HomeCharacterJames Bond ဇာတ်ကောင်ရဲ့နောက်ကွယ်က တကယ်ရှိခဲ့တဲ့ လူပုဂ္ဂိုလ်နဲ့ စိတ်ဝင်စားစရာသမိုင်းကြောင်း

James Bond ဇာတ်ကောင်ရဲ့နောက်ကွယ်က တကယ်ရှိခဲ့တဲ့ လူပုဂ္ဂိုလ်နဲ့ စိတ်ဝင်စားစရာသမိုင်းကြောင်း

ဟောလိဝုဒ် ရုပ်ရှင်လောကမှာတော့ James Bond Franchise ဟာ အကြီးမားဆုံး Franchise တွေထဲမှာ ပါဝင်ပြီး ကလေး လူကြီး လူငယ်မရွေး James Bond ကို သိကြပါတယ်။ James Bond ကို ဖန်တီးခဲ့တဲ့ စာရေးဆရာ Ian Fleming ကတော့ ၁၉၅၃ ခုနှစ်မှာ Casino Royale ဆိုတဲ့ ပထမဆုံး James Bond စာအုပ်ကို ရေးသားခဲ့ပါတယ်။ ပထမဆုံး Live Action ကတော့ ၁၉၆၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Dr. No ဖြစ်ပါတယ်။

photo via screenrant

စာရေးဆရာ Ian Fleming ကတော့ James Bond စာအုပ်ပေါင်း (၁၂)အုပ်ကို ရေးသားခဲ့ပြီး သရုပ်ဆောင် ခြောက်ယောက်က ဒီဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုမျိူး အောင်မြင်ကျော်ကြားတဲ့ James Bond ဆိုတဲ့ ဇာတ်ကောင်အမည် ဖြစ်ပေါ်လာပုံရဲ့ နောက်ကွယ်မှာ ဇာတ်လမ်းတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ James Bond ဇာတ်ကောင် ဖြစ်ပေါ်လာပုံအကြောင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Ian Fleming ကတော့ ဂျမေကာနိုင်ငံမှာ နေထိုင်ပြီး ငှက်တွေကို စိတ်ဝင်စားသူတစ်ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူဟာ ငှက်တွေကို လေ့လာတဲ့ ပညာရှင်တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး အဲ့ဒီလူရဲ့ နာမည်ကတော့ James Bond ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဝါသနာတူတွေ ဖြစ်တာကြောင့် ရင်းနှီးသွားကြပြီး Ian ကလည်း James Bond ဆိုတဲ့ နာမည်ဟာ သူ့ရဲ့ဇာတ်ကောင်ကို ပေးဖို့အတွက် ပြီးပြည့်စုံတဲ့ နာမည်တစ်ခုလို့ ယူဆခဲ့ပါတယ်။

photo via screenrant

Ian ဟာ You Only Live Twice စာအုပ်ကို ရေးသားပြီးချိန်မှာတော့ ပထမအကြိမ် ထုတ်ဝေတဲ့စာအုပ်ကို “မင်းရဲ့ နာမည်ကို ခိုးယူသူဆီက တကယ့် James Bond အစစ်ဆီသို့ …” လို့ လိပ်မူကာ ပြင်ပဘဝက သူ့ရဲ့မိတ်ဆွေ တကယ့် James Bond ဆီကို ပို့ပေးခဲ့ပါတယ်။ ဒါ့အပြင် ငှက်မျိူးစိတ်တစ်ခုခုကို Fleming လို့ ပေးချင်ရင်လည်း လုပ်ပိုင်ခွင့် အပြည့်အဝ ရှိကြောင်း အဲဒီစာထဲမှာ ရေးသားခဲ့ပါသေးတယ်။ ဒါတင် မကသေးဘဲ သူတို့နှစ်ယောက်ရဲ့ နောက်ကြောင်းဟာလည်း ပိုပြီးစိတ်ဝင်စားစရာ ကောင်းနေပါတယ်။

James Charles Bond ကတော့ ၁၉၀၆ ခုနှစ် ဝေလနယ်မှာ မွေးဖွားခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗြိတိန် အထူးအော်ပရေးရှင်း အရာရှိ ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ရန်သူတွေရဲ့ ခံတပ်အတွင်းမှာ စပိုင်အဖြစ် နေထိုင်ခဲ့ပြီး ဒီအချက်ကတော့ တိုက်ဆိုင်မှုတစ်ခု ဆိုတာထက်ကို ပိုပါတယ်။ Ian Fleming ကလည်း နာမည်ကြီး စာရေးဆရာ မဖြစ်လာခင်မှာ ဗြိတိန်လေတပ်အတွက် ဗိုလ်မှူးကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။

photo via screenrant

၂၀၁၈ ခုနှစ်မှာ လူထုကို ချပြခဲ့တဲ့ စာရွက်စာတမ်းတွေအရ James ဟာ Ian ရဲ့ လက်အောက်က လက်ရွေးစင်အဖွဲ့ထဲမှာ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါကြောင့်ပဲ စဉ်းစားစရာ ရှိလာတာကတော့ Ian ဟာ သူ ဖန်တီးထားတဲ့ စပိုင်ဇာတ်ကောင်ကို သူ့ရဲ့မိတ်ဆွေနာမည်နဲ့ ရိုးရှင်းစွာပဲ အသုံးပြုခဲ့တာလား၊ ဒါမှမဟုတ် ဒုတိယကမ္ဘာစစ်အတွင်းက စပိုင်တစ်ယောက်ရဲ့ ဘဝအကြောင်းကို စိတ်ကူးဉာဏ် ကွန့်မြူးပြီး ပြန်လည် ရေးသားထားတာလား ဆိုတာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular