HomeEntertainmentFilmHawkeye အပိုင်း(၅)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Hawkeye အပိုင်း(၅)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

*** SPOILER ALERT ***

Hawkeye ဇာတ်လမ်းတွဲကတော့ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဇာတ်သိမ်းတော့မှာ ဖြစ်ပြီး လောလောဆယ်မှာတော့ အပိုင်း(၅) ထွက်ရှိထားပါတယ်။ အပိုင်း(၅)ထဲမှာတော့ အံ့ဩစရာအချက်တွေ ပါဝင်နေပြီး Daredevil ဇာတ်လမ်းတွဲထဲက Vincent D’Onofrio လည်း Kingpin အနေနဲ့ ပြန်လည်ပါဝင်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာ‌တော့ အပိုင်း(၅)ထဲက စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Blip ထဲမှာ ပါဝင်သွားတဲ့ Yelena Belova
photo via screenrant

Avengers: Infinity War ထဲမှာတော့ စကြဝဠာထဲက လူဦးရေတစ်ဝက် ပျောက်ဆုံးသွားပြီး Avengers: Endgame ထဲမှာတော့ ပျောက်ဆုံးသွားတဲ့ လူဦးရေတစ်ဝက်ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။ (ဒီလက်ဖျောက်ကြောင့် ပျောက်ဆုံးသွားပြီး ပြန်ပေါ်လာတဲ့ ဖြစ်စဉ်ကို MCU ထဲမှာတော့ blip လို့ သုံးနှုန်းပါတယ်။)

ဒီရုပ်ရှင်နှစ်ကားထဲမှာတော့ စကြဝဠာတစ်ခုလုံးရဲ့ လူဦးရေတစ်ဝက် ပျောက်ဆုံးသွားတာဟာ ဘေးထွက်ဆိုးကျိူး များများစားစား မရှိသလိုမျိူး ပြသသွားပေမယ့်လည်း အခုနောက်ပိုင်းမှာ အသစ်ထွက်ရှိလာတဲ့ WandaVision ၊ The Falcon and the Winter Soldier တို့မှာတော့ Blip ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ပြသသွားပါတယ်။

Hawkeye ဇာတ်လမ်းတွဲထဲမှာလည်း အဲ့ဒီအချက်ကို အနည်းငယ် ပြသသွားပြီး Yelena Belova ဟာလည်း Blip ထဲမှာ ပါဝင်ခဲ့သူတစ်ဦးဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ Yelena ဟာ Blip ကနေ ပြန်လည်ရောက်ရှိလာတဲ့ အချိန်မှာတော့ မိတ်ဆွေဖြစ်သူ Ana ရဲ့ဘဝဟာ သိသိသာသာကြီး ပြောင်းလဲသွားတာကို တွေ့လိုက်ရပါတယ်။ Ana ကတော့ မိသားစုဘဝကို ထူထောင်ထားပြီး ကလေးတစ်ယောက်လည်း မွေးစားထားပါတယ်။ ဒီတစ်ချက်ကြောင့်ပဲ Blip ထဲမှာ မိဘတွေ ပါသွားပြီး ကလေးတွေပဲ ကျန်ရစ်ခဲ့တာမျိူး ရှိနေတယ်ဆိုတာကို သိရစေပါတယ်။

(2) Clint ရဲ့ ပိုစတာ
photo via screenrant

Kate Bishop ဟာ Clint ရဲ့ အမာခံ ပရိသတ်တစ်ယောက် ဖြစ်ပေမယ့်လည်း Clint အပေါ် ရူးသွပ်နေတာ သိသာမနေအောင် ဖုံးကွယ်ထားလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီအပိုင်းထဲမှာတော့ Clint ရဲ့ ပိုစတာကို သူမရဲ့ အိပ်ခန်းထဲမှာ ကပ်ထားတာ မြင်တွေ့ခဲ့ရပါတယ်။ သူမဟာ Clint ရဲ့ အမာခံ ပရိသတ်တစ်ယောက် ဖြစ်တယ်ဆိုတာကို အပိုင်း(၁)မှာကတည်းက မြင်တွေ့ခဲ့ရတာပါ။

(3) Macaroni ကြိုက်တဲ့ Yelena
photo via screenrant

ဒီအပိုင်းထဲမှာတော့ Yelena ဟာ Kate Bishop ရဲ့ တိုက်ခန်းထဲကို ဝင်ရောက်လာပြီး သူမတို့ နှစ်ယောက်လုံးအတွက် Macaroni ကို ချက်ပြုတ်ခဲ့ပါတယ်။Yelena တစ်ယောက် Macaroni ကို ကြိုက်နှစ်သက်တယ်ဆိုတာ Black Widow ရုပ်ရှင်ထဲမှာလည်း မြင်တွေ့ခဲ့ရပါသေးတယ်။

Black Widow ရုပ်ရှင်ရဲ့ အစပိုင်းမှာတော့ Yelena တို့မိသားစုဟာ အမေရိကမှာ အသွင်ယူပြီး နေထိုင်နေတဲ့ အချိန်မှာ သူတို့တွေဟာ Macaroni ကို စားသောက်နေကြပြီး ဒီစားစရာဟာ သူမရဲ့ အကြိုက်ဆုံးဟင်းလျာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။

(4) ကောမစ်ထဲမှာတော့ Clint နဲ့ Grills တို့ဟာ အိမ်နီးနားချင်းတွေ ဖြစ်ပါတယ်။
photo via screenrant

Clint ဟာ Kate Bishop ကို စူပါဟီးရိုးအဖြစ်က ရပ်တန့်ဖို့ ပြောဆိုခဲ့တာကြောင့် သူကိုယ်တိုင်အတွက် နေစရာနေရာ မရှိတော့ပါဘူး။ ဒါကြောင့်ပဲ သူဟာ အပိုင်း(၂)ထဲမှာ Ronin ဝတ်စုံကို ပြန်လည်တောင်းယူခဲ့တဲ့ Grills ဆီမှာ ခဏတာ သွားနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိထားတဲ့ Hawkeye ကောမစ်ထဲက အချက်များစွာကို ပြန်လည်အသုံးပြုထားပါတယ်။ အဲ့ဒီကောမစ်ထဲမှာ ဆိုရင်တော့ Clint နဲ့ Grills တို့ဟာ တိုက်တစ်ခုတည်းမှာ အတူနေထိုင်ကြတဲ့ အိမ်နီးနားချင်းတွေ ဖြစ်ပါတယ်။

(5) Liberty ရုပ်ထု
photo via screenrant

Yelena ဟာ Kate Bishop နဲ့ စကားပြောနေတဲ့အချိန်မှာ New York မြို့ထဲက သူမ သွားလည်ချင်တဲ့ နေရာတွေကို ပြောပြခဲ့ပါတယ်။ အဲ့ဒီနေရာတွေထဲမှာတော့ Liberty ရုပ်တုအသစ်ကို မြင်ချင်တယ်လို့လည်း ပြောသွားပါတယ်။ ဒီအချက်ကတော့ Spider-Man: No Way Home ကို Reference လုပ်ထားတာ ဖြစ်ပါတယ်။

မူလက Liberty ရုပ်ထုဟာ မီးရှူးတိုင်ကို ကိုင်ဆောင်ထားတာ ဖြစ်ပြီး Yelena ပြောတဲ့ဗားရှင်းအသစ်ကတော့ Captain America ဒိုင်းကို ကိုင်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ဒီဗားရှင်းအသစ်ကိုတော့ Spider-Man: No Way Home ထဲမှာတောင် တည်ဆောက်နေဆဲပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Hawkeye ဇာတ်လမ်းတွဲဟာ No Way Home အပြီးကာလမှာ ဇာတ်အိမ်တည်ထားတယ်လို့ ယူဆနိုင်ပါတယ်။

(6) Yelena ရဲ့ ငယ်ဘဝက ခရစ်စမတ်အတု
photo via screenrant

Yelena ဟာ “အမေရိကန် ခရစ်စမတ်ကို ကြိုက်တယ်။ ခရစ်စမတ် သစ်ပင်ကြီးရော၊ လက်ဆောင်တွေရောပေါ့ …. ” လို့လည်း ပြောခဲ့ပါတယ်။ Black Widow ရုပ်ရှင်ထဲမှာ မြင်တွေ့ခဲ့ရသလိုပဲ Yelena ဟာ အမေရိကမှာ အသွင်ယူပြီး နေထိုင်ခဲ့ရချိန် အတောအတွင်းမှာ သူတို့မိသားစုဟာ အတုကြီးမှန်း မသိသာအောင် အမှတ်တရအတုတွေနဲ့ ခရစ်စမတ်အတုတွေကို ဖန်တီးခဲ့ကြပါတယ်။

Yelena တို့လို Black Widow တွေအတွက်ကတော့ ခရစ်စမတ်ဆိုတာ ဒီလိုအတုမျိူးပဲ ကြုံတွေ့ဖူးတာ ဖြစ်ပေမယ့်လည်း Natasha ရော၊ Yelena တို့ဟာ အဲ့ဒီအမှတ်တရအတုတွေကိုတောင် အတော်လေး အလေးထားကြတယ်ဆိုတာ သိသာစေပါတယ်။

(7) Natasha အကြောင်းကို သိနေတဲ့ Yelena
photo via screenrant

Kate နဲ့ Yelena တို့ နှစ်ယောက်ဟာ Clint အကြောင်းကို ငြင်းခုန်နေတဲ့ အချိန်မှာတော့ Kate ဟာ “သူက ကမ္ဘာကြီးကို ကယ်တင်ခဲ့တာ … ” လို့ ပြောခဲ့ပြီး Yelena ကတော့ ” မဟုတ်ပါဘူး။ ငါ့အစ်မကမှ ကမ္ဘာကြီးကို ကယ်တင်ခဲ့တာ … ” ဆိုပြီးတော့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် Natasha ဟာ Soul Stone ကို ရရှိဖို့အတွက် Vormir ဂြိုဟ်ပေါ်မှာ သူမကိုယ်သူမ အနစ်နာခံခဲ့တယ်ဆိုတာကို Yelena သိနေတယ်လို့ ယူဆနိုင်ပါတယ်။

(8) မူလ Avengers တွေအတွက် ဂုဏ်ပြုထားတဲ့ ကမ္ပည်းကျောက်စာ
photo via screenrant

New York မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲကြောင့်ပဲ Avengers အဖွဲ့ဆိုတာ ဖြစ်ပေါ်လာတာ ဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ကမ္ဘာကြီးကို ကာကွယ်ပေးခဲ့တဲ့အတွက် မူလ Avengers တွေကို ဂုဏ်ပြုထားပါတယ်။ အဲ့ဒီဂုဏ်ပြုလွှာထဲမှာတော့ Avengers တွေရဲ့ လိုဂိုအပြင် မူလ Avengers ခြောက်ယောက်ရဲ့ အမည်တွေကိုလည်း မှတ်တမ်းတင် ရေးသားထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ ဒီဂုဏ်ပြုလွှာထဲမှာ Ant-Man ရဲ့အမည် မပါဝင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Rogers: Musical ထဲမှာ Ant-Man ကို ထည့်သွင်းထားတဲ့ အချက်ကတော့ စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်နေပြီး New York တိုက်ပွဲမှာ Ant-Man မပါဝင်ကြောင်း တစ်ကမ္ဘာလုံးက သိထားတယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် Clint ဟာ ဂုဏ်ပြုလွှာအရှေ့မှာ Natasha ကို စကားတွေ ပြောနေတဲ့ အချိန်မှာတော့ Avengers: Endgame ထဲမှာ Natasha ခုန်ချသွားတဲ့အချိန်မှာ အသုံးပြုခဲ့တဲ့ Vormir Theme Song ကို ပြန်လည် အသုံးပြုထားတာလည်း တွေ့ရပါတယ်။

(9) Boomerang Arrow
photo via screenrant

အပိုင်း(၄)မှာတုန်းက Kate နဲ့ Clint တို့နှစ်ယောက်ဟာ ပစ်လိုက်ရင် ကိုယ့်ဆီကို ပြန်ရောက်လာတဲ့ Boomerang Arrow အကြောင်းကို ငြင်းခုန်နေကြတာ မှတ်မိကြဦးမယ် ထင်ပါတယ်။ အပိုင်း(၅)ထဲမှာလည်း Kate ဟာ သူမရဲ့ အိပ်ခန်းကို Boomerang တွေနဲ့ အလှဆင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် ကောမစ်ထဲမှာလည်း Boomerang Arrow တွေ ပါဝင်နေပါတယ်။ ဒါကြောင့်ပဲ နောက်ဆုံးအပိုင်းမှာတော့ Kate ဟာလည်း Boomerang Arrow တွေကို အသုံးပြုသွားမှာ ဖြစ်ကြောင်း အရိပ်အမြွက် ပြသသွားတာ ဖြစ်နိုင်ပါတယ်။

(10) Clint ရဲ့ Coin Trick ကို လေ့ကျင့်နေဆဲဖြစ်တဲ့ Kate
photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Kate ဟာ စူပါဟီးရိုး ပြုလုပ်ဖို့ကို လက်မလျော့ချင်သေးတာကြောင့် Clint ရဲ့ ဖုန်းဆီကို အသံမက်ဆေ့တွေများစွာ ပို့ထားတာကို တွေ့ရပါတယ်။ အဲ့ဒီအခန်းမှာတော့ သူမဟာ ဖုန်းဆက်နေရင်းနဲ့ အပိုင်း(၄)မှာ Clint သင်ပေးခဲ့တဲ့ Coin Trick ကို လေ့ကျင့်နေတာ တွေ့ရပါတယ်။ သူမဟာ အဲ့ဒါကို လေ့ကျင့်နေရင်းနဲ့ ပစ္စည်းတစ်ခုခု ကွဲသွားပါသေးတယ်။ ဒါကြောင့်ပဲ သူမဟာ Coin Trick ကိုတော့ ကျွမ်းကျင်စွာ အသုံးမချနိုင်သေးဘူးဆိုတာ တွေ့လိုက်ရပါတယ်။

(11) Maya ရဲ့ အဖေကို သတ်သွားတဲ့ တရားခံအစစ်
photo via screenrant

အပိုင်း(၅)ထဲမှာတော့ Maya ရဲ့ အဖေကို တကယ်သတ်ခိုင်းတဲ့သူက သူမရဲ့ ဘော့စ် ဖြစ်နေကြောင်း Clint က ပြောပြခဲ့ပါတယ်။ သူမရဲ့ ဘော့စ်ကတော့ Kingpin ပဲ ဖြစ်ပြီး ဒီအချက်ကတော့ ကောမစ်ထဲကနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာလည်း Maya ရဲ့ အဖေဟာ Kingpin ကြောင့် သေဆုံးခဲ့တာဖြစ်ပြီး Kingpin ကတော့ ဒီအချက်ကို ဖုံးကွယ်ကာ Maya ကို မွေးစားခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာလည်း Clint ရဲ့ ပြောစကားအရ ဆိုရင်တော့ ဒီအချက်ဟာ ကောမစ်ထဲကအတိုင်း ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

(12) Kingpin Confirmed
photo via screenrant

Yelena ဟာ ဘယ်သူက သူမကို အလုပ်အပ်ခဲ့တယ်ဆိုတာ စုံစမ်းလိုက်တဲ့ အချိန်မှာတော့ တရားခံဟာ Kate ရဲ့ အမေဖြစ်သူ Eleanor ဖြစ်နေတာကို သိခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ Yelena ပို့လိုက်တယ်လို့ ယူဆရတဲ့ ခပ်ဝါးဝါးဓာတ်ပုံထဲမှာတော့ Eleanor ဟာ Kingpin နဲ့အတူ ရှိနေပြီး သူတို့နှစ်ယောက်ဟာ သဘောတူညီမှုတစ်ခုခု ပြုလုပ်ထားတယ်လို့ ယူဆနိုင်ပါတယ်။ Kingpin နေရာမှာ ပါဝင်ထားသူကလည်း Daredevil ဇာတ်လမ်းတွဲထဲမှာ ပါဝင်ထားတဲ့ Vincent D’Onofrio ကပဲ ပြန်လည်ပါဝင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ Hawkeye ဇာတ်လမ်းတွဲရဲ့ အပိုင်း(၅)ထဲက စိတ်ဝင်စားစရာအချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားလိုက်ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular