HomeCelebs Update NewsInternationalနာမည်ကြီးဇာတ်ရုပ်တွေနဲ့ အမြင့်ဆုံး သရုပ်ဆောင်ကြေး ရရှိခဲ့တဲ့ သရုပ်ဆောင်များ

နာမည်ကြီးဇာတ်ရုပ်တွေနဲ့ အမြင့်ဆုံး သရုပ်ဆောင်ကြေး ရရှိခဲ့တဲ့ သရုပ်ဆောင်များ

ဟောလိဝုဒ်ဟာ ဘတ်ဂျက်အများဆုံးနဲ့ နာမည်ကျော် ရုပ်ရှင်တွေ ထုတ်လုပ်နေကျ ဖြစ်ပါတယ်။ ဘတ်ဂျက် ဒေါ်လာ သန်းရာချီ သုံးစွဲမယ့် ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ရမယ့် အဓိကသရုပ်ဆောင်တွေဟာလည်း ခက်ခဲပင်ပန်းမှုနဲ့ ရုပ်ရှင်ရဲ့ ငွေကြေးအရ အောင်မြင်မှုတွေကြောင့် သရုပ်ဆောင်ကြေးတွေ မနည်းမနော ရရှိလေ့ ရှိပါတယ်။

ခေတ်အခြေအနေအရ အများအားဖြင့်တော့ ဝင်ငွေအများဆုံး ရရှိတတ်တဲ့ ဇာတ်ကားတွေဟာ Franchise တွေ ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် ဇာတ်ကားက ဟုန်းဟုန်းတောက် အောင်မြင်တဲ့ ဇာတ်ကားမျိုးဖြစ်လေ၊ သရုပ်ဆောင်ကြေးက ပိုမိုမြင့်တက်လေ ဖြစ်ပါတယ်။ အကြောင်းကတော့ ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်ကြေး သတ်မှတ်မှုဟာ ပုဒ်ပြတ်နဲ့ ပုံသေမဟုတ်ဘဲ ဇာတ်ကားရဲ့ ဝင်ငွေအရ ရာခိုင်နှုန်းနဲ့ ထပ်ပေးရတာတွေလည်း ရှိတာကြောင့်ပါပဲ။

ဒါကြောင့် အဆိုပါ Franchise တွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေဟာလည်း အမြင့်မားဆုံးဆိုတဲ့ သရုပ်ဆောင်ကြေးတွေကို ရရှိနေကြတာပါ။ ယခုဖော်ပြပေးမှာကတော့ သရုပ်ဆောင်ကြေးအမြင့်ဆုံး ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကောင်တွေအကြောင်းပဲ ဖြစ်ပါတယ်။

(10) Harrison Ford – (၆၅)သန်း
Photo via IMDb

မင်းသားကြီး Harrison Ford ရဲ့ အထင်ကရ ဇာတ်ရုပ်တစ်ခုကို ပြောပါဆိုရင်တော့ သေချာပေါက် Indiana Jones ကို သတိရမိကြမှာပါ။ တကယ်တော့ မင်းသားကြီးဟာ ၁၉၈၁ခုနှစ်က စတင်ထွက်ရှိခဲ့တဲ့ ပထမဆုံး Indiana Jones ဇာတ်ကားမှာဆိုရင် သရုပ်ဆောင်ကြေး ဒေါ်လာ သုံးသန်းသာ ရရှိခဲ့သေးတာပါ။ သို့သော်လည်း ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုနဲ့ လူကြိုက်များ ကျော်ကြားမှုက မြင့်တက်လာတာနဲ့အမျှ မင်းသားကြီးရဲ့ သရုပ်ဆောင်ကြေးဟာလည်း ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၀၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ လေးကားမြောက် Indiana Jones And The Kingdom of The Crystal Skull ရုပ်ရှင်မှာတော့ သရုပ်ဆောင်ကြေး ဒေါ်လာ (၆၅)သန်း ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဝင်ငွေ ဒေါ်လာ(၇၉၀.၇)သန်း ရရှိခဲ့တာကြောင့် Ford ရဲ့ သရုပ်ဆောင်ကြေးကိုလည်း အံ့ဩစရာ မလိုတော့ပါဘူး။

သို့သော်လည်း Indiana Jones franchise ဟာ လေးကားတည်းနဲ့ ရပ်တန့်သွားမှာ မဟုတ်ဘဲ နောက်ထပ် ငါးကားမြောက်ကိုလည်း ဆက်လက် ထွက်ရှိလာဖို့ ပြင်ဆင် ရိုက်ကူးနေပြီ ဖြစ်တာကြောင့် မကြာခင်မှာပဲ ဒီထက် ပိုများတဲ့ သရုပ်ဆောင်ကြေးကို မင်းသားကြီးအနေနဲ့ ရရှိဖို့ အလားအလာ ရှိနေပါသေးတယ်။

(9) Johnny Depp – (၆၈)သန်း
Photo via IMDb

Johnny Depp ကတော့ နာမည်ကြီးဇာတ်ရုပ်များစွာနဲ့ ပရိသတ်အားပေးမှုကို တခဲနက် ရရှိထားသူ ဖြစ်ပါတယ်။ Johnny ရဲ့ အထင်ကရ ဇာတ်ရုပ်တစ်ခုဖြစ်တဲ့ Pirates of the Caribbean ထဲက Jack Sparrow အတွက်ဆိုရင် သရုပ်ဆောင်ကြေး (၅၅)သန်းနဲ့ ကမ်းလှမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သို့ပေမယ့် ဒီနှုန်းထားကို ကျော်တက်သွားတဲ့ ဇာတ်ရုပ်ကတော့ ဒါရိုက်တာ Tim Burton ရဲ့လက်ရာဖြစ်တဲ့ Alice in Wonderland ထဲက Mad Hatter ဇာတ်ရုပ်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဝင်ငွေ ဒေါ်လာ(၁)ဘီလျံကျော် ရရှိခဲ့တာကြောင့် Johnny ရဲ့ သရုပ်ဆောင်ကြေးဟာလည်း ဒေါ်လာ (၆၈)သန်း ရရှိခဲ့တာ ဖြစ်ပါတယ်။

(8) Sandra Bullock – (၇၀)သန်း
Photo via IMDb

မင်းသမီး Sandra Bullock ဟာလည်း သရုပ်ဆောင်ကြေး အမြင့်ဆုံး ရရှိတဲ့ မင်းသမီးတွေထဲမှာ ပါဝင်သူပါ။ သူမဟာ Gravity ဇာတ်ကားအတွက် ကနဦး လက်ခံရရှိခဲ့တဲ့ သရုပ်ဆောင်ကြေးကတော့ ဒေါ်လာ သန်း(၂၀) ဖြစ်ပါတယ်။ ဒါပေမယ့် စတူဒီယိုနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ ဇာတ်ကားရဲ့ အမြတ်ငွေထဲက ရာခိုင်နှုန်းတစ်ခုကိုလည်း ထပ်ဆောင်းရရှိဖို့ ပါဝင်ခဲ့တာကြောင့် ဒေါ်လာ သန်း(၅၀) ထပ်မံရရှိခဲ့ပါတယ်။ Gravity ရဲ့ ဝင်ငွေကတော့ ဒေါ်လာ သန်း(၇၀၀)ကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။

(7) Tom Hanks – (၇၀)သန်း
Photo via IMDb

မင်းသားကြီး Tom Hanks ဟာ သူ့ရဲ့ နာမည်ကြီး ဂန္ထဝင်ရုပ်ရှင် Forrest Gump နဲ့ ၁၉၉၅ခုနှစ်မှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုနဲ့ အော်စကာဆု ဆွတ်ခူးခဲ့ပါတယ်။ မင်းသားကြီးကတော့ Forrest Gump ရုပ်ရှင်ကို ရိုက်ကူးနေရင်း ဘတ်ဂျက် လိုအပ်လာခဲ့တာကြောင့် အိတ်စိုက်ပြီး ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ ရုပ်ရှင်သာ ပေါက်သွားခဲ့ရင် ရာခိုင်နှုန်းနဲ့ အမြတ်ငွေ ပြန်ခွဲပေးဖို့ကို စတူဒီယိုဘက်ကလည်း သဘောတူခဲ့ပါတယ်။

စေတနာမှန်ခဲ့တယ်လို့ပဲ ပြောရမလိုပါပဲ။ Forrest Gump ရဲ့ တစ်ကားလုံးစာ ဘတ်ဂျက်ဟာ ဒေါ်လာ သန်း(၅၀)သာ ရှိခဲ့ပေမယ့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့အတွက် မင်းသားကြီးဟာ သရုပ်ဆောင်ကြေးအနေနဲ့ ဒေါ်လာသန်း(၇၀) ရရှိခဲ့ပါတယ်။

(6) Robert Downey Jr. – (၇၅)သန်း
©Marvel Studios

Robert ကတော့ သရုပ်ဆောင်လောကထဲကို တကျော့ပြန် ဝင်ရောက်လာခဲ့တဲ့ သူ့ရဲ့ အံ့မခန်းဇာတ်ကြောင်းနဲ့ ဟောလိဝုဒ်မှာ ကျော်ကြားသူ ဖြစ်သလို Marvel Cinematic Universe ရဲ့ Iron Man ဇာတ်ကောင်ကြောင့်လည်း ကျော်ကြားသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ Avengers: Infinity War ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ (၇၅)သန်းခန့် ရရှိခဲ့ပါတယ်။

(5) Robert Downey Jr. – (၇၅)သန်း
©Marvel Studios

ပရိသတ်တွေ တခဲနက် အားပေးခဲ့ကြတဲ့ Avengers: Endgame ရုပ်ရှင်ကတော့ ဝင်ငွေ ဒေါ်လာ(၂)ဘီလျံကျော် ရရှိခဲ့ပြီး Robert အတွက် Ironman အဖြစ် သရုပ်ဆောင်တဲ့ နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အသားတင် သရုပ်ဆောင်ကြေး ဒေါ်လာ (၇၅)သန်းကို ရရှိခဲ့တာ ဖြစ်ပါတယ်။ တရားဝင် မဟုတ်ပေမယ့် ဇာတ်ကားရဲ့ အမြတ်ငွေ (၈)ရာခိုင်နှုန်းကို အပိုထပ်ဆောင်း ရရှိခဲ့သေးတယ်လို့လည်း ကောလာဟလ ထွက်ရှိခဲ့ပါသေးတယ်။

(4) Tom Cruise – သန်း(၁၀၀)
Photo via IMDb

မင်းသားကြီး Tom Cruise ကတော့ နာမည်ကျော် Franchise ရုပ်ရှင် ဖြစ်တဲ့ Mission: Impossible နဲ့ ပရိသတ်ရဲ့ အားပေးမှုကို တခဲနက် ရရှိထားသူ ဖြစ်ပါတယ်။ ဒီ Franchise ရဲ့ ဒုတိယမြောက်ဇာတ်ကား Mission: Impossible 2 ဟာ ဘတ်ဂျက်အများဆုံး သုံးစွဲထားရတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပြီး ဝင်ငွေကလည်း သောက်သောက်လဲ ပြန်ဝင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ပထမဇာတ်ကားမှာ သရုပ်ဆောင်ကြေး ဒေါ်လာ သန်း(၇၀)ခန့် ရရှိခဲ့တဲ့ Tom ဟာ ဒုတိယဇာတ်ကားမှာတော့ ဒေါ်လာ သန်း(၁၀၀)ခန့် ရရှိခဲ့ပါတယ်။

(3) Tom Cruise – သန်း(၁၀၀)
Photo via IMDb

Tom ကတော့ ယခုစာရင်းထဲမှာ မတူညီတဲ့ ရုပ်ရှင်၊ ဇာတ်ရုပ်နှစ်ခုနဲ့ နှစ်ခါထပ် ပါဝင်နေတာ ဖြစ်ပါတယ်။ War of the Worlds ဇာတ်ကားဟာ ဟောလိဝုဒ်ရဲ့ နာမည်ကြီး ဒါရိုက်တာရဲ့ လက်ရာဖြစ်ခဲ့ပြီး Tom အတွက်ဆိုရင်လည်း အမြင့်မားဆုံး သရုပ်ဆောင်ကြေး ရရှိခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ Tom ဟာ ရက်သတ္တပတ် (၁၀)ပတ်ခန့် ရိုက်ကူးခဲ့ရတဲ့ ဒီဇာတ်ကားမှာ ဒေါ်လာ သန်း(၁၀၀) ရရှိခဲ့တာကြောင့် ပျမ်းမျှအားဖြင့် တစ်ပတ်ကို ဒေါ်လာ (၁၀)သန်း ရရှိခဲ့တာဖြစ်ပြီး တစ်ရက်အနေနဲ့ တွက်ရင်တော့ ဒေါ်လာ(၁.၄)သန်းခန့် ရရှိခဲ့တာ ဖြစ်ပါတယ်။

(2) Will Smith – သန်း(၁၀၀)
©Columbia Pictures

မင်းသား Will Smith ကတော့ Men in Black 3 နဲ့ သရုပ်ဆောင်ကြေး ဒေါ်လာ သန်း(၁၀၀) ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီ Franchise ဟာလည်း ပထမဆုံး ဇာတ်ကားမှာ ဘတ်ဂျက် ဒေါ်လာသန်း(၉၀)ခန့်သာ သုံးစွဲခဲ့ပေမယ့် တတိယမြောက် ဇာတ်ကားမှာတော့ ဒေါ်လာ (၂၁၇)သန်းအထိ ကြောက်ခမန်းလိလိ ဘတ်ဂျက်ကို သုံးစွဲခဲ့တာပါ။ ရိုက်ကွင်းရဲ့ အသုံးစရိတ်တစ်ခုကို ပြောရမယ်ဆိုရင်တော့ Will Smith ဟာ (၅၃)ပေ ရှည်လျားတဲ့ လမ်းလျှောက်စက်ကြီးကို လိုအပ်ခဲ့တာကြောင့် အဲဒီစရိတ်ကတင် တစ်လကို ဒေါ်လာ ကိုးထောင်ခန့် ကျသင့်ခဲ့တယ်လို့ ဆိုပါတယ်။

(1) Bruce Willis – သန်း(၁၂၀)
©Buena Vista Pictures

မင်းသားကြီး Bruce Willis ရဲ့ The Sixth Sense ဇာတ်ကားဟာလည်း အထင်ကရ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မူလက ဘတ်ဂျက် ဒေါ်လာ သန်း(၄၀)နဲ့ အပြီးအစီး ရိုက်ကူးခဲ့တာဖြစ်ပြီး မင်းသားကြီးဟာ ကနဦး သရုပ်ဆောင်ကြေး ဒေါ်လာ (၁၄)သန်းသာ ရရှိထားတာ ဖြစ်ပါတယ်။ သို့ပေမယ့် The Sixth Sense ဟာ ဝက်ဝက်ကွဲ အောင်မြင်သွားပြီး ဝင်ငွေကလည်း ဒေါ်လာ (၆၇၂)သန်းကျော် ရရှိခဲ့တာကြောင့် မင်းသားကြီးဟာ (၁၅)ရာခိုင်နှုန်း အပိုထပ်ဆောင်းပေးဖို့ စတူဒီယိုနဲ့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဒေါ်လာ သန်း(၁၀၀)ကျော် ထပ်ရခဲ့ပြီး ရုပ်ရှင်တစ်ကားတည်းနဲ့ အမြင့်ဆုံး သရုပ်ဆောင်ကြေး ရရှိထားသူအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ဒါကတော့ နာမည်ကျော် ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ပြီး အမြင့်မားဆုံး သရုပ်ဆောင်ကြေး ရရှိခဲ့ကြတဲ့ သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Linda December

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular