HomeCelebs Update NewsInternationalMarilyn Manson, Paul Bettany တို့နဲ့အတူ ဆေးသုံးခဲ့ဖူးကြောင်း ထွက်ဆိုလာတဲ့ Johnny Depp

Marilyn Manson, Paul Bettany တို့နဲ့အတူ ဆေးသုံးခဲ့ဖူးကြောင်း ထွက်ဆိုလာတဲ့ Johnny Depp

Johnny Depp နဲ့ Amber Heard တို့ရဲ့ တရားရင်ဆိုင်မှုဟာ အခုဆိုရင်တော့ cross-examination အဆင့်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ယခုစစ်ဆေးမှုကတော့ Amber Heard ရဲ့ ရှေ့နေအဖွဲ့က Johnny Depp ကို စစ်ဆေး မေးမြန်းတဲ့အလှည့် ဖြစ်ပါတယ်။ ဒီကဏ္ဍအတွင်းမှာပဲ Depp ဟာ သူ့ရဲ့နာမည်ကျော် မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်တဲ့ Marilyn Manson ၊ Paul Bettany တို့နဲ့အတူ စိတ်ကို မြူးကြွစေတဲ့ မူးယစ်ဆေးတွေ သုံးစွဲခဲ့တဲ့အကြောင်း ထွက်ဆိုသွားပါတယ်။

မနေ့က ကြာသပတေးနေ့မှာတော့ Amber Heard ရဲ့ ရှေ့နေအဖွဲ့ဟာ Depp ရဲ့ မက်ဆေ့ချ်အဟောင်းတွေကို သက်သေအဖြစ် တရားရုံးတော်ကို တင်သွင်းခဲ့ပြီး မူးယစ်ဆေးနဲ့ အရက်စွဲလန်းမှုဟာ သူ့အတွက် မကောင်းဆိုးဝါးတွေ ဖြစ်တဲ့အကြောင်း ပြသခဲ့ပါတယ်။ Amber Heard ရဲ့ ရှေ့နေ Ben Rottenborn ကတော့ Depp နဲ့ Paul Bettany တို့ အပြန်အလှန် ပို့ထားတဲ့ မက်ဆေ့ချ်တွေကို တရားရုံးမှာ တင်သွင်းခဲ့တာ ဖြစ်ပြီး အဆိုပါ မက်ဆေ့ချ်တွေထဲမှာတော့ Amber Heard ကို သတ်မယ့်အကြောင်း ပြောထားတဲ့ မက်ဆေ့ချ်တစ်စောင်ပါ ပါဝင်နေတယ်လို့ သိရပါတယ်။

Photo: isjohnnydepp/ Instagram

Paul Bettany ဟာ မူးယစ်ဆေး အတူတူ သုံးစွဲရတဲ့အထိ စိတ်ချင်းတူတဲ့ မိတ်ဆွေကောင်းတစ်ယောက်လားလို့ ရှေ့နေ Ben Rottenborn က မေးမြန်းခဲ့ရာ “ဒီမေးခွန်းက ထူးတော့ထူးဆန်းတယ်နော်။ ဟုတ်ပါတယ်။ သူက ကျွန်တော့်ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ” လို့ Depp က ပြန်လည် ဖြေကြားခဲ့ပါတယ်။

Depp နဲ့ Bettany တို့ဟာ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Tourist ၊ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Transcendence နဲ့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mortdecai ရုပ်ရှင်တွေမှာ အတူတူ တွဲဖက် သရုပ်ဆောင်ခဲ့ကြပါတယ်။ Depp ရဲ့ ထွက်ဆိုချက်အရ သူတို့နှစ်ယောက်ဟာ အလျဉ်းသင့်ရင် သင့်သလို မူးယစ်ဆေး အတူတူ သုံးစွဲကြတယ်လို့ ဆိုပါတယ်။

Photo: isjohnnydepp/ Instagram

Depp နဲ့ Bettany တို့ ၂၀၁၃ ခုနှစ် ဇွန်လက အပြန်အလှန် ပြောဆိုခဲ့ကြတဲ့ မက်ဆေ့ချ်တွေထဲမှာတော့ Amber Heard ကို သတ်ပစ်မယ့်အကြောင်း အချင်းချင်း ပြောဆိုထားတာလည်း တွေ့ရပါတယ်။ “သူ့ကို မီးနဲ့ မရှို့ခင် အရင်ဆုံး ရေနှစ်သတ်ရအောင်။ ပြီးတော့မှ သူ့ရဲ့ မီးကျွမ်းနေတဲ့ အလောင်းကောင်ကြီးကို သေတယ်ဆိုတာ သေချာအောင် အတည်ပြုတဲ့အနေနဲ့ ငါ တက်လုပ်လိုက်ဦးမယ်… ” လို့ Depp ဘက်က ရေးသားခဲ့ပါတယ်။

အဆိုပါ မက်ဆေ့ချ်ကိုတော့ Bettany ဘက်က “ငါ့အတွေးနဲ့ အတူတူပဲ။ သူ့ကို စုန်းမလို့ မကြေညာခင် သေချာအောင် လုပ်ကြရအောင် …” လို့ ပြန်လည် ရေးသား ပေးပို့ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး People မဂ္ဂဇင်းက Bettany ရဲ့ ကိုယ်စားလှယ်ဆီ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ယခုအချိန်အထိ ပြန်လည် ဖြေကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Photo: marilynmanson/ Instagram

အဲဒီနောက် နာမည်ကျော်အဆိုတော် Marilyn Manson နဲ့ ကိုကိန်းလို မူးယစ်ဆေးတွေ အတူတူ သုံးစွဲခဲ့ခြင်း ရှိ၊မရှိကိုလည်း မေးမြန်းခဲ့ရာ Depp ဘက်ကတော့ သုံးစွဲခဲ့ဖူးကြောင်း ဝန်ခံခဲ့ပါတယ်။ “ကျွန်တော်တို့ နှစ်ခါလောက်တော့ ကိုကိန်း တူတူသုံးခဲ့ဖူးပါတယ်။ တစ်ခေါက်တုန်းကဆိုရင် သူ စကားတွေ အရမ်းများတာ ရပ်သွားအောင်လို့ သူ့ကို ဆေးတစ်မျိုးတောင် ပေးလိုက်သေးတယ် …” လို့ Depp က ထွက်ဆိုခဲ့ပါတယ်။

ယခုတစ်ပတ် အစောပိုင်းက သက်သေထွက်ဆိုမှုမှာတော့ Depp ဟာ အဆိုပါ မက်ဆေ့ချ်တွေနဲ့ ပတ်သက်ပြီး အရှက်ရမိကြောင်းနဲ့ တခါတရံ မက်ဆေ့ချ်တွေ ရေးသားရာမှာ သူ့ကိုယ်သူ ထုတ်ဖော် ပြသဖို့အတွက် ညစ်ညမ်းတဲ့ ဟာသတွေ သုံးတတ်တယ်လို့လည်း ထွက်ဆိုသွားပါတယ်။

Photo: paulbettany/ Instagram

Paul Bettany ကတော့ Depp ရှုံးနိမ့်သွားတဲ့ UK သတင်းစာ The Sun နဲ့ အမှုမှာတည်းက သူတို့ရဲ့ မက်ဆေ့ချ်တွေကို လူထုရှေ့ ချပြခံလိုက်ရတဲ့အတွက် အလွန်ရှက်စရာကောင်းကြောင်း ပြောခဲ့ဖူးပါတယ်။ Bettany ရဲ့ အဆိုအရ Amber Heard နဲ့ လက်ထပ်ထားချိန်မှာ Depp နဲ့ သိပ်ပြီး နီးစပ်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“အဲဒီမတိုင်ခင်ကတော့ ကျွန်တော် သူ့အကြောင်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နှစ်နဲ့ချီပြီး စကားမပြောဖြစ်တာတွေ ရှိပါတယ်။ သူတို့ရဲ့ လက်ထပ်ထားတဲ့ အချိန်အတွင်းမှာတော့ သူတို့အကြောင်း ကျွန်တော် မသိပါဘူး။ အဲဒီတော့ ဒီကိစ္စတွေ ဖြစ်တဲ့အချိန်မှာ ကျွန်တော် သူတို့နားမှာ ရှိမနေခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ဆက်စပ်မှု မရှိတဲ့ ကမ္ဘာကြီးမှာ နေထိုင်နေကြရပါတယ် …” လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက UK သတင်းစာ The Times နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Bettany က ပြောသွားပါသေးတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular