HomeCharacterအစိမ်းရောင်လူသန်ကြီး Hulk အကြောင်း သင်လုံးဝမသိလောက်သေးမယ့် အချက်များ 

အစိမ်းရောင်လူသန်ကြီး Hulk အကြောင်း သင်လုံးဝမသိလောက်သေးမယ့် အချက်များ 

Hulk လို့ပြောလိုက်ရင် အစိမ်းရောင်လူသန်ကြီးတစ်ယောက် ဒေါသတွေထွက်ပြီး လိုက်ထိုးကြိတ်၊ချေမွနေတာကိုသာ လူအများစုက ပြေးမြင်မိကြမှာပါ။ ကမ္ဘာပေါ်က ခွန်အားဗလ အကြီးမားဆုံး စူပါဟီးရိုးတွေထဲမှာ ပါဝင်တဲ့ Hulk ဇာတ်ကောင်ကိုတော့ ၁၉၆၂ခုနှစ်မှာ ဂန္ထဝင် comic ဆရာကြီး Stan Lee နဲ့ Jack Kirby တို့က ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ စတင်ရေးစွဲတုန်းကတော့ Hulk ကို ဟီးရိုးအဖြစ် ရေးစွဲခဲ့တာ မဟုတ်ပါဘူး။ Anti-hero နဲ့ villain နေရာအတွက် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှ အားပေးမှုတွေ များလာခဲ့လို့ ဟီးရိုးအဖြစ်နဲ့ ပြောင်းလဲရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Hulk နဲ့ ပတ်သက်လို့ လူသိပ်မသိသေးတဲ့ comic ထဲက အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Hulk ဟာ ကနဦးတုန်းက မီးခိုးရောင်လူသန်ကြီးပါ။
photo via screenrant

Hulk လို့ပြောလိုက်တာနဲ့ တော်တော်များများက အစိမ်းရောင်လူသန်ကြီးကိုပဲ ပြေးမြင်ကြမှာပါ။ ဒါပေမဲ့လည်း သူ့ကို စတင်ရေးဆွဲတုန်းက အစိမ်းရောင်အဖြစ် ရေးဆွဲခဲ့တာ မဟုတ်ဘဲ မီးခိုးရောင်အဖြစ် ရေးဆွဲခဲ့တာပါ။ ဖြစ်ပုံကတော့ ၁၉၆၀ နှောင်းပိုင်းမှာ သူ့ရဲ့ ပထမဆုံး comic စာအုပ် ထွက်လာခဲ့ပါတယ်။ ပထမထွက်လာတဲ့ တစ်အုပ်မှာတော့ မီးခိုးရောင်အဖြစ် ရေးဆွဲထားပြီး ဒုတိယစာအုပ်မှာတော့ ရုတ်တရက်ပဲ အစိမ်းရောင် ပြောင်းသွားခဲ့ပါတယ်။

အကြောင်းအရင်းကတော့ ပုံနှိပ်စက်က စက်ချို့ယွင်းသွားပြီး အရောင်တွေပြောင်းကုန်တာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ့ခေတ်တုန်းက သိပ်မတိုးတက်သေးတာကြောင့် ပုံနှိပ်စက်တွေဟာ အရောင်တစ်မျိုးတည်းကိုပဲ ကြာရှည် ထိန်းမထားနိုင်ပါဘူး။ ဒီလိုနဲ့ Hulk ဒုတိယစာအုပ်ကို ပုံနှိပ်လိုက်တဲ့အခါ တစ်ချို့စာရွက်တွေမှာ Hulk ရဲ့အရောင်က ငွေရောင်ဖျော့ဖျော့ ဖြစ်နေပြီး တစ်ချို့စာရွက်တွေမှာတော့ မီးသွေးလို အမည်းရောင်တွေ ဖြစ်နေတာကို ကြုံခဲ့ကြရပါတယ်။ ဒါနဲ့ပဲ Stan Lee ဟာ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပြီး ပုံနှိပ်ဖို့ ပိုလွယ်တဲ့အရောင်ဖြစ်တဲ့ အစိမ်းရောင်ကို ပြောင်းလဲစေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့အချိန်တုန်းကတော့ အစိမ်းရောင်ဟာ တစ်ခြား Marvel ကာရိုက်တာတွေမှာ မသုံးရသေးတဲ့အရောင်တစ်ရောင်လည်း ဖြစ်ခဲ့ပါတယ်။

Johnny Depp ၊ Tom Cruise နဲ့ Steve Buscemi တို့ကို Hulk နေရာမှာ သရုပ်ဆောင်ခိုင်းဖို့ စဉ်းစားခဲ့ကြပါသေးတယ်။
photo via screenrant

Hulk ရဲ့ live action ရုပ်ရှင်ကားတွေမှာ မင်းသားတွေ ပြောင်းလဲခဲ့ရပေမယ့် တကယ်လို့သာ မူလရွေးချယ်ထားတဲ့ ဇာတ်ကောင်တွေနဲ့ အဆင်ပြေခဲ့ရင် ပရိသတ်အမြင်မှာလည်း တစ်မျိုးတစ်မည် ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။ Hulk ကို ရုပ်ရှင်အဖြစ် ပထမဆုံး ရိုက်ကူးတော့မယ့်အချိန်မှာ Bruce Banner နေရာမှာ သရုပ်ဆောင်ဖို့အတွက် Johnny Depp ဟာ ပထမဆုံး ရွေးချယ်မှု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အကြောင်းကြောင်းကြောင့် မရွေးဖြစ်ခဲ့ပါဘူး။

အဲ့ဒီ့နောက် ရုပ်ရှင်အတွက် တာဝန်ယူထားရတဲ့ ဒါရိုက်တာ Ang Lee က Watchmen ထဲမှာ  Doctor Manhattan အဖြစ် သရုပ်ဆောင်ခဲ့တဲ့  Billy Crudup ကို ကမ်းလှမ်းခဲ့ပေမယ့်လည်း ငြင်းပယ်ခံလိုက်ရပါတယ်။ ဆက်လက်ပြီး Tom Cruise ကို ကမ်းလှမ်းခဲ့ပေမယ့် Tom Cruise ကလည်း Bruce Banner ဇာတ်ရုပ်ကို ငြင်းလိုက်ပါတယ်။ Tom Cruise ဟာ အဲ့ဒီ့နောက် ဆက်တိုက် ကမ်းလှမ်းခံရတဲ့ Iron Man ဇာတ်ကောင်နေရာကိုလည်း ငြင်းပယ်ထားသူ ဖြစ်ပါတယ်။

ပထမဆုံး Hulk ရုပ်ရှင် ဖြစ်လာဖို့အတွက် ဟောလိဝုဒ်က သရုပ်ဆောင်တော်တော်များများကို ကမ်းလှမ်းခဲ့ပြီး မင်းသားကြီး Steve Buscemi ကိုလည်း ကာရိုက်တာနဲ့ လိုက်မလိုက်ဆိုပြီး ကင်မရာစမ်းလိုက်ကြပါသေးတယ်။ နောက်ဆုံးမှာတော့ အဲ့ဒီ့နေရာဟာ မင်းသား Eric Bana နဲ့ အဆင်ပြေသွားခဲ့ပါတယ်။

၂၀၀၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Incredible Hulk ရုပ်ရှင်အပြီး မင်းသား Edward Nortan က ကာရိုက်တာကနေ နှုတ်ထွက်သွားချိန်မှာတော့ မင်းသား Joaquin Phoenix က Rapper လုပ်နေရာကနေ ခဏနားပြီး Bruce Banner ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် အဆင်မပြေခဲ့ပါဘူး။

Hulk ဒေါသကြီးတာဟာ ငယ်ငယ်က နှိပ်စက်ခံခဲ့ရလို့ပါ။
photo via screenrant

ရိုးရိုးကုပ်ကုပ် သိပ္ပံပညာရှင်တစ်ယောက်က ဧရာမ ဂမ်မာဓာတ်ရောင်ခြည်တွေ ပေါက်ကွဲတဲ့ထဲ ပါသွားလို့ ဒေါသကြီးပြီး ခွန်အားဗလ ကြီးမားလွန်းတဲ့ Hulk အဖြစ် ပြောင်းလဲသွားတာလို့ အစပိုင်း Comic ဖတ်တဲ့ လူအများစုက ထင်မြင်ကြပါလိမ့်မယ်။ တကယ်တမ်းမှာတော့ ဒေါသကြီးလွန်းတဲ့ Hulk အဖြစ် ပြောင်းလဲသွားရတာဟာ ဂမ်မာဓာတ်ရောင်ခြည်တွေကြောင့်ချည်းပဲ မဟုတ်ပါဘူး။

Hulk ဖြစ်လာရတဲ့ နောက်ကွယ်က အကြောင်းရင်းကတော့ Bruce Banner ဟာ ကလေးဘဝမှာ အနှိပ်စက်ခံခဲ့ရလို့ ဖြစ်ပါတယ်။ ဒီအကြောင်းကို comic ထဲမှာတော့ The Incredible Hulk အတွဲနံပါတ်(၃၁၂)မှာ ဖော်ပြထားပါတယ်။ Bruce ရဲ့ဖခင် Brian Banner ဟာ အရက်စွဲနေပြီး Bruce ကို ငယ်ငယ် ကလေးဘဝတည်းက ရိုက်နှက်၊ နှိပ်စက်ခဲ့ပါတယ်။ အကြောင်းကတော့ သားဖြစ်သူရဲ့ ဉာဏ်ရည်က အံ့အားသင့်စရာကောင်းလောက်အောင် ထက်မြက်နေတာကြောင့် ကြောက်ပြီး နှိပ်စက်ခဲ့တာ ဖြစ်ပါတယ်။

အဖေဖြစ်သူက သားဖြစ်သူကို နှိပ်စက်နေတာကို မခံနိုင်တဲ့အဆုံး မိခင်ဖြစ်သူက ကြားဝင်ဖြေရှင်းတဲ့အခါ ရက်စက်တဲ့ဖခင်ဖြစ်သူဟာ ဝင်တားတဲ့ မိခင်ကိုပါ သတ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်တွေကြာတဲ့အခါ Brian ထောင်ကလွတ်လာပြီး Bruce နဲ့ သူ့အမေရဲ့ အုတ်ဂူရှေ့မှာ ထိပ်တိုက်တွေ့ကြပြီး တိုက်ခိုက်ကြပါတယ်။ သားအဖနှစ်ယောက် တိုက်ခိုက်ရန်ဖြစ်ကြရင်း နောက်ဆုံးမှာတော့ Bruce က သူကိုယ်တိုင်ပဲ သူ့အဖေကို ပြန်ပြီးသတ်ပစ်ခဲ့ပါတယ်။

ငယ်ရွယ်သေးတဲ့ လူငယ်လေး Bruce ဟာ ဒီအဖြစ်အပျက်တွေကို ချက်ချင်းပဲ စိတ်ထဲမှာ ချုပ်တည်းသိုသိပ်ထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့ ဂမ်မာရောင်ခြည်ဗုံးတစ်လုံး ပေါက်ကွဲမှုမှာ ပါဝင်သွားချိန်မှာတော့ သူ့ရဲ့စိတ်ဒဏ်ရာတွေနဲ့ ဒေါသတွေပါ ပွင့်ထွက်သွားခဲ့တာကြောင့် Hulk ပုံစံကြီးကို ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ Ang Lee ရိုက်ကူးခဲ့တဲ့ ၂၀၁၃ခုနှစ်ထွက် Hulk ရုပ်ရှင်မှာတော့ ဒီအကြောင်းတွေကို Marvel က ထည့်သွင်းပြသခဲ့ခြင်း မရှိပါဘူး။

Hulk ဟာ သရဲတွေကို မြင်နိုင်ပါတယ်။
photo via screenrant

Hulk ဟာ သေပြီးသားလူတွေရဲ့ ဝိဉာဉ်တွေကို မြင်ရတယ်ဆိုတာ သင် သိပါသလား။ ဒါဟာ အထက်မှာ ဖော်ပြခဲ့တဲ့ သူ့အဖေနဲ့ ဆက်ဆံရေးကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။ Bruce ဟာ သူ့အဖေက သူ့ကိုလိုက်ခြောက်လှန့်နေမလားဆိုတဲ့ ကြောက်စိတ်တွေ လွှမ်းမိုးပြီး နေထိုင်နေရသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မသိစိတ်ရဲ့ စေစားမှုအရ Hulk အဖြစ် ပြောင်းသွားတဲ့အခါ သဘာဝလွန်အဖြစ်အပျက်တွေနဲ့ တမလွန်က ဝိဉာဉ်တွေကို မြင်နိုင်၊တွေ့နိုင်တဲ့ အစွမ်းတွေ ရလာခဲ့ပါတယ်။ ဒီလိုနဲ့ ငရဲကို အလည်သွားတဲ့အချိန် ဖခင်ရဲ့ဝိဉာဉ်ကို အနိုင်တိုက်လိုက်ပြီးနောက်မှာတော့ သူ့ရဲ့ကြောက်စိတ်တွေကို ဖယ်ရှားလိုက်နိုင်ပါတော့တယ်။ အဲ့ဒါကြောင့်ပဲ Dr. Strange က ဝိဉာဉ်အဖြစ်နဲ့ နေနေတာတောင် သူကမြင်နိုင်တာပါ။

လူရွှင်တော်တစ်ယောက်အဖြစ် ဆက်ကပ်ထဲ ဝင်ခဲ့ဖူးပါတယ်။
photo via screenrant

၂၀၁၂ခုနှစ်မှာ The Avengers ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အမိုက်စား စူပါဟီးရိုးအဖွဲ့ကို Marvel က မိတ်ဆက်ပေးခဲ့တာဟာ အရမ်းလန်းပေမယ့် ၁၉၆၃ခုနှစ်က ပွဲဦးထွက် ထုတ်ခဲ့တဲ့ The Avengers comic အတွဲ(၁)ထဲက ဇာတ်လမ်းနဲ့တော့ တော်တော်လေး ကွဲပြားပါတယ်။ Avenger ရဲ့ပထမဦးဆုံး comic ထဲမှာ Thor ၊ Iron Man ၊ Wasp ၊ Ant-Man နဲ့ Hulk တို့ပါဝင်ပါတယ်။

ဟီးရိုးအသစ်စက်စက်လေး Hulk ဟာ ဒေါသထွက်လာရင် ဟိန်းဟောက်လိုက်၊ လူတွေကို လိုက်ကူညီလိုက်နဲ့ အေးအေးဆေးဆေး နေနပေမယ့် ဒါက Loki အတွက်တော့ အကွက်ဖြစ်သွားပါတယ်။ အဲ့မှာတင် Hulk ဆိုတာ လူတွေ လိုက်သတ်နေတဲ့ အရိုင်းအစိုင်းကောင်ကြီးဆိုပြီး Thor ၊ Iron Man ၊ Wasp နဲ့ Ant-Man တို့ယုံသွားအောင် Loki က လိုက်လှည့်ဖြားပြီး နားသွင်းပါတော့တယ်။

Hulk ကတော့ သူလည်း မလုပ်ဘဲ စွပ်စွဲခံရတာကြောင့် စိတ်ပျက်သွားပြီး လွတ်ရာလွတ်ကြောင်း စဉ်းစားတဲ့အနေနဲ့ နယ်လှည့်နေတဲ့ ဆပ်ကပ်အဖွဲ့နဲ့ လိုက်သွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ လူရွှင်တော်မိတ်ကပ်တွေ လိမ်းပြီး စက်ရုပ်ကြီးအဖြစ် ဟန်ဆောင်ကာ ဆက်ကပ်ထဲမှာ ပျော်ရွှင်စွာ နေထိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အေးအေးမနေရဘဲ ကျန်ခဲ့တဲ့ စူပါဟီးရိုးတွေက အဖွဲ့လိုက် ရောက်လာပြီး လိုက်ဖမ်းတာကြောင့် သူ့ရဲ့အပျော်တွေ ပျက်ခဲ့ရပြန်ပါတယ်။ အဲ့ဒါနဲ့ပဲ ဆပ်ကပ်ကနေ ထွက်ပြေးခဲ့ရပါတယ်။ ဒီလိုနဲ့ Hulk ကို ဒတ်ထရွိုက်မြို့က ကားစက်ရုံတစ်ခုအနီးက ကားတာယာအဟောင်းတွေ ထားတဲ့နေရာမှာ ဟီးရိုးတစ်သိုက်က သွားပြီးခြေရာခံမိကြပါတယ်။ ဒီတစ်ခါမှာတော့ Loki လီဆယ်တာကို သိသွားကြပြီး Thor က Loki ကို ဖမ်းလိုက်ပါတယ်။ ပြီးတော့ Hulk ကို နာမည်ဖျက်ထားတာတွေကို ပြန်အဖတ်ဆယ်ပေးဖို့ တောင်းဆိုနေရာက Loki တစ်ယောက် ထောင်ခြောက်ဆင်ထားတဲ့ တံခါးထဲမှာ ပိတ်မိသွားခဲ့ပါတယ်။

အဲ့ဒီ့မှာတင် အားလုံးက အောင်ပွဲခံကြပါတော့တယ်။ ဒါကို သဘောကျသွားတဲ့ Wasp ဟာ သူတို့အားလုံး စုပေါင်းပြီး တစ်ခါတစ်လေ ဒီလိုတိုက်ပွဲဝင်ကြရင် ကောင်းမှာပဲလို့ အကြံပေးရာက ပထမဆုံး Avenger အဖွဲ့ ဖြစ်ပေါ်လာခဲ့ပါတယ်။

ခွေးလေးတွေကိုလည်း ချစ်တတ်ပါတယ်။
photo via screenrant

Hulk သာ ဒေါသထွက်သွားပြီဆိုရင် ထိန်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ အကယ်၍များ Hulk အဖြစ် ပြောင်းလဲသွားပြီး ထိန်းမရဖြစ်ခဲ့ရင် တားဖို့အတွက် Hulk ကခွေးလေးတွေကို ချစ်တတ်တဲ့အကြောင်း Bruce က ရှီးလ်ဒ်အဖွဲ့ကို ပြောခဲ့ပါတယ်။ တစ်ရက်မှာတော့ Hulk ဟာ ထိန်းချုပ်မရဖြစ်နေတဲ့အချိန်မှာ ရှီးလ်ဒ်အဖွဲ့က Hulk ရဲ့အပေါ်ကနေ ခွေးသေးသေးလေး အုပ်လိုက်ကြီးကို ချပေးလိုက်ပါတယ်။ အဲ့အချိန်မှာ Hulk ဟာ ဒေါသမထွက်တော့ဘဲ လူအဖြစ်ပြန်လည် ပြောင်းလဲသွားခဲ့ပါတယ်။

ဒါကတော့ အစိမ်းရောင်လူသန်ကြီး Hulk နဲ့ ပတ်သက်လို့ လူသိပ်မသိသေးတဲ့ အချက်တွေထဲက အချို့ကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ comic ထဲက အရာတေွကို အခြေခံ ရေးသားထားတာမို့ live action ထဲက ဇာတ်လမ်းနဲ့ မတူညီ၊ ကွဲပြားတဲ့ နေရာတွေ ရှိပါတယ်။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Lego Les
RELATED ARTICLES

Most Popular