HomeEntertainmentFilmMs. Marvel အပိုင်း(၂)ထဲမှာ Kamala ရဲ့ အာရုံထဲမှာ မြင်ခဲ့ရတာက ဘယ်သူလဲ

Ms. Marvel အပိုင်း(၂)ထဲမှာ Kamala ရဲ့ အာရုံထဲမှာ မြင်ခဲ့ရတာက ဘယ်သူလဲ

*** SPOILER ALERT ***

Ms. Marvel အပိုင်း(၂)ကတော့ မကြာသေးခင် ရက်ပိုင်းကပဲ ထွက်ရှိလာပြီး ဒီအပိုင်းထဲမှာတော့ သူမဟာ အသစ်ရရှိလာတဲ့ စွမ်းအားကို လေ့ကျင့်နေတာ တွေ့ရပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ သူမဟာ တာဝါတစ်ခုပေါ်က ပြုတ်ကျလုနီးနီး ဖြစ်နေတဲ့ ကလေးတစ်ယောက်ကို ကယ်တင်လိုက်ပြီး တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာပဲ သူမအာရုံထဲမှာ အမျိုးသမီးကြီးတစ်ယောက် ပေါ်လာပါတယ်။ ဒါကြောင့်ပဲ သူမဟာ အာရုံစူးစိုက်မှု ပျောက်ဆုံးသွားပြီး ကလေးဟာလည်း အောက်ကို ပြုတ်ကျသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Kamala မြင်ခဲ့ရတဲ့ အာရုံထဲက အမျိူးသမီးကြီးဟာ ဘယ်သူ ဖြစ်နိုင်မလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

အပိုင်း(၂)ထဲမှာတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်ပွဲတော် ကျင်းပနေပါတယ်။ အဲဒီပွဲတော်မှာပဲ Kamala ကတော့ သူမရဲ့သူငယ်ချင်း Nakia က ဗလီဘုတ်အဖွဲ့ရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်တာကို ကူညီပေးနေပါတယ်။ အဲဒီနောက်မှာတော့ Kamala ဟာ သူမရဲ့လက်ကောက်ပိုင်ရှင်အကြောင်းကို သိချင်နေတာကြောင့် အိဒ်ပွဲကိုတက်လာတဲ့ အန်တီတွေကို မေးမြန်းပါတော့တယ်။ ဒီလက်ကောက်ကိုတော့ Kamala ရဲ့ အဘွားဖြစ်သူ Sana က ပါကစ္စတန်ကနေ ပို့လိုက်တာ ဖြစ်ပြီး ဒီလက်ကောက်ဟာ Sana ရဲ့မိခင်ဖြစ်သူ Aisha က ပိုင်ဆိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

photo via screenrant

အပိုင်း(၁)ထဲမှာတော့ Kamala ဟာ AvengerCon ပွဲမှာ သူမအဘွားဆီကရတဲ့ လက်ကောက်ကြောင့် စွမ်းအားတွေ ရရှိလာတာကြောင့် ဒီလက်ကောက်ရဲ့ ပိုင်ရှင်အကြောင်းကို သေသေချာချာ သိချင်နေပါတယ်။ ဒါကြောင့်ပဲ Kamala ဟာ လက်ကောက်ရဲ့မူလပိုင်ရှင် Aisha ရဲ့အကြောင်းကို သူမရဲ့မိခင် Muneeba ဆီမှာ မေးမြန်းခဲ့ပေမယ့်လည်း Muneeba ကတော့ အဲဒီအကြောင်းတွေကို လုံးဝမပြောပြခဲ့ပါဘူး။

သို့သော်လည်း Muneeba ရဲ့ပုံစံဟာ သံသယဖြစ်စရာကောင်းနေပြီး သူမဟာ တစ်ခုခုကို သိနေပုံရပါတယ်။ ဒါ့အပြင် သူမအနေနဲ့ Kamala က ဒီအကြောင်းကို မေးမြန်းလာတဲ့အခါ စိတ်ဆိုးမာန်ဆိုးနဲ့ တုံ့ပြန်ခဲ့ပြီး Kamala ကို Aisha နဲ့ပတ်သက်ပြီး လုံးဝမသိစေချင်ပုံ ရပါတယ်။ ဒါကြောင့်ပဲ Kamala ကတော့ အိဒ်ပွဲတော်က အန်တီတွေကို Aisha ရဲ့အကြောင်း သွားရောက်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ အန်တီတွေအားလုံးကတော့ Aisha ဟာ သူတို့မိသားစုကို အရှက်ရစေခဲ့တဲ့ မိန်းမတစ်ယောက်လို့ပဲ ပြောကြပါတယ်။

photo via screenrant

လောလောဆယ်အထိတော့ Aisha ရဲ့အကြောင်းနဲ့ ဒီလက်ကောက်အကြောင်း အသေးစိတ်ကို သေချာမသိရသေးပေမယ့်လည်း သေချာတာတစ်ခုကတော့ Aisha ဟာ ဒီလက်ကောက်နဲ့ ပတ်သက်ခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကတော့ Kamala ဟာ လက်ကောက်ကို ဝတ်ဆင်ထားတဲ့အချိန်မှာ ဒီအမြင်အာရုံတွေကို ရရှိတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဖြစ်နိုင်ချေ ရှိတာကတော့ Kamala မြင်တွေ့ခဲ့တဲ့ အမျိူးသမီးဟာ တခြားသူမဟုတ်ဘဲ Aisha ဖြစ်နေနိုင်ပါတယ်။ Aisha ရဲ့ပုံစံကတော့ သူမရှိရာဆီ Kamala ကို ခေါ်နေတဲ့ပုံစံ ဖြစ်နေပါတယ်။

ဒါကြောင့်ပဲ Aisha ဟာ အစွမ်းရှိတဲ့ Inhuman တစ်ယောက် ဖြစ်နေမှာလား။ သူမဆီက လက်ဆင့်ကမ်းပေးလိုက်တဲ့ လက်ကောက်ကတော့ Inhuman စွမ်းအားတွေကို နိုးကြားသက်ဝင်လာစေတဲ့ ကြားခံပစ္စည်းတစ်ခု ဖြစ်နေမှာလား။ ဒါ့အပြင် သူမဟာ မိသားစုကို အရှက်ရစေခဲ့သူအဖြစ် သတ်မှတ်ခံထားရတာကြောင့် အတိတ်မှာ ဘယ်လိုလုပ်ရပ်တွေကို ကျူးလွန်ခဲ့တာ ဖြစ်နိုင်မလဲ။ ဒါမှမဟုတ် သူမဟာ ဗီလိန်တစ်ယောက်များ ဖြစ်နေမလား စတဲ့မေးခွန်းတွေကိုတော့ လာမယ့်အပိုင်းတွေမှာ ဆက်လက် အဖြေထုတ်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular