဆေး မတွေ့ရဘဲ အရက်ကိုသာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ထူးဆန်းတာကတော့ Chester ဟာ သူ့သူငယ်ချင်း Chris Cornell ရဲ့မွေးနေ့ဖြစ်တဲ့ ဇူလိုင်လ(၂၀)ရက်နေ့မှာပဲ အားလုံးကို ကျောခိုင်းသွားတာ ဖြစ်ပါတယ်။ ဒါဟာ တိုက်ဆိုင်တာပဲလား၊ တကယ် ရည်ရွယ်ချက်နဲ့ လုပ်သွားတာလားတော့ Chester ကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်။

Photo: chesterbe/ Instagram

ဘယ်တော့မှ မမေ့ဘူး …

တကယ်တော့ Chester ဟာ သူသေဆုံးဖို့ ခြောက်ရက်အလိုတုန်းကတင် Carpool Karaoke အပိုင်းတစ်ပိုင်းကို ရိုက်ကူးပေးခဲ့ပါသေးတယ်။ ဒီလိုနဲ့ သူ ရုတ်တရက် ကွယ်လွန်သွားချိန်မှာတော့ ကျန်ရစ်တဲ့ မိသားစုဟာ အဲဒီ Carpool Karaoke အပိုင်းကို ထုတ်လွှင့်ဖို့ ခွင့်ပြုချက် ပေးခဲ့ပါတယ်။

Chester ရဲ့ ကွယ်လွန်မှုဟာ ပရိသတ်တွေအတွက် ဖော်မပြနိုင်တဲ့ ဝမ်းနည်းနာကျင်မှုတစ်ခု ဖြစ်သလို ရော့ခ်ဂီတ အသိုင်းအဝိုင်းအတွက်လည်း အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အဲဒီနှစ်မှာ ကျင်းပခဲ့တဲ့ 2017 MTV Video Music Awards မှာတော့ Jared Leto ဟာ Chester နဲ့ Chris Cornell အတွက် ရည်ရွယ်ပြီး tribute လုပ်ခဲ့ပါတယ်။

Photo: chesterbe/ Instagram

ဒါတင်မက Chester ရဲ့ အဖွဲ့တွေဖြစ်တဲ့ Dead by Sunrise နဲ့ Grey Daze အဖွဲ့ဝင်တွေဟာလည်း လက်စ်ဗေးဂက်စ်က ဖျော်ဖြေပွဲတစ်ခုမှာ Chester အတွက် ဂုဏ်ပြုသီဆိုခဲ့ကြပါတယ်။ Linkin Park ကလည်း Linkin Park and Friends: Celebrate Life in Honor of Chester Bennington ဆိုတဲ့ ပွဲတစ်ပွဲကို လော့စ်အိန်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့ပါသေးတယ်။ အဆိုပါပွဲကိုတော့ Blink-182 ၊ System of a Down ၊ Korn ၊ Avenge Sevenfold ၊ Bring Me the Horizon ၊ Yellowcard ၊ Kiiara အစရှိတဲ့ နာမည်ကျော်တွေ ပါဝင် ဖျော်ဖြေပြီး ဂုဏ်ပြုပေးခဲ့ကြပါတယ်။

ဒါ့အပြင် နာမည်ကျော် rapper Jay Z ဟာလည်း အကြိမ်ပေါင်းများစွာ Chester ကို ရည်ညွှန်းပြီး ဂုဏ်ပြုဖျော်ဖြေခဲ့သလို Cold Play ၊ Machine Gun Kelly ၊ Imagine Dragons ၊ Billy Talent ၊ Godsmack တို့နဲ့ အခြားနာမည်ကျော်ပေါင်း များစွာဟာလည်း Chester ကို ရည်ညွှန်းပြီး Crawling သီချင်းကို အကြိမ်ပေါင်းများစွာ သီဆိုခဲ့ကြပါသေးတယ်။

လူငယ်ဘဝရဲ့ မွန်းကျပ်ပိတ်လှောင်မှုတွေ၊ နာကျင်စရာတွေအားလုံးကို ဖွင့်ထုတ်ခွင့် ရစေခဲ့တဲ့ Chester Bennington ရဲ့ အသံနဲ့ တေးသီချင်းပေါင်းများစွာကို ပရိသတ်တွေကလည်း ဘယ်သောအခါမှ မေ့လျော့သွားကြမှာ မဟုတ်ဘူးဆိုတာကတော့ အသေအချာပါပဲ။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular