HomeCharacterMarvel ရဲ့ လေးစားစရာအကောင်းဆုံး အမျိုးသမီးစူပါဟီးရိုးများ

Marvel ရဲ့ လေးစားစရာအကောင်းဆုံး အမျိုးသမီးစူပါဟီးရိုးများ

Marvel universe ဟာ ကျယ်ပြန့်သလောက် မတူညီတဲ့ပုံစံတွေနဲ့ ဟီးရိုးတွေ အများကြီးရှိပါတယ်။ မတူညီတဲ့ အစွမ်းတွေနဲ့ ဟီးရိုးတွေအများကြီးထဲမှာ အမျိုးသမီးစူပါဟီးရိုးတွေလည်း ပါဝင်ပါတယ်။ Marvel ဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ သန်မာတဲ့စိတ်ဓာတ်နဲ့ စစ်မြေပြင်ကိုတောင် ရလဒ်ပြောင်းသွားအောင် စွမ်းဆောင်ပေးနိုင်တဲ့ လေးစားစရာ အမျိုးသမီး စူပါဟီးရိုးများစွာထဲက အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(1) Captain Marvel (Carol Danvers)
photo via marvel

Carol Danvers ဟာ ငယ်စဉ်ကတည်းက အာကာသကို စူးစမ်းသွားလာချင်ခဲ့သူပါ။ ဒါကြောင့်ပဲ Alpha Flight အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး အာကာသတစ်ခွင်မှာ လှည့်လည်သွားလာနေတဲ့ ပါဝါအကြီးဆုံး စူပါဟီးရိုးတွေထဲကတစ်ယောက် ဖြစ်လာခြင်းက သူမအတွက်တော့ အံကိုက်ပါပဲ။

Carol ဟာ စူပါဟီးရိုးတစ်ယောက်ရဲ့ အစွမ်းတွေ မရခင် သာမန်လူသားဘဝမှာတည်းက အောင်မြင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ လေတပ်ရဲ့ ပိုင်းလော့ဖြစ်ပြီး အထူးအေးဂျင့်တစ်ယောက်ဖြစ်ရုံသာမက နာဆာမှာလည်း အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ အာကာသ စူးစမ်းလေ့လာရေး အစီအစဉ်တွေကို ဖျက်ဆီးပစ်မယ့် Kree တွေနဲ့ Skrull တွေရဲ့ ကြိုးပမ်းမှုတွေကို အကြိမ်ကြိမ် စုံစမ်းထောက်လှမ်းပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အဲ့ဒီ့လို စုံစမ်းထောက်လှမ်းရင်းနဲ့ပဲ တိုက်ပွဲတစ်ခုနဲ့ ကြုံခဲ့ရပြီး Psyche-Magnitron လို့ခေါ်တဲ့ Kree တွေရဲ့ ကိရိယာတစ်မျိုးနဲ့ ထိမိသွားခဲ့ပါတယ်။ အဆိုပါ ကိရိယာဟာ သူမရဲ့ ဒီအင်န်အေကို ပြောင်းလဲသွားစေခဲ့ပြီး လူသားနဲ့ Kree မျိုးစပ်ထားတဲ့ စူပါဟီးရိုးတစ်ယောက်အဖြစ် ကူးပြောင်းသွားစေခဲ့ပါတယ်။ သူမ ရရှိသွားတဲ့အစွမ်းတွေဟာ မူလ ကပ်ပတိန် မာဗယ်လ်ဖြစ်တဲ့ Kree ဂြိုဟ်သား Mar-Vell ရဲ့အစွမ်းတွေနဲ့ ဆင်တူပါတယ်။

ဒါကြောင့်ပဲ သူမဟာ စူပါလူသားတစ်ယောက်ရဲ့ ခွန်အားသန်မာမှုတွေ ရရှိလာခဲ့ပြီး ပျံသန်းနိုင်တဲ့ အစွမ်းတွေအပြင် သက်ရှိနေတစ်လုံးလိုမျိုး စွမ်းအားတွေ ရရှိခဲ့ပါတယ်။ Carol ဟာ Mar-vell နဲ့အတူ Ms. Marvel ဆိုတဲ့ နာမည်နဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ Mar-vell သေဆုံးသွားတဲ့အခါ ချီးကျူးဂုဏ်ပြုသောအားဖြင့် သူ့ရဲ့နာမည်ကို အစွဲပြုပြီး သူမကိုယ်ကို Captain Marvel လို့ ခေါ်တွင်စေခဲ့တာ ဖြစ်ပါတယ်။ Captain Marvel ဟာ Alpha Flight အဖွဲ့ရဲ့ ခေါင်းဆောင်တာဝန်အပြင် Avengers အဖွဲ့မှာလည်း ထိပ်သီးအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပူးတွဲတာဝန် ထမ်းဆောင်ထားပါတယ်။

(2) Scarlet Witch (Wanda Maximoff)
photo via marvel

Wanda Maximoff ကတော့ သွားစလို့ မရတဲ့ လူတစ်ယောက်ပါပဲ။ သူမဟာ ကမ္ဘာပေါ်က စွမ်းအားအကြီးဆုံး မှော်ဆရာတွေထဲမှာ ပါဝင်ပြီး သဘာဝတရားကြီးတစ်ခုလုံးကို ကမောက်ကမ ဖြစ်သွားအောင် ကပြောင်းကပြန် လုပ်နိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ်။

သူမရဲ့ ငယ်ဘဝနဲ့ ပတ်သက်ရင်တော့ ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။ Wanda ဟာ အမွှာမောင်ဖြစ်သူ Pietro (Quicksilver) နဲ့အတူ အရှေ့ဥရောပဘက်မှာ ကြီးပြင်းလာတယ်လို့သာ သိထားကြပါတယ်။ ဒေသတွင်းက ပဋိပက္ခတစ်ခုကြောင့် သူတို့အမွှာမောင်နှမနှစ်ယောက်ဟာ မိဘတွေနဲ့ ကွဲကွာသွားခဲ့ကြရပြီး တစစနဲ့ ကြီးထွားလာတဲ့ Wanda ရဲ့အစွမ်းတွေဟာလည်း အတင်းအကြပ် ဖုံးကွယ်ထားခိုင်းခံရပါတယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ မောင်နှမနှစ်ယောက်ဟာ မျူးတန့်မာစတာကြီး Magneto ရဲ့ ခေါ်ဆောင်မှုနဲ့ သူ့ရဲ့ Brotherhood of Evil Mutants အဖွဲ့ထဲကို ရောက်သွားခဲ့ကြပါတယ်။ သို့ပေမယ့် သိပ်မကြာခင်မှာပဲ အဖွဲ့ကို မနှစ်သက်တော့လို့ သူတို့ဘာသာ သီးခြားခွဲထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ Wanda ဟာ Avenger အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(3) Jean Grey
photo via marvel

Jean Grey ကတော့ လျှော့တွက်လို့မရတဲ့ အမျိုးသမီးတစ်ယောက်ပါ။ Jean Grey ဟာ သူမ အသက်ဆယ်နှစ်အရွယ်မှာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက် သေဆုံးတာကို မြင်တွေ့လိုက်ရပြီး ပထမဆုံးအနေနဲ့ သူမရဲ့ တယ်လီပသီ မျူးတန့်အစွမ်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူမရဲ့မိဘတွေဟာ စွမ်းအားကြီး telepath တစ်ယောက်ဖြစ်တဲ့ Charles Xavier ဆီမှာ အကြံဉာဏ် တောင်းခံခဲ့ကြပြီး သူ့ဆီမှာပဲ စောင့်ရှောက်ဖို့ အပ်ထားခဲ့ကြပါတယ်။ ဒီလိုနဲ့ သူမဟာ X-Men အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပြီး မစ်ရှင်တစ်ခုမှာတော့ သူမကို Phoenix Force က သတိပြုမိသွားခဲ့ပါတယ်။

Jean Grey အနေနဲ့ အဆုံးအစမရှိတဲ့ အစွမ်းတွေကို ရထားသင့်တယ်လို့ Phoenix Force က ယုံကြည်ထားတဲ့အခါ နောက်ဆုံးမှာတော့ သူမရဲ့ခန္ဓာကိုယ်နဲ့ အစွမ်းတွေအားလုံးကို လွှမ်းမိုးသွားပါတော့တယ်။ ကြီးမားလှတဲ့ Phoenix Force ရဲ့ လွှမ်းမိုးမှုရဲ့အောက်မှာ Jean Grey ဟာ သူမကိုယ်ကို ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ သေဆုံးသွားခဲ့ရပါတယ်။ သို့ပေမယ့် အဲ့ဒီ့ Phoenix Force ကပဲ သူမကို ပြန်ပြီးအသက်ရှင်လာစေခဲ့ပြန်ပါတယ်။

(4) X-23 ( Laura Kinney)
photo via marvel

Wolverine ဟာ သူ့ဘဝတစ်လျှောက်လုံးကို အထီးကျန်စွာ ဖြတ်သန်းခဲ့ရပြီး သူ တကယ်ရင်ဆိုင်ရတဲ့ ခက်ခဲမှုတွေကို တကယ် နားလည်စာနာနိုင်သူဟာ လက်တစ်ဆုပ်စာသာ ရှိခဲ့ပါတယ်။ သို့ပေမယ့် သူ့ရဲ့နာကျင်မှုနဲ့ အခက်အခဲတွေအားလုံးကို အပြည့်အဝ စာနာနားလည်နိုင်သူတစ်ယောက်တော့ ရှိပါတယ်။ သူမကတော့ Laura Kinney ပါ။

Laura ကိုတော့ Wolverine ဆီက ခိုးယူထားတဲ့ ဒီအင်န်အေနဲ့ ဖန်တီးထားပြီး လုံးဝပြီးပြည့်စုံတဲ့ လူသတ်စက် ဖြစ်အောင် ပြုလုပ်ထားပါတယ်။ ထိပ်တန်း လျှို့ဝှက်ချက် ပရိုဂရမ်တစ်ခုရဲ့ ခေါင်းဆောင်တွေဟာ Weapon X စမ်းသပ်ချက်ကို ပြန်လည်ပြုလုပ်ဖို့ ဒေါက်တာ Sarah Kinney ကို တာဝန်ပေးခဲ့ပါတယ်။ အဲ့ဒီစမ်းသပ်ချက်ကပဲ Logan ကို Wolverine အဖြစ် ပြောင်းလဲစေခဲ့တာ ဖြစ်ပါတယ်။

Laura ဟာလည်း ဒီစမ်းသပ်ချက်တွေရဲ့ ရလဒ်အနေနဲ့ မွေးဖွားလာခဲ့ပါတယ်။ အဲ့ဒီနောက် သွေးအေးပြီး ခံစားချက်မရှိတဲ့ လူသတ်သမားတစ်ယောက် ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း X-23 ဟာ သူ့ရဲ့ကံကြမ္မာကို တစ်ခြားသူတွေက ဆုံးဖြတ်၊ ခြယ်လှယ်နေမှာကို ခွင့်မပြုခဲ့ဘဲ စမ်းသပ်ခန်းကနေ လွတ်မြောက်လာခဲ့ပါတယ်။ လွတ်မြောက်လာပြီး နောက်ပိုင်းမှာ ဆိုးရွားတဲ့ကိစ္စအချို့ကို လုပ်ခဲ့မိပေမယ့် Charles Xavier ဆီကို သွားဖို့ လမ်းစ တွေ့လာခဲ့ပြီး Avengers အကယ်ဒမီကျောင်းကို ရောက်ရှိသွားခဲ့ပါတယ်။

(5) Black Widow (Natasha Romanoff)
photo via marvel

လုပ်ရည်ကိုင်ရည်အပြည့်နဲ့ အပြတ်လန်းတဲ့စပိုင်ဆိုပြီး တွေးလိုက်ရင်တော့ Natasha Romanoff ကို အရင်ပြေးမြင်မိကြမှာပါ။ သူမဟာ ဆိုဗီယက်ယူနီယံလို့ခေါ်တဲ့ ရုရှားမှာ Natalia Romanova ဆိုတဲ့ အမည်နဲ့ မွေးဖွားခဲ့ပြီး မိဘမဲ့ကလေးတစ်ယောက် ဖြစ်ပါတယ်။

အစမကောင်းခဲ့တဲ့ ဘဝတစ်ခုမှာ မွေးဖွားလာခဲ့ရတာကြောင့် Natasha ဟာ ရုရှားစစ်တပ်ထဲကို ဝင်ရောက်ဖို့ ဖြစ်လာခဲ့ရပါတယ်။ အဲ့ဒီ့နောက်မှာတော့ Black Widow လို့ခေါ်တဲ့ ပရိုဂရမ်တစ်ခုမှာ အသုံးချခံခဲ့ရပါတယ်။ အဲ့ဒီ့ပရိုဂရမ်မှာ စူပါစစ်သားတစ်ယောက် ဖြစ်လာစေဖို့ ရုရှားက တီထွင်ထားတဲ့ ဆေးရည်တစ်မျိုးကို ထိုးသွင်းခံခဲ့ရပြီး ကျွမ်းကျင်တဲ့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်လာအောင် လေ့ကျင့်ခဲ့ရပါတယ်။

ဒီလိုနဲ့ သူမကိုယ်တိုင်က ကိုယ့်ရဲ့စာရိတ္တအခြေခံကို ပြန်ပြီး မေးခွန်းထုတ်ရစေမယ့် မစ်ရှင်မျိုးကို တာဝန်ပေးခံရတဲ့အခါမှာတော့ သူမရဲ့အမိမြေကို စွန့်ခွာပြီး S.H.I.E.L.D အဖွဲ့ဘက်ကို ကူးပြောင်းခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ကောင်းမွန်တဲ့ လုပ်ရပ်တွေ လုပ်ဖို့အတွက် Avengers အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒါကတော့ Marvel က ရွေးချယ်ပေးထားတဲ့ လေးစားစရာအကောင်းဆုံး အမျိုးသမီး စူပါဟီးရိုးတွေထဲက အချို့သော နာမည်ကြီးတွေကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားအမျိုးသမီး စူပါဟီးရိုးတွေရှိရင်လည်း ပြောပြခဲ့ပါဦး။

Source from marvel

Lego Les

 

RELATED ARTICLES

Most Popular