HomeCharacterJim Carrey ရဲ့ The Mask ရုပ်ရှင်နောက်ကွယ်က dark ဖြစ်လွန်းတဲ့ မူလဇာတ်လမ်း

Jim Carrey ရဲ့ The Mask ရုပ်ရှင်နောက်ကွယ်က dark ဖြစ်လွန်းတဲ့ မူလဇာတ်လမ်း

၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Mask ရုပ်ရှင်ကတော့ မသိသူ မရှိလောက်အောင် နာမည်ကြီးပါတယ်။ တကယ်တော့ ဒီဇာတ်ကောင်ဟာ ကောမစ်ထဲက ဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Dark ဖြစ်တဲ့ အကြောင်းအရာတွေ ပါဝင်နေပြီး ရုပ်ရှင်ထဲမှာတော့ ဟာသဆန်ဆန်ပဲ မြင်တွေ့ခဲ့ရပါတယ်။ မူလတုန်းကတော့ New Line Cinema စတူဒီယိုဟာ ဒီရုပ်ရှင်ကို Horror အမျိူးအစားအဖြစ် ဖန်တီးသွားဖို့ စီစဉ်ခဲ့ပေမယ့်လည်း အကြောင်းကြောင်းကြောင့် ဟာသရုပ်ရှင်အဖြစ် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီမျက်နှာဖုံးရဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာ အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ရုပ်ရှင်ထဲက Stanley Ipkiss ကတော့ ဒီမျက်နှာဖုံးကို ဝတ်ဆင်ပြီးတဲ့ နောက်မှသာ အကြမ်းဖက်မှုတွေ ပြုလုပ်လာပေမယ့်လည်း ကောမစ်ထဲမှာတော့ Stanley ဟာ အစကတည်းက စိတ္တဇဖြစ်နေတယ်လို့တောင် ယူဆနိုင်ပါတယ်။ အကြောင်းကတော့ သူဟာ သူ့ကို တိုက်ခိုက်ခဲ့တဲ့ ဆိုင်ကယ်ဂိုဏ်းတစ်ခုကို သတ်ပစ်ဖို့အတွက် နည်းလမ်းတွေများစွာ စဉ်းစားခဲ့လို့ပါပဲ။ အဲဒီမျက်နှာဖုံးကိုတော့ ဆိုင်တစ်ဆိုင်က ဝယ်ယူလာခဲ့တာ ဖြစ်ပါတယ်။

အိမ်အပြန်လမ်းမှာတော့ အဲဒီမျက်နှာဖုံးဟာ Stanley ကို စကားတွေ‌ ပြောနေပြီး သူကတော့ စိတ်ထင်တာလို့ပဲ သတ်မှတ်ခဲ့ပါတယ်။ နောက်ပိုင်း အဲဒီမျက်နှာဖုံးကို စမ်းဝတ်ကြည့်လိုက်တဲ့ အချိန်မှာတော့ ရုပ်ရှင်ထဲမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရသလို ပုံစံမျိူး ပြောင်းလဲသွားပါတယ်။ ဒီအခါမှာတော့ သူဟာ အချိန်တွေ ဖြုန်းမနေဘဲ သူသတ်ပစ်ဖို့ စဉ်းစားထားတဲ့ ဆိုင်ကယ်ဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့ပြီး အဖွဲ့ဝင်တစ်ယောက်ကိုလည်း မီးရှို့သတ်ခဲ့ပါတယ်။ သူ့ကို ပြန်လည်ခုခံသူတွေကိုတော့ Uzi သေနတ်တွေ ဖန်တီးပြီး သတ်ပစ်ခဲ့ပါတယ်။

photo via screenrant

တကယ်တော့ ဒါဟာ အစပဲ ရှိပါသေးတယ်။ Stanley ဟာ သူ တက်ခဲ့တဲ့ မူလတန်းကျောင်းကို ပြန်သွားပြီး သူ့ကိုအရှက်ခွဲခဲ့ဖူးတဲ့ ဆရာတစ်ယောက်ကိုလည်း သတ်ပစ်ခဲ့ပါတယ်။ အဲဒီကနေ အိမ်ပြန်လာတဲ့ လမ်းမှာတော့ ကလေးအချင်းချင်း အနိုင်ကျင့်နေတာကို မြင်တွေ့လိုက်ရတာကြောင့် အနိုင်ကျင့်နေတဲ့ ကလေးကိုလည်း သတ်ပစ်ခဲ့ပါသေးတယ်။ Stanley ဟာ အဲဒီမျက်နှာဖုံးကို ဝတ်ဆင်ထားတာ ကြာလာတာနဲ့အမျှ ပိုမိုအကြမ်းဖက်လာပြီး တခြားလူတစ်ယောက်လို ဖြစ်လာပါတော့တယ်။

သူဟာ စစ်ဝတ်စုံကို အမြဲဝတ်ထားပြီး သတင်းတွေကို အချိန်ပြည့် နားထောင်နေကာ သေဖို့ထိုက်တန်တယ်လို့ သူ သတ်မှတ်လိုက်တဲ့ လူတွေကို လိုက်လံသတ်ဖြတ်ပါတော့တယ်။ တစ်ခါကဆိုရင် သူ့ကို ဒေါ်လာ(၆၀) အကြွေးပြန်မပေးတဲ့ သူတစ်ယောက်ကိုလည်း သေသင့်တယ်လို့ သတ်မှတ်ခဲ့ပြီး သတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Stanley ဟာ သူ့ရဲ့ရည်းစားဖြစ်သူ Kathy ကိုလည်း အနိုင်ကျင့် နှိပ်စက်မှုတွေ ပြုလုပ်လာပါတယ်။ တစ်ရက်မှာတော့ Kathy ဟာ အဲဒီမျက်နှာဖုံးကို ဝတ်ဆင်ပြီး Stanley ကို အနောက်ကနေ သေနတ်နဲ့ အကြိမ်ပေါင်းများစွာ ပစ်သတ်ခဲ့ပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Stanley ရဲ့ ဇာတ်လမ်းဟာ ဒီနေရာမှာတင် ရပ်တန့်သွားပေမယ့်လည်း မျက်နှာဖုံးရဲ့ ဇာတ်လမ်းကတော့ ဆက်လက် ရှိနေပါသေးတယ်။ အဲဒါကတော့ Kathy ဟာ ရုပ်ရှင်ထဲမှာ မြင်တွေ့ခဲ့ရတဲ့ ဗိုလ်ကြီး Kellaway ကိုပဲ အဲဒီမျက်နှာဖုံးကို ပေးခဲ့ပါတယ်။ Kellaway ကတော့ ဒီမျက်နှာဖုံးရဲ့ အစွမ်းတွေကို အသုံးပြုကာ လူဆိုးဂိုဏ်းတွေနဲ့ ရာဇဝတ်ခေါင်းဆောင်တွေကို အနိုင်ယူခဲ့ပါတယ်။ ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ၊ ဒီမျက်နှာဖုံးဟာ ဆက်လက်တည်ရှိနေပြီး ပိုင်ဆိုင်သူတွေ အဆင့်ဆင့် ပြောင်းလဲသွားပါတယ်။

The Mask ရုပ်ရှင်ထဲမှာတော့ ဟာသဆန်ဆန် ဖန်တီးထားတာကြောင့် တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေကိုလည်း ဟာသဆန်ဆန်ပဲ မြင်တွေ့ရပြီး ကောမစ်ထဲက အကြမ်းဖက်မှုမျိူးနဲ့ Dark ဖြစ်တဲ့ အချက်တွေကိုတော့ မထည့်သွင်းခဲ့ပါဘူး။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ မိသားစုနဲ့ အပျင်းပြေကြည့်ရှုနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်လာပြီး ကောမစ်ထဲက ဗားရှင်းကတော့ ကလေးသူငယ်တွေအတွက် မသင့်တော်တဲ့ ဇာတ်လမ်းတွေ ပါဝင်နေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular