HomeEntertainmentFilmHarry Potter ထဲက Knight Bus နဲ့ ပတ်သက်ပြီး လူသိပ်မသိသေးတဲ့ အချက်များ

Harry Potter ထဲက Knight Bus နဲ့ ပတ်သက်ပြီး လူသိပ်မသိသေးတဲ့ အချက်များ

Harry Potter: The Prisoner of Azkaban ထဲမှာတော့ Knight Bus ကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Knight Bus ဟာ ပါဝင်တဲ့ အခန်းကဏ္ဍ သိပ်မရှိပေမယ့်လည်း ပရိသတ်တိုင်းအတွက်တော့ ဒီဘတ်စ်ကားကို အမှတ်တရ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဒီဘတ်စ်ကားနဲ့ ပတ်သက်ပြီး လူသိပ်မသိသေးတဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) ညဘတ်စ်ကား

photo via screenrant

Knight Bus ကတော့ အင်္ဂလန်နိုင်ငံမှာ ညဘက်ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေကို အခြေခံပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ညအချိန် မြေအောက်ရထားတွေ ပိတ်သွားတဲ့အချိန်မှာ ဒီဘတ်စ်ကားတွေ ပြေးဆွဲတာဖြစ်ပြီး Harry Potter ရဲ့ ဖန်တီးရှင် J.K. Rowling ကတော့ ဒီအချက်ကို စိတ်ကူးယဉ် ကွန့်မြူးကာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

(2) ဝတ္ထုနဲ့ ရုပ်ရှင်ထဲက ကွာခြားချက်

photo via screenrant

The Prisoner of Azkaban ရုပ်ရှင် မထွက်ခင်မှာ ဒီဝတ္ထုကို ဖတ်ရှုခဲ့ကြတဲ့ ပရိသတ်တွေအနေနဲ့ ဆိုရင်တော့ စာအုပ်နဲ့ ရုပ်ရှင်ထဲက ကွာခြားချက်ကို ချက်ချင်း သတိထားမိမှာပါ။ စာအုပ်ထဲမှာတော့ ဒီဘတ်စ်ကား သွားနေတဲ့ လမ်းကြောင်းမှာ ရှိနေတဲ့ အမှိုက်ပုံးနဲ့ သစ်ပင်တို့လို အတားအဆီးအားလုံးဟာ ဘေးကို ခုန်ထွက်သွားကြတာ ဖြစ်ပြီး ရုပ်ရှင်ထဲမှာတော့ ယာဉ်မောင်းအဘိုးအို Ernie ဟာ အတားအဆီးတွေကို ကွေ့ဝိုက်ပြီး မောင်းသွားတာ တွေ့ရပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Ernie ဟာ မတူညီတဲ့ ကြိုးထုံးတွေနဲ့ လီဗာတွေကို အသုံးပြုပြီး ဒီဘတ်စ်ကားရဲ့ ပုံစံကို ပြောင်းလဲကာ ဘယ်လိုအတားအဆီးတွေ ရှိနေပါစေ၊ မရရအောင် မောင်းနှင်သွားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ရုပ်ရှင်ထဲမှာ ယခုလိုမျိူး ပြောင်းလဲလိုက်တာကလည်း ပရိသတ်တွေအတွက် ပိုပြီးဆွဲဆောင်မှု ရှိသွားစေပေမယ့်လည်း စာအုပ်ထဲက မူလပုံစံအတိုင်း ဖန်တီးခဲ့မယ်ဆိုရင်လည်း တမူထူးခြားနေဦးမှာ ဖြစ်ပါတယ်။

(3) စီးနင်းလိုက်ပါနိုင်တဲ့ ခရီးသည်အရေအတွက်

photo via screenrant

Harry ဟာ ဒီကားပေါ်ကို တက်လာတဲ့ အချိန်မှာတော့ သူ့ရဲ့အနောက်မှာ ဒီကားရဲ့ စီးနင်းလိုက်ပါနိုင်တဲ့ ခရီးသည်အရေအတွက်ကို ခဏတာ ပြသသွားပါတယ်။ ဒီကားရဲ့ Passenger Limit ကတော့ ကိုးယောက်လို့ ဖော်ပြထားပြီး အထပ်တစ်ထပ်စီမှာ ခရီးသည်သုံးယောက်ပဲ စီးခွင့်ပြုပါတယ်။ ဒီကားရဲ့ အတွင်းပိုင်းဟာ အတော်လေး ကျယ်ဝန်းပေမယ့်လည်း ခရီးသည်ကိုးယောက်သာ လက်ခံတာကတော့ အနည်းငယ် ထူးဆန်းတယ်လို့ ထင်စရာ ရှိပါတယ်။

တကယ်တော့ Knight Bus ဟာ Harry Potter Franchise ထဲက အန္တရာယ်အများဆုံး Transportation တစ်ခု ဖြစ်ပါတယ်။ ယာဉ်မောင်းအဘိုးအို Ernie ရဲ့ ခန့်မှန်းလို့မရတဲ့ လုပ်ဆောင်မှုတွေနဲ့ ဒီကားရဲ့ ထူးခြားတဲ့ ရွေ့လျားမှုပုံစံတွေကြောင့် ယခုလို ခရီးသည်ကိုးယောက်သာ လက်ခံထားတာ ဖြစ်ပါတယ်။ ဒီလိုလူနည်းနည်းလေးတောင်မှ Harry ဟာ နှစ်ကြိမ်တိတိ မှန်နဲ့ခေါင်းနဲ့ ဆောင့်မိခဲ့တာ တွေ့ရပါတယ်။ အကယ်၍ လူသာများနေမယ် ဆိုရင်တော့ လူအချင်းချင်း တိုက်မိပြီး အနာတရတွေ ဖြစ်ကုန်မှာ ဆိုးတာကြောင့် လူဦးရေကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။

(4) Ernie နဲ့ Stan

photo via screenrant

Ernie နဲ့ Stan တို့ကတော့ The Prisoner of Azkaban ရုပ်ရှင်ထဲက အမှတ်ရစရာ အကောင်းဆုံး ဇာတ်ကောင်တွေ ဖြစ်ပါတယ်။ ဒီ Franchise ထဲမှာတော့ သူတို့ဟာ ဒီဇာတ်ဝင်ခန်းတစ်ခုမှာပဲ ပါဝင်ခဲ့ပေမယ့်လည်း စာအုပ်ထဲမှာတော့ Stan ဟာ ဒီထက်ပိုအရေးပါတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။

The Deadly Hallows စာအုပ်ထဲမှာလည်း Stan ဟာ Death Eater အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ ဒါတင်မကသေးဘဲ J.K. Rowling ဟာ ဒီဇာတ်ကောင်နှစ်ယောက်ကို သူမရဲ့အဘိုးနှစ်ယောက် နာမည်ကို အစွဲပြုပြီး ပေးထားတာလို့လည်း ဆိုပါတယ်။ သူမရဲ့ အဘိုးနှစ်ယောက်ကတော့ Ernest နဲ့ Stanley တို့ပဲ ဖြစ်ပါတယ်။

(5) Shrunken Head

photo via screenrant

The Prisoner of Azkaban ရုပ်ရှင်ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Shrunken Head ဟာလည်း အမှတ်ရစရာတွေထဲကတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ ဒီဇာတ်ကောင်ဟာ စာအုပ်ထဲမှာ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ပရိသတ်အများစုဟာ ဒီဇာတ်ကောင်က ဘာကြောင့် ဒီရုပ်ရှင်ထဲမှာ ပါဝင်လာတယ်ဆိုတာ သိချင်ခဲ့ကြပါတယ်။

အကြောင်းကတော့ ရုပ်ရှင်ဖန်တီးသူတွေဟာ ဒီဇာတ်ကောင်ကို ထည့်သွင်းဖို့ အကြံပေးခဲ့ပြီး J.K. Rowling ကိုယ်တိုင်ကလည်း ကြိုက်နှစ်သက်တာကြောင့် ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ Harry Potter Film Wizardry စာအုပ်ထဲမှာ ဆိုရင်တော့ J.K. Rowling ကိုယ်တိုင်က “ဒီအကြံကို စဉ်းစားမိခဲ့ရင် ကောင်းမယ်…” ဆိုပြီးတော့တောင် ရေးသားခဲ့ပါတယ်။

(6) Knight Bus လို့ နာမည်ပေးခဲ့ရတဲ့ အကြောင်းရင်း

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဒီဘတ်စ်ကားဟာ လန်ဒန်မြို့က Night Bus တွေကို အခြေခံပြီး ဖန်တီးခဲ့တာ ဖြစ်တာကြောင့် အသံထွက်ချင်း ဆင်တူတဲ့ Knight Bus လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအကြောင်းရင်း တစ်ခုတည်းကြောင့် မဟုတ်သေးပါဘူး။ နောက်ထပ်တစ်ခုကတော့ ဒီဘတ်စ်ကားဟာ မှော်ဆရာတွေ ဒုက္ခရောက်နေချိန်မှာ လာရောက်ကယ်တင်ပေးတာ ဖြစ်တာကြောင့် ပုံပြင်တွေ၊ ဒဏ္ဍာရီတွေထဲက Knight တွေကို တင်စားပြီး Knight Bus လို့ နာမည်ပေးထားတာလို့ J.K. Rowling က ဆိုပါတယ်။

(7) အပြင်မှာလည်း တကယ်ရှိပါတယ်။

photo via screenrant

The Prisoner of Azkaban ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ Knight Bus ကိုတော့ CGI နဲ့ ဖန်တီးခဲ့တာ မဟုတ်ဘဲ လန်ဒန်မြို့မှာ ပြေးဆွဲနေတဲ့ Night Bus တစ်စီးကို စာအုပ်ထဲကအတိုင်း ပြန်လည်ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ပုံမှန် Night Bus တွေကတော့ အနီရောင်ဖြစ်ပြီး နှစ်ထပ်ပဲ ပါဝင်ကာ ဒီ Knight Bus ကတော့ အထပ်ပေါင်း သုံးထပ်ပါဝင်ပြီး ခရမ်းရောင် ဖြစ်ပါတယ်။ ဒီဘတ်စ်ကားဟာ ယခုအချိန်ထိ Florida ရဲ့ Universal စတူဒီယိုမှာ တည်ရှိနေဆဲ ဖြစ်ပါတယ်။

(8) စတူဒီယို Set

photo via screenrant

Knight Bus ရဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးတဲ့ အချိန်မှာတော့ နေရာနှစ်ခုခွဲပြီး ရိုက်ကူးခဲ့ရပါတယ်။ ဒီဘတ်စ်ကားအထဲက ဇာတ်ဝင်ခန်းတွေအတွက်တော့ စတူဒီယို Set တစ်ခု ဖန်တီးခဲ့ရပါတယ်။ အကြောင်းကတော့ တကယ့်ဘတ်စ်ကားရဲ့ အတွင်းပိုင်းဟာ သိပ်ပြီးမကျယ်ဝန်းတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် အံ့ဩစရာတစ်ခုကတော့ ဒီဘတ်စ်ကားရဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးခဲ့တဲ့ နည်းစနစ်ပဲ ဖြစ်ပါတယ်။ ဒီဘတ်စ်ကားဟာ အလေးချိန်များတာကြောင့် မြန်မြန်မောင်းနိုင်ဖို့အတွက် အားကောင်းတဲ့ အင်ဂျင်ကို တပ်ဆင်ခဲ့ရပြီး ဘေးနားက ကားတွေကတော့ ဖြည်းဖြည်းလေးပဲ မောင်းနှင်နေတာ ဖြစ်ပါတယ်။ အဲဒီ Footage တွေကိုမှ Speed တင်လိုက်တဲ့ အခါမှာတော့ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေ ဖြစ်လာပါတော့တယ်။

ဒါကတော့ Harry Potter ဇာတ်ကားထဲက Knight Bus နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ အခုလို ဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular