HomeEntertainmentFilmသရုပ်ဆောင်တစ်ယောက်တည်း အဓိကပါဝင်ထားတဲ့ နာမည်ကြီးရုပ်ရှင်(၇)ကား

သရုပ်ဆောင်တစ်ယောက်တည်း အဓိကပါဝင်ထားတဲ့ နာမည်ကြီးရုပ်ရှင်(၇)ကား

ရုပ်ရှင်တွေဟာ များသောအားဖြင့် ဇာတ်ကောင်များစွာနဲ့ သရုပ်ဆောင်များစွာ ပါဝင်လေ့ ရှိကြပါတယ်။ ဥပမာအားဖြင့် Game of Thrones လိုမျိူး ဇာတ်ကောင်အလွန်များတဲ့ ဇာတ်လမ်းတွေကတော့ ပြသချင်တဲ့ အကြောင်းအရာကို ဝေဝေဆာဆာနဲ့ သေသေချာချာ ပုံဖော်နိုင်ကြပါတယ်။

ဒါပေမယ့်လည်း သရုပ်ဆောင်တွေ အများကြီး မပါဝင်ဘဲ သရုပ်ဆောင်တစ်ယောက်တည်းက အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ကြည့်ရှုသူတွေကို တီဗွီရှေ့က ထမသွားချင်အောင် ဆွဲဆောင်ထားနိုင်တဲ့ ရုပ်ရှင်တွေလည်း ရှိပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ သရုပ်ဆောင်တစ်ယောက်တည်းက အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Buried

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် ကုန်တင်ကားမောင်းသူတစ်ယောက်ဟာ အီရတ်တွေရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရရာက စတင်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ မြေမြုပ်ခံထားရမှန်း သိလိုက်ရပြီး ဘယ်လိုတွေ ဖြစ်သွားတယ် ဆိုတာတော့ သူကိုယ်တိုင်တောင် မသိပါဘူး။ အဲဒီအချိန်မှာတော့ သူ့ဆီမှာ မီးခြစ်တစ်လုံးနဲ့ ဖုန်းတစ်လုံးပဲ လက်ထဲမှာရှိပြီး အသက်ရှင်သန်ဖို့ ဘယ်လိုမျိူး ကြိုးစားမလည်းဆိုတာ မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Ryan Reynolds ၊ Robert Paterson နဲ့ Cade Dundish တို့ ပါဝင်ထားပါတယ်။

(6) I am Legend

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.2) ရရှိထားပါတယ်။ ။ ဇာတ်လမ်းအကျဉ်းကတော့ ပလိပ်ရောဂါကြီးကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ခဲ့သူတွေဟာလည်း မကောင်းဆိုးဝါးတွေအဖြစ် ပြောင်းလဲသွားပါတယ်။ ဒီလိုနဲ့ New York မြို့ကြီးမှာ တစ်ယောက်တည်းသော အသက်ရှင်ကျန်ခဲ့သူကတော့ မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားသူတွေကို ကုသနိုင်မယ့်ဆေးကို ရှာဖွေရင်း အသက်ရှင်ဖို့ ကြိုးစားရုန်းကန်ရတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။။ သရုပ်ဆောင်တွေကတော့ Will Smith ၊ Alice Braga နဲ့ Charlie Tahan တို့ ပါဝင်ထားပါတယ်။

(5) 127 Hours

photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.6) ရထားပါတယ်။ တောင်တက်ပြီး စွန့်စားခရီးသွားရတာကို ကြိုက်နှစ်သက်တဲ့ လူတစ်ယောက်ဟာ အ‌မေရိကန်နိုင်ငံရဲ့ Utah ပြည်နယ်မှာရှိတဲ့ နေရာတစ်ခုကို တောင်တက်စွန့်စားခရီး ထွက်လာခဲ့ပါတယ်။

ဒီလိုနဲ့ ကျောက်ဆောင်နှစ်ခုကြားက နေရာတစ်ခုကို အရောက်မှာတော့ သူ့ရဲ့လက်ဟာ မတော်တဆ ညပ်သွားပါတော့တယ်။ ကြိုးစားပေမယ့် ညပ်နေတဲ့လက်ကို ပြန်ထုတ်လို့ မရတော့တဲ့ အခါမှာတော့ သူဟာ အစာရေစာနည်းနည်းလေးနဲ့ အဲဒီနေရာမှာ ဘယ်လောက်ကြာကြာ အသက်ရှင်သန်နိုင်မလည်းဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ James Franco ၊ Kate Mara နဲ့ Aron Ralston တို့ ပါဝင်ထားပြီး အော်စကာ(၆)ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(4) Gravity

photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိထားပြီးတော့ IMDb (7.7) ရရှိထားပါတယ်။ အာကာသယာဉ်မှုးနဲ့ အင်ဂျင်နီယာ နှစ်ယောက်တို့ဟာ အာကာသထဲမှာ မစ်ရှင်တစ်ခုကို အတူတူ လုပ်နေကြပါတယ်။ အဲဒီနောက်မှာတော့ အရှိန်ပြင်းပြင်းနဲ့ လာနေတဲ့ အပိုင်းအစတစ်ခုနဲ့ တိုက်မိသွားပြီး သူတို့နှစ်ယောက်ဟာ ကမ္ဘာပေါ်ကို ပြန်ဖို့အတွက် အခက်တွေ့သွားပါတော့တယ်။ ဒီလိုနဲ့ သူတို့ဟာ အာကာသထဲမှာ အသက်ရှင်သန်ဖို့ ဘယ်လိုကြိုးစားကြမလည်းဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Sandra Bullock ၊ George Clooney နဲ့ Ed Harris တို့ပဲ ဖြစ်ပြီး အော်စကာ(၇)ဆု ရရှိထားပါတယ်။

(3) Cast Away

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Chuck Nolan ဟာ လေယာဉ်ပျက်ကျသွားပြီး လူသူမနီးတဲ့ ကျွန်းတစ်ကျွန်းမှာ သောင်တင်သွားရာက စတင်ပါတယ်။ သူ့အနေနဲ့ အဲဒီကျွန်းကနေ ထွက်ခွာဖို့ နည်းလမ်းလည်း မရှိတာကြောင့် အဲဒီနေရာမှာပဲ အဆင်ပြေအောင် နေထိုင်ရင်း ရှင်သန်ဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Tom Hanks ၊ Helen Hunt နဲ့ Lari White တို့ ပါဝင်ထားပြီး အော်စကာ(၂)ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(2) Life of Pi

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူငယ်လေးတစ်ယောက်ဟာ ပင်လယ်ကြီးအလယ်က မုန်တိုင်းကြားမှာ ရှင်သန်နိုင်ခဲ့ပြီး အသက်ကယ်လှေတစ်စီးနဲ့ ပင်လယ်ထဲမှာ မျောနေပါတယ်။ ဒါပေမယ့်လည်း အဲဒီလှေပေါ်မှာ သူတစ်ယောက်တည်း မဟုတ်ဘဲ ကြောက်စရာကောင်းတဲ့ ကျားကြီး တစ်ကောင်လည်း ရှိနေတာကြောင့် အသက်ရှင်သန်ဖို့ ဘယ်လို ကြိုးစားရမလည်းဆိုတာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Suraj Sharma ၊ Irrfan Khan နဲ့ Tabu တို့ ပါဝင်ထားပြီး အော်စကာ(၄)ဆု ရရှိထားပါတယ်။

(1) Moon

photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အာကာသယာဉ်မှူးဖြစ်သူ Sam ဟာ လအနီးမှာရှိတဲ့ စခန်းတစ်ခုထဲမှာ အလုပ်လုပ်ဖို့ သုံးနှစ်တာ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့စာချုပ် ပြည့်ကာနီးအချိန်ကို ရောက်လာတာကြောင့် အိမ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်မှာ မမျှော်လင့်ဘဲနဲ့ သေစေနိုင်လောက်တဲ့ မတော်တဆမှုတစ်ခုကို ကြုံတွေ့လိုက်ရတဲ့ အခါမှာတော့ …။ Sam Rockwell ၊ Dominique McElligot နဲ့ Kevin Spacey တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး BAFTA ဆု တစ်ဆု ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular