HomeCelebs Update NewsInternationalWednesday ထဲက နာမည်ကြီးအကကို ကိုဗစ်ဖြစ်နေရင်း ရိုက်ကူးခဲ့ရတယ်ဆိုတဲ့ Jenna Ortega

Wednesday ထဲက နာမည်ကြီးအကကို ကိုဗစ်ဖြစ်နေရင်း ရိုက်ကူးခဲ့ရတယ်ဆိုတဲ့ Jenna Ortega

မင်းသမီးလေး Jenna Ortega ကတော့ ယခုလက်ရှိ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ Wednesday ဇာတ်လမ်းတွဲထဲက အကနဲ့ပတ်သက်ပြီး ခေါင်းကြီးပိုင်းသတင်းတွေမှာ ဖော်ပြခံနေရပါတယ်။ အကြောင်းကတော့ အဆိုပါ ကပွဲဇာတ်ဝင်ခန်းထဲက ဆန်းသစ်တဲ့ သူမရဲ့ကကွက်တွေကြောင့် မဟုတ်ဘဲ Ortega ဟာ အဲဒီဇာတ်ဝင်ခန်းကို ကိုဗစ်ရောဂါ ခံစားနေရတဲ့ကြားက ရိုက်ကူးခဲ့ရတယ်ဆိုတဲ့ သတင်းကြောင့်ပဲ ဖြစ်ပါတယ်။

Ortega ဟာ ဒီအကြောင်းကိုတော့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ NME သတင်းဌာနနဲ့ အင်တာဗျူးမှာ ထုတ်ပြောသွားတာ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ သူမဟာ အဲဒီဇာတ်ဝင်ခန်းကို ရိုက်ကူးရမယ့်နေ့ မနက်ခင်းမှာပဲ ကိုဗစ်လက္ခဏာတွေ ခံစားရပြီး အိပ်ရာက နိုးထလာတယ်လို့ ဆိုပါတယ်။

Photo Credit: Netflix

“ဟုတ်ကဲ့။ အဲဒီနေ့မနက်က ကျွန်မ နိုးလာတော့ ထူးဆန်းနေသလို ခံစားရတယ်။ ပုံမှန်အားဖြင့် ကျွန်မက သိပ်ပြီးနေမကောင်း ဖြစ်လေ့ဖြစ်ထ မရှိဘူးလေ။ တကယ်လို့ ဖြစ်ရင်လည်း သိပ်ဆိုးဆိုးဝါးဝါး မဟုတ်ဘူး။ ဒါပေမယ့် အဲဒီနေ့ကတော့ ကျွန်မတစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာ …”

“ပြောရရင် ကားတစ်စီးနဲ့ အတိုက်ခံထားရသလိုပဲ။ ပြီးတော့ မှင်စာတစ်ကောင်က လွတ်လာပြီး ကျွန်မလည်ချောင်းထဲမှာ ရောက်နေသလိုပဲ။ လည်မြိုတစ်ခုလုံးမှာ အဲဒီကောင်က လိုက်ပြီးကုတ်ခြစ်နေသလိုပဲ ခံစားရတယ်။ သူတို့ကတော့ ကျွန်မရဲ့ အခြေအနေကို ဆေးစစ်ထားတဲ့ အဖြေကို စောင့်နေရတဲ့ အချိန်အတွင်း ကဒ်တစ်ခုနဲ့ တစ်ခုကြားမှာ ဆေးတွေတော့ လာတိုက်ကြပါတယ် …” လို့ Ortega က သူမရဲ့အဖြစ်ကို ပြောပြပါတယ်။

ဒီလိုနဲ့ သူမရဲ့ဆေးစစ်အဖြေကို စောင့်နေခဲ့ကြပေမယ့် ကပွဲက ဇာတ်ဝင်ခန်း ရိုက်ကူးပြီးတဲ့အထိ အဖြေဟာ positive မထွက်သေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် နေမကောင်းတဲ့ကြားထဲကပဲ ကပွဲဇာတ်ဝင်ခန်းကို ပြီးဆုံးအောင် ကြိုးစားရိုက်ကူးခဲ့တယ်လို့ Ortega က ပြောပါတယ်။

“အဲဒီကကွက်တွေကိုတော့ ကျွန်မဘာသာ စဉ်းစားပြီး တီထွင်ထားတာပါ။ ကျွန်မက အကသမားတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါကတော့ ကြည့်လိုက်တာနဲ့ အသိသာကြီးပါပဲ။ အဲဒီသီချင်း (Goo Goo Muck)ကို တစ်ပတ်လောက် ကြိုပြီး ရထားတယ်။ အဲဒါနဲ့ပဲ ကိုယ့်ဘာသာ စဉ်းစားပြီး ရသလောက် လုပ်ကြည့်ထားတာပါပဲ …”

Photo Credit: Netflix

“တကယ်တော့ အဲဒီတုန်းက ရူးချင်စရာပါပဲ။ ကျွန်မ ကိုဗစ်စဖြစ်တဲ့ ပထမဆုံးနေ့မှာ ဒီအခန်းကို ရိုက်ခဲ့ရတာဆိုတော့လေ။ အဲဒီကတဲ့အခန်းကို ပြန်ရိုက်ဖို့ ကျွန်မ ပြောခဲ့သေးတယ်။ ဒါပေမယ့် အချိန်ကလည်း မရှိတော့ဘူးဆိုတော့ ဒီအတိုင်းပဲ ချထည့်လိုက်ကြတာပေါ့။ ကျွန်မစိတ်ထင်တော့ ကျွန်မသာ အဲဒီနေ့က နေကောင်းနေခဲ့မယ်ဆိုရင် ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့မယ်လို့ ထင်မိပါတယ် …” လို့ Ortega က ဖွင့်ဟထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားထဲမှာတော့ စိုးရိမ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ အကြောင်းကတော့ ဒီမင်းသမီးငယ်လေးမှာ ကိုဗစ်လက္ခဏာတွေ ပြသနေခဲ့တာတောင် ရိုက်ကူးရေးအဖွဲ့ဟာ ဘာကြောင့် သူမကို ရိုက်ကူးရေး လုပ်စေခဲ့သလည်းဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။

Photo Credit: Netflix

ဒီအကြောင်းနဲ့ ပတ်သက်ပြီး People သတင်းဌာနဟာ Jenna Ortega ရဲ့ ကိုယ်စားလှယ်နဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အဖြေတစုံတရာ မရရှိခဲ့သလို ဒီဇာတ်လမ်းတွဲကို ထုတ်လုပ်တဲ့ MGM ရုပ်ရှင်ကုမ္ပဏီကလည်း ချက်ချင်း အဖြေပေးဖို့ ငြင်းဆိုခဲ့ပြီး နောက်ပိုင်းမှသာ ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

MGM ရုပ်ရှင်ကုမ္ပဏီက NME သတင်းဌာနကို ပေးခဲ့တဲ့ ကြေညာချက်ထဲမှာတော့ Wednesday ရိုက်ကွင်းကို တင်းကြပ်တဲ့ ကိုဗစ်စည်းမျဉ်းတွေနဲ့ လိုက်နာစေခဲ့ပြီး ကိုဗစ် positive ဖြစ်ကြောင်း အတည်ပြုနိုင်တာနဲ့ Jenna Ortega ကိုလည်း ရိုက်ကွင်းကနေ ဖယ်ရှားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပရိသတ်များစွာကတော့ တစ်ယောက်ချင်းစီ ရိုက်ကူးတဲ့ ဇာတ်ဝင်ခန်းတောင် မဟုတ်ဘဲ ကပွဲလို လူအများကြီးနဲ့ ဇာတ်ဝင်ခန်းမှာ ကိုဗစ်သံသယ လူနာတစ်ယောက်ကို ရောယှက်ပြီး ရိုက်ကူးစေခြင်းဟာ ရိုက်ကူးရေးအဖွဲ့ရဲ့ တာဝန်မဲ့မှုဖြစ်တယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular