HomeCelebs Update NewsInternationalJohnny Depp နဲ့ Amber Heard တို့ရဲ့ ရှုပ်ထွေးတဲ့အချစ်ခရီးလမ်း Timeline စ/ဆုံး

Johnny Depp နဲ့ Amber Heard တို့ရဲ့ ရှုပ်ထွေးတဲ့အချစ်ခရီးလမ်း Timeline စ/ဆုံး

မင်းသား Johnny Depp ဟာ The Sun သတင်းစာကို အသရေဖျက်မှုနဲ့ တရားစွဲဆိုရာမှာ ရှုံးနိမ့်ခဲ့ရပါတယ်။ အဲ့ဒါကတော့ ၂၀၁၈ခုနှစ် ဧပြီလမှာ The Sun သတင်းစာက ရေးသားဖော်ပြခဲ့တဲ့ “မိန်းမကို ရိုက်နှက်သူ” ဆိုတဲ့ သတင်းဆောင်းပါးကြောင့် အသရေဖျက်မှုနဲ့ Depp ဘက်က တရားစွဲခဲ့တာဖြစ်ပြီး ဗြိတိန်ဗဟိုတရားရုံးရဲ့ အမိန့်ချမှတ်မှုအရ Depp က အဆိုပါအမှုမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဇနီးဟောင်း Amber Heard ကို အိမ်တွင်းအကြမ်းဖက်ခဲ့တယ်လို့ စွပ်စွဲခံထားရမှုနဲ့ ပတ်သက်ပြီး Depp ဘက်ကတော့ ပြင်းပြင်းထန်ထန် ငြင်းပယ်ထားပါတယ်။ သို့ပေမယ့် နိုဝင်ဘာလ(၂)ရက်နေ့မှာ တရားသူကြီး Nicol ရဲ့ ပြောကြားချက်အရ The Sun ဘက်က ရှေ့နေတွေဟာ Depp အနေနဲ့ ဇနီးသည် Amber အပေါ် အိမ်တွင်းအကြမ်းဖက်မှု လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြောင်း အများစုကို အခိုင်အမာ သက်သေပြနိုင်ခဲ့တဲ့အတွက် Depp အနေနဲ့ ဒီအမှုမှာ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

Photo: johnnyoffical__/ Instagram

Depp ဟာ Amber နဲ့မတိုင်ခင် အမျိုးသမီးများစွာနဲ့ လက်တွဲခဲ့ဖူးပါတယ်။ သူ တွဲခဲ့ဖူးတဲ့ အမျိုးသမီးတွေကတော့ မင်းသမီး Winona Ryder (၁၉၈၉ခုနှစ်မှ ၁၉၉၃ခုနှစ်ထိ)၊ စူပါမော်ဒယ်လ် Kate Moss (၁၉၉၄ခုနှစ်မှ ၁၉၉၈ခုနှစ်ထိ)နဲ့ ပြင်သစ်အဆိုတော်၊မင်းသမီး Vanessa Paradis (၁၉၉၈ခုနှစ်မှ ၂၀၁၂ခုနှစ်ထိ) တို့ ဖြစ်ပါတယ်။ သို့ပေမယ့် The Rum Diary ဇာတ်ကားမှာ စတင်တွေ့ဆုံခဲ့တဲ့ မင်းသမီး Amber Heard နဲ့ အချစ်ရေးမှာတော့ အခုလို စိတ်မကောင်းစရာကိစ္စတွေ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Johnny Depp နဲ့ Amber Heard တို့ရဲ့ အချစ်ရေးလမ်းခရီး timeline အစ၊အဆုံးကို ဖော်ပြပေးလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၀၉ခုနှစ်မှာ The Rum Diary ဇာတ်ကား ရိုက်ကူးရင်းနဲ့ စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါဇာတ်ကားထဲမှာတော့ Depp ဟာ ပူအာတိုရီကိုမှာ အလုပ်လာလုပ်တဲ့ Paul Kemp ဆိုတဲ့ ဂျာနစ်လစ်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး Amber ကတော့ တစ်ခြားယောက်ျားတစ်ယောက်နဲ့ စေ့စပ်ထားတဲ့ အမျိုးသမီး Chenault အဖြစ် သရုပ်ဆောင်ထားပါတယ်။ Paul Kemp ဟာ Chenault ကို စတွေ့ပြီးတည်းက စေ့စပ်ထားတဲ့ အမျိုးသမီးဖြစ်ပေမယ့် ဘယ်လိုမှ ထိန်းမရဘဲ စွဲလန်းမိတဲ့ဇာတ်လမ်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

©Film District
သူတို့နှစ်ဦးဟာ ၂၀၁၂ခုနှစ်အစောပိုင်းမှာ ချစ်သူတွေ စဖြစ်ခဲ့ကြပါတယ်။

တရားရုံးက စာရွက်စာတမ်းတွေကို ဖြည့်စွက်ရာမှာတော့ Amber ဟာ သူတို့နှစ်ဦးက ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်း၊ ဒါမှမဟုတ် ၂၀၁၂ခုနှစ် အစောပိုင်းဝန်းကျင်လောက်မှာ စတွဲခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီ့ ၂၀၁၂ခုနှစ်မှာပဲ Depp ဟာ သူနဲ့ဆယ့်လေးနှစ်ကြာ တွဲလာခဲ့တဲ့ ချစ်သူ Vanessa Paradis နဲ့ လမ်းခွဲကြောင်း တိုင်းသိပြည်သိ ကြေညာခဲ့ပါတယ်။ Depp နဲ့ Paradis တို့နှစ်ဦးမှာတော့ Lily-Rose နဲ့ John Christopher ဆိုတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။

Phoot: occult_menfashion_official/ Instagram

တစ်ချိန်တည်းမှာပဲ Amber ကလည်း သူမရဲ့ချစ်သူ Tasya van Ree နဲ့ လမ်းခွဲခဲ့ပါတယ်။ USA Today သတင်းစာကတော့ Amber ဟာ သူမရဲ့ချစ်သူဟောင်း van Ree ကို ဝါရှင်တန်ဒီစီ နိုင်ငံတကာလေဆိပ်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ ၂၀၀၉ခုနှစ်တုန်းက အဖမ်းခံခဲ့ရတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဖြစ်ပုံကတော့ နှစ်ယောက်သား စကားများရာကနေ Amber က van Ree ရဲ့လက်မောင်းကို ဆွဲကိုင်ပြီး ရိုက်လိုက်တယ်လို့ ဆိုပါတယ်။

သို့ပေမယ့် အဲ့ဒီ့စွပ်စွဲချက်အားလုံး ပယ်ချခံခဲ့ရပြီး Amber ဟာ မှားယွင်းစွာ စွပ်စွဲခံခဲ့ရတာဖြစ်ပြီး ရဲတွေက သူတို့ချစ်သူချင်း စကားများတာကို ပုံကြီးချဲ့လိုက်တာသာ ဖြစ်တယ်လို့ Amber ရဲ့ချစ်သူဟောင်းဖြစ်တဲ့ van Ree က ပြောပြခဲ့ပါတယ်။

၂၀၁၄ခုနှစ်မှာတော့ သူတို့နှစ်ယောက် စေ့စပ်ခဲ့ကြပါတယ်။
Photo: usatodaylife/ twitter

Amber ဟာ သူမရဲ့လက်သူကြွယ်မှာ စေ့စပ်လက်စွပ် ဝတ်ဆင်ထားတာ မြင်လိုက်ရချိန်မှာတော့ Depp နဲ့ Amber တို့ စေ့စပ်လိုက်ကြပြီလို့ People သတင်းဌာနက စတင်ဖော်ပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Depp ကိုယ်တိုင်ကလည်း Daily Mail နဲ့ ပြုလုပ်တဲ့ ဗွီဒီယိုအင်တာဗျူးတစ်ခုမှာ အတည်ပြုပေးခဲ့ပြီး မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကိုပါ ပြောကြားသွားခဲ့ပါတယ်။

၂၀၁၅ခုနှစ်မှာ တိတ်တဆိတ် လက်ထပ်ခဲ့ကြပါတယ်။

Depp နဲ့ Amber တို့နှစ်ယောက်ဟာ နှစ်အတော်ကြာ ချစ်သူတွေအဖြစ် တွဲခဲ့ပြီးတော့မှ သူတို့နှစ်ယောက် နေထိုင်တဲ့ အယ်လ်အေက နေအိမ်မှာ သီးသန့်မင်္ဂလာပွဲကို တိတ်တဆိတ် ကျင်းပခဲ့ကြပါတယ်။ မင်္ဂလာပွဲက ဓာတ်ပုံတွေကိုတော့ People သတင်းဌာနက ရယူကာ ဖော်ပြခဲ့ပါသေးတယ်။

ဒီလိုနဲ့ ၂၀၁၅ခုနှစ်နှောင်းပိုင်းမှာတော့ သူတို့မောင်နှံဟာ ဩစတျေးလျနိုင်ငံရဲ့ ဇီဝလုံခြုံရေးဥပဒေကို ချိုးဖောက်မိခဲ့ကြပါသေးတယ်။ အဲ့ဒါကတော့ ဩစတျေးလျနိုင်ငံထဲကို ဝင်ရောက်ရာမှာ သူတို့ရဲ့အိမ်မွေးခွေးတွေကို တရားဝင် စာရွက်စာတမ်းနဲ့ ဝင်ခွင့်မလုပ်ခဲ့မိလို့ပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ယောက်အတူတူ တောင်းပန်ထားတဲ့ ဗွီဒီယိုတစ်ခု ထုတ်လွှင့်ပေးခဲ့ရပါသေးတယ်။

Photo: johnnyandamber/ Instagram
၂၀၁၆ခုနှစ်မှာတော့ Amber ဘက်က ကွာရှင်းခွင့် လျှောက်ထားခဲ့ပြီး Depp ဟာ အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်သူပါလို့ စွပ်စွဲခဲ့ပါတယ်။

၂၀၁၆ခုနှစ် မေလ(၂၃)ရက်နေ့မှာတော့ Amber ဟာ Depp ကို ကွာရှင်းခွင့် လျှောက်ထားခဲ့ပြီး သူမနဲ့ တွေ့ဆုံ၊ဆက်သွယ်ခွင့် ယာယီကန့်သတ်မိန့်ကိုပါ ရယူခဲ့ပါတယ်။ Depp ဟာ သူမနဲ့တွဲလာတဲ့ ကာလအတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့ပြီး အများစုဟာ အရက်နဲ့ မူးယစ်ဆေးတွေ သုံးစွဲထားချိန်မှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ကွာရှင်းခွင့်လျှောက်ထားတဲ့အချိန်မှာ ပူပူနွေးနွေး ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကိုလည်း Amber ဘက်ကနေ ထည့်သွင်းဖော်ပြခဲ့ပါသေးတယ်။ အဲ့ဒါကတော့ Depp ဟာ သူမရဲ့မျက်နှာကို ဖုန်းနဲ့ ပစ်ပေါက်ခဲ့ပြီး အဲ့ဒါကြောင့် သူမမျက်နှာမှာ ဒဏ်ရာပါ ရရှိခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။ သို့ပေမယ့် ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က People သတင်းဌာနကို ပြောကြားချက်အရ အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်ရဲ့ ဖုန်းကောလ်တွေကို စုံစမ်းစစ်ဆေးမှုအရ ပြစ်မှုတစ်စုံတစ်ရာကို မတွေ့ရဘူးလို့ ဆိုပါတယ်။

Photo: amberheard/ Instagram

Amber ဘက်က စွပ်စွဲထားချက်တွေကိုတော့ Depp ဘက်က ငြင်းဆိုခဲ့ပြီး “ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်တယ်လို့ စွပ်စွဲပြီး ငွေရေးကြေးရေးအရ အပိုင်ဖမ်းဖို့ အလောတကြီး ကြိုးစားခြင်း ဖြစ်တယ်… ” လို့ သူ့ရဲ့ကိုယ်စားလှယ်တွေကတစ်ဆင့် ပြောကြားခဲ့ပါတယ်။

၂၀၁၆ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့မှာတော့ ဒေါ်လာ(၇)သန်းနဲ့ တရားရုံးပြင်ပမှာ ကျေအေးခဲ့ကြပါတယ်။

Amber ဟာ တရားရုံးမှာ ကျမ်းကျိန်ပြီး သက်သေထွက်ဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမဘက်က တောင်းဆိုထားတဲ့ တွေ့ဆုံ၊ဆက်သွယ်ခွင့် ယာယီကန့်သတ်မိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။ သူမဘက်က ဒီယာယီကန့်သတ်မိန့်ကို ရုတ်သိမ်းပြီးနောက်မှာပဲ နှစ်ဦးနှစ်ဘက် ကျေအေးခဲ့ကြပါတယ်။ ဒါ့အပြင် တစ်လကို ဒေါ်လာငါးသောင်းနဲ့ သူမဘက်က တောင်းဆိုခဲ့တဲ့ ဇနီးမယား ထောက်ပံ့ကြေးကိုလည်း ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။

Photo: johnnyoffical__/ Instagram

ဒါတင်မက Depp နဲ့ Amber တို့နှစ်ယောက်ဟာ ပူးတွဲကြေညာချက်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။ “ကျွန်တော်၊ ကျွန်မတို့ရဲ့ အချစ်ရေးဟာ ပြင်းထန်စွာ တပ်မက်ခဲ့ကြသလို တစ်ချို့အချိန်တွေမှာ မတည်ငြိမ်ဘဲ အကဲဆတ်ခဲ့ကြပါတယ်။ သို့ပေမယ့် အမြဲတမ်း အချစ်နဲ့ပဲ အနားသတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘယ်သူ့ဘက်ကမှ ငွေကြေးရလိုမှုအတွက် မှားယွင်းတဲ့ စွပ်စွဲချက်တွေ မလုပ်ခဲ့ကြပါဘူး။ စိတ်ပိုင်းအရရော၊ ရုပ်ပိုင်းအရရော နာကျင်စေလိုတဲ့ ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိခဲ့ကြပါဘူး… ” လို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

People သတင်းဌာနရဲ့ ဖော်ပြချက်အရ Amber ဟာ ကွာရှင်းရာက ရရှိခဲ့တဲ့ ဒေါ်လာ(၇)သန်းကို ပရဟိတလုပ်ငန်းတွေဆီ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ခုနှစ်မှာတော့ ကွာရှင်းတဲ့ကိစ္စကို အပြီးသတ်ခဲ့ကြပါတယ်။

သူတို့နှစ်ဦးရဲ့ ကွာရှင်းတဲ့ကိစ္စဟာ Amber ဘက်က လျှောက်လွှာတင်ပြီး တစ်နှစ်ခန့်အကြာမှာ အပြီးသတ်ခဲ့ကြပါတယ်။ ၂၀၁၅ခုနှစ်တုန်းက ဩစတျေးလျမှာ ပြဿနာတက်ခဲ့တဲ့ ခွေးလေးတွေကိုတော့ Amber ကပဲ ဆက်လက် မွေးမြူထိန်းသိမ်းခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Depp ဟာ ဘဟားမားစ်က သူ့ရဲ့ကိုယ်ပိုင်ကျွန်း အပါအဝင် သူ့ရဲ့ classic car collection နဲ့ မော်တော်ဆိုင်ကယ်တွေသာမက ပိုင်ဆိုင်မှုအားလုံးကို သူ့လက်အောက်မှာပဲ ဆက်လက် ထိန်းသိမ်းထားခဲ့ပါတယ်။

The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ နှစ်ဦးနှစ်ဘက် ကျေအေးမှု သဘောတူညီချက်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် မကောင်းပြောတာမျိုးကို ရှောင်ကျဉ်ဖို့ အပိုဒ်တစ်ခု ပါဝင်တယ်လို့ ဆိုပါတယ်။

Photo Courtesy: The Sun
၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာတော့ Amber ဟာ အကြမ်းဖက်ခံခဲ့ရတဲ့အကြောင်း ဆောင်းပါးတစ်စောင် Washington Post သတင်းစာမှာ ရေးသားခဲ့ပါတယ်။

အဆိုပါဆောင်းပါးထဲမှာတော့ အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်တွေထဲမှာ အမျိုးသမီးတွေကို ဘယ်လိုဆက်ဆံလေ့ရှိတယ်ဆိုတဲ့အကြောင်းကို Amber က ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ “အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ကျွန်မက တိုင်းသိပြည်သိ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တယ်။ ပြီးတော့ ဒီအကြောင်းကို ထုတ်ဖော်ပြောဆိုလာကြတဲ့ အမျိုးသမီးတွေအပေါ်မှာ ဓလေ့ထုံးတမ်း အစဉ်အလာတွေရဲ့ ကြီးမားတဲ့ ဒေါသတွေကိုလည်း အပြည့်အဝ ခံစားခဲ့ရတယ်… ” လို့ အဆိုပါဆောင်းပါးမှာ ထည့်သွင်းရေးသားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဆောင်းပါးထဲမှာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ သူမရဲ့ခံစားချက်နဲ့ အမြင်တွေကို ရေးသားထားတာ ဖြစ်ပေမယ့် Depp ရဲ့ နာမည်ကိုတော့ တစ်လုံးတစ်လေမှတောင် ဖော်ပြထားခြင်း မရှိပါဘူး။

Photo: johnnyoffical__/ Instagram
၂၀၁၉ခုနှစ်မှာတော့ Depp ဟာ Amber ရေးသားခဲ့တဲ့ ဆောင်းပါးအတွက် အသရေဖျက်မှုခေါင်းစဉ်နဲ့ ဒေါ်လာသန်း(၅၀)တန် အမှုကို စွဲဆိုခဲ့ပါတယ်။

အဆိုပါ တရားစွဲဆိုမှုမှာတော့ Depp ဟာ Amber ကို ဘယ်တုန်းကမှ အိမ်တွင်းအကြမ်းဖက်မှု လုပ်ရပ်တွေ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုခဲ့ပြီး “သူမဟာ အိမ်တွင်းအကြမ်းဖက်မှုရဲ့ သားကောင် မဟုတ်ပါဘူး။ သူမကသာ ကျူးလွန်သူပါ…” လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် Amber ဘက်က စွပ်စွဲမှုတွေဟာ လူထုဆီက အကောင်းမြင်စိတ်ကို ရချင်လို့ ခွင်ဆင်ထားတာသာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Amber ဟာ Depp ဘက်က စွဲဆိုလိုက်တဲ့ ဒီအမှုကို ချေပဖို့အတွက် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ကြောင်း သက်သေဖြစ်ရပ်များစွာကို တရားရုံးမှာ တင်သွင်းခဲ့ပါတယ်။ အဆိုပါ တင်သွင်းချက်တွေထဲမှာတော့ Depp ဟာ သူမကို ပင်ပေါင်စားပွဲပေါ် ပစ်ချတာနဲ့ ဖန်ကွဲစတွေအပေါ်ကနေ တရွတ်တိုက် ဆွဲသွားတာမျိုးတွေ ပြုလုပ်ခဲ့ပြီး သူမရဲ့လက်နဲ့ ခြေထောက်တွေမှာ အခုထိ အမာရွတ်တွေ ရှိနေကြောင်း အခိုင်အမာ ထွက်ဆိုခဲ့ပါတယ်။

ဒီအမှုကတော့ အခုထက်ထိ ယူအက်စ်မှာ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Photo: amberheard/ Instagram
၂၀၂၀ခုနှစ်မှာတော့ နှစ်ယောက်ကြား ဖုန်းပြောထားတဲ့ အသံဖိုင်တစ်ခု ထွက်လာခဲ့ပါတယ်။

၂၀၂၀ခုနှစ် ဇန်နဝါရီလမှာတော့ Daily Mail သတင်းဌာနက ရယူထားတဲ့ အသံဖိုင်တစ်ခု ထွက်လာခဲ့ပါတယ်။ အဆိုပါ အသံဖိုင်ထဲမှာတော့ Amber ဟာ Depp ကို ရိုက်မိကြောင်း ဝန်ခံထားတာတွေ ပါဝင်ပါတယ်။ အဆိုပါ အသံဖိုင်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Amber: “ရှင့်မျက်နှာကို ကောင်းကောင်းဖြတ်ရိုက်လိုက်ရမှာ … ဆောရီးပါပဲ ဘေဘီရယ်။ ဒါပေမယ့် ရှင့်ကို ကျွန်မ ရိုက်ခဲ့မိတယ်။ အဲ့ဒါ ရှင့်မျက်နှာကို ထိုးတာ မဟုတ်ဘူးနော်။ ရှင်က အထိုးခံရတာ မဟုတ်ဘူး ဘေဘီ။ ကျွန်မလက်က ဘယ်တွေရောက်ကုန်မှန်း ကျွန်မ တကယ် မသိခဲ့တာ။ ဒါပေမယ့် ရှင် အဆင်ပြေတာပဲလေ။ ကျွန်မ ရှင့်ကို နာအောင် လုပ်လိုက်တာမှ မဟုတ်တာ။ ကျွန်မ ရှင့်မျက်နှာကို ပိတ်ထိုးလိုက်တာလည်း မဟုတ်ဘူး။ ဒီတိုင်း ရိုက်လိုက်တာပဲ ..”

Photo: johnnyoffical__/ Instagram

Depp: “မနေ့ညက ငါ ထွက်သွားမိတယ်။ ငါ ကျိန်ဆိုကျိန်ပါတယ်ကွာ။ ငါတို့နှစ်ယောက်ကြားမှာ ပိုပြီးတော့ ကိုယ်ထိလက်ရောက်တွေ ပါလာတာ။ တစ်ယောက်နဲ့တစ်ယောက် လက်တွေပါပြီး အကြမ်းဖက်မိလာတာကို ငါ သည်းမခံနိုင်တော့ဘူး … ”

Depp: “ဘာလို့ဆို ငါတို့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် သောက်ရမ်းတွေ ဆိုးလာတော့မှာ။ ပြီးတော့ မင်းကို ငါ ဒီအကြောင်း တစ်ခါ ပြောထားဖူးတယ်နော်။ ငါ သေအောင်ကြောက်နေမိတယ်။ ငါတို့က အခု တကယ့်မှုခင်းဖြစ်တဲ့ နေရာလိုပဲ ဖြစ်နေကြပြီ …”

Amber: “ကျွန်မ လက်မပါတော့ပါဘူးလို့ ကတိမပေးနိုင်ဘူး။ တစ်ခါတစ်လေကျရင် ကျွန်မ အရမ်းစိတ်တွေတိုလာရင် ထိန်းလို့မရတော့ဘူး… ”

Photo: amberheard/ Instagram
၂၀၂၀ခုနှစ် ဇူလိုင်လ(၇)ရက်နေ့မှာတော့ အသရေဖျက်မှုအတွက် သုံးပတ်ကြာ တရားရင်ဆိုင်ခဲ့ရပါတယ်။

Depp ဟာ ၂၀၁၈ခုနှစ် ဧပြီလတုန်းက The Sun သတင်းစာက သူ့အကြောင်း ရေးသားခဲ့တဲ့ သတင်းဆောင်းပါးတစ်ခုကြောင့် The Sun သတင်းစာတိုက်နဲ့ executive editor Dan Wootton ကို အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တရားရင်ဆိုင်မှုဟာ ဇူလိုင်လအစောပိုင်းမှာ ဖြစ်ပြီး သုံးပတ်ခန့် ကြာမြင့်ခဲ့ပါတယ်။

အဆိုပါ တရားရင်ဆိုင်မှုမှာတော့ Amber ဟာ သူ့ရဲ့အိပ်ရာထဲမှာ မစင်စွန့်ပြီး သူ့ကိုလည်း မျက်နှာကို ထိုးခဲ့တယ်လို့ Depp ဘက်က စွပ်စွဲခဲ့ပြီး တစ်ဖက်ကတော့ သူမ မလုပ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် Amber ဟာ နာမည်ကျော်မင်းသား James Franco ၊ သူဌေးကြီး Elon Musk တို့နဲ့ ဖောက်ပြန်ခဲ့တယ်ဆိုပြီးတော့လည်း Depp ဘက်က စွပ်စွဲထားပါသေးတယ်။ အဲ့ဒီ့စွပ်စွဲချက်ကိုလည်း Amber ဘက်က ငြင်းဆိုထားပါတယ်။

Amber ဘက်ကလည်း Depp ကို အိမ်တွင်းအကြမ်းဖက်သူလို့ ပြန်လည်စွပ်စွဲထားပြီး သူမကို သတ်ပစ်မယ်လို့ အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်ဖူးကြောင်း ထွက်ဆိုထားပါတယ်။

Photo: johnnyoffical__/ Instagram
နိုဝင်ဘာလ(၂)ရက်နေ့မှာတော့ The Sun နဲ့အမှုမှာ ရှုံးနိမ့်ခဲ့ပါတယ်။

The Sun နဲ့ Depp တို့ကြားက ဟိုးလေးတကျော် အမှုရင်ဆိုင်အပြီးမှာတော့ တရားသူကြီး Nicol ဟာ The Sun ဘက်က ရှေ့နေတွေ တင်ပြလာတဲ့ အထောက်အထားတွေနဲ့ သက်သေတွေဟာ Depp က အိမ်တွင်းအကြမ်းဖက်သူ ဖြစ်ကြောင်း သက်သေပြနိုင်တယ်လို့ ကောက်ချက်ချကာ The Sun ဘက်က အနိုင်ရကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။

စီရင်ချက်ချမှတ်စဉ်မှာတော့ တရားသူကြီး Nicol ဟာ The Sun ဘက်က ရှေ့နေတွေ တင်သွင်းလာတဲ့ ဖြစ်ရပ်(၁၄)ခုကို စေ့ငုခြုံငုံကာ စီရင်ချက် ချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Amber ရဲ့ ရှေ့နေကလည်း “လန်ဒန်ဗဟိုတရားရုံးက တရားစီရင်မှုမှာ လိုက်ပါကြားနာခဲ့ကြသူတွေအတွက်ကတော့ တရားသူကြီးတွေရဲ့ စီရင်ချက်ချမှတ်မှုဟာ အံ့ဩစရာ မဟုတ်ပါဘူး။ သိပ်မကြာခင် ယူအက်စ်က အမှုမှာလည်း ပိုပြီးခိုင်မာတဲ့ သက်သေ သာဓကတွေနဲ့ တင်ပြသွားဦးမှာပါ… ” လို့ ကြေညာချက်မှာ ပြောထားပါတယ်။

Glasgow

Source: insider

RELATED ARTICLES

Most Popular