HomeCelebs Update NewsInternationalလူတိုင်းရဲ့ BFF Goal ဖြစ်လောက်တဲ့ Kate နဲ့ Leo တို့ကြားက အဖြူရောင်သံယောဇဉ်

လူတိုင်းရဲ့ BFF Goal ဖြစ်လောက်တဲ့ Kate နဲ့ Leo တို့ကြားက အဖြူရောင်သံယောဇဉ်

ဆယ်လီသူငယ်ချင်းတွေထဲမှာ Kate Winslet နဲ့ Leonardo DiCaprio တို့ရဲ့ ခင်မင်မှုသံယောဇဉ်ဟာလည်း ပြောစမှတ်ဖြစ်ရလောက်အောင် နာမည်ကြီးပါတယ်။ သူတို့နှစ်ဦးရဲ့ သူငယ်ချင်းသံယောဇဉ်ဟာ အချိန်တွေရဲ့ တိုက်စားမှု၊ ကံကြမ္မာရဲ့ လှည့်စားမှုတွေကိုပါ ကြံ့ကြံ့ခံ တည်မြဲခဲ့တာ ဖြစ်ပါတယ်။

Kate နဲ့ Leo တို့ဟာ ဂန္ထဝင်ရုပ်ရှင်တစ်ကားဖြစ်တဲ့ Titanic ရိုက်ကွင်းမှာ စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Kate ဟာ အသက်(၂၁)နှစ်ပဲ ရှိသေးသလို Leo ကတော့ (၂၂)နှစ်သာ ရှိပါသေးတယ်။ အဲဒီအချိန် ရုပ်ရှင်ရိုက်ကွင်းမှာ တွယ်ငြိခဲ့ကြတဲ့ သူတို့ရဲ့ သူငယ်ချင်းသံယောဇဉ်ဟာ ဘဝတစ်သက်တာလုံးအထိ ကြာရှည်သွားခဲ့တာ ဖြစ်ပါတယ်။

Kate ဟာ ငယ်စဉ်ကလေးဘဝကနေ ကြီးကောင်ပေါက်အရွယ်အထိ ဝဝကစ်ကစ်ပုံစံလေးနဲ့ ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။ သူမ အသက်(၁၄)နှစ်အရွယ်လောက်မှာတော့ ကျောင်းက ပြဇာတ်ဆရာရဲ့ ပြင်းထန်တဲ့ မှတ်ချက်တစ်ခုကို ရရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ “မင်း သရုပ်ဆောင်လုပ်ချင်တယ်ဆိုရင် ဝတုတ်မလေးနေရာက ပါမယ်ဆိုရင်တော့ အဆင်ပြေလောက်တယ် …” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။

Photo: kateandleo_lovers/ Instagram

ဒီလိုနဲ့ Titanic ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးနေရာကို ရရှိလာတဲ့အခါမှာတော့ သူမအတွက် စိတ်လှုပ်ရှားစရာ ဖြစ်လာခဲ့ပါတယ်။ မိန်းကလေးပရိသတ်များစွာဟာ Leo ကို အရူးအမူး စွဲလန်းနေကြတာ တွေ့ရတာကြောင့် ဒီလိုချောမောခန့်ငြားတဲ့ လူတစ်ယောက်နဲ့ ဘယ်လိုများ အလုပ်တွဲလုပ်ရပါ့မလည်းလို့ သူမအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

သို့သော်လည်း တကယ်တမ်း Leo နဲ့ တွေ့ပြီး ရိုက်ကွင်းမှာ အတူတူ အလုပ်လုပ်ရတဲ့အခါမှာတော့ သူမရဲ့ စိုးရိမ်စိတ်တွေအားလုံး လွင့်ပျောက်သွားခဲ့ပါတော့တယ်။ “အရိုးသားဆုံး ပြောရရင် သူက တကယ်ချစ်ဖို့ကောင်းတဲ့လူပါ။ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ပြီး သာမန်လူတစ်ယောက်လိုပဲ နေထိုင်တတ်တဲ့သူပါ။ ပြီးတော့ သူ့အလုပ်မှာဆိုရင်လည်း အရမ်းကို ကျွမ်းကျင်သူ ဖြစ်ပါတယ်။ ကျွန်မတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ တကယ့် မောင်နှမနှစ်ယောက်ရဲ့ ဆက်ဆံရေးမျိုးပါ။ ကျွန်မတို့ တကယ်ကို အနီးကပ် ရင်းနှီးခင်မင်ခဲ့ကြတာပါ … ” လို့ အင်တာဗျူးတစ်ခုမှာ Kate က ပြောပြခဲ့ဖူးပါတယ်။

Photo: kateandleo_lovers/ Instagram

ဒါ့အပြင် Kate တစ်ယောက် ရိုက်ကွင်းပေါ်မှာ သူ့ကိုယ်သူ မယုံကြည်တာမျိုး၊ သံသယပွားတာမျိုးတွေ ဖြစ်လာခဲ့ရင်လည်း Leo ဟာ အမြဲတမ်း ဘေးကနေ စိတ်သက်သာအောင် ဖေးမပေးခဲ့ပါတယ်။

“Titanic တုန်းက သူ ကျွန်မကို ပြောခဲ့ဖူးတာလေး သတိရနေပါသေးတယ်။ နင် အရင်တုန်းက ဖက်တီးမလေး ဖြစ်ခဲ့တယ်ဆိုတဲ့ဟာကြီး တစ်ခုလုံးကို တွေးမနေနဲ့တော့။ သူငယ်ချင်း … အဲဒါက အတိတ်မှာ ကျန်ခဲ့ပြီလို့ သူ ကျွန်မကို သတိပေးခဲ့တာ။ အဲဒါက တကယ်လည်း ဟုတ်နေတာပဲလေ။ သူက အမှန်ကို ပြောပြပေးခဲ့တာ … ” လို့ Kate က ပြောပြဖူးပါတယ်။

ဒီလိုနဲ့ နှစ်ယောက်လုံးဟာ ကမ္ဘာ့ရုပ်ရှင်လောကမှာ ထိတ်ထိတ်ကြဲ သရုပ်ဆောင်တွေ ဖြစ်လာကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်း ဖေးမကူညီရင်း ရှေ့ဆက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ Kate ရဲ့ မိခင်ဖြစ်သူဟာ သားအိမ်ကင်ဆာနဲ့ ဆုံးပါးသွားချိန်မှာတော့ သူမအတွက် အလဲလဲ အပြိုပြို ဖြစ်ခဲ့ရပါတော့တယ်။ အဲဒီအချိန် သူမရဲ့ဘေးမှာ အမြဲရှိနေပေးခဲ့သူကတော့ သူငယ်ချင်းကောင်း Leo ပါပဲ။

Photo: kateandleo_lovers/ Instagram

နှစ်တွေ ဘယ်လောက်ပဲ ကြာလာပါစေ။ သူတို့နှစ်ယောက်ဟာ အတူတူတွေ့ဆုံပြီး ခရီးတွေလည်း အတူတူသွားကြတာ တွေ့ရပါတယ်။ ဒါတင်မက Leo ဟာ Kate ရဲ့ ကလေးတွေအတွက်လည်း ရင်းနှီးချစ်ခင်ရတဲ့ အန်ကယ် Leo ဖြစ်လာခဲ့ပါသေးတယ်။

Kate ဟာ သူမရဲ့ အသက်မွေးဝမ်းကျောင်းမှာ ထိပ်တန်းနေရာကို ရောက်ရှိနေခဲ့ပေမယ့် သူမရဲ့ ပုဂ္ဂိုလ်ရေးဘဝကတော့ ပြည့်စုံမှုနဲ့ အလှမ်းဝေးနေခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့ အိမ်ထောင်ရေးဟာ မသာမယာ ဖြစ်နေခဲ့ပြီး နောက်ဆုံးမှာ လဲပြိုသွားခဲ့ပါတော့တယ်။ အိမ်ထောင်ရေးရဲ့ ထိုးနှက်ချက်တွေကြောင့် လဲပြိုနေတဲ့ သူငယ်ချင်းကို မြင်တွေ့ရချိန်မှာတော့ Leo ဟာ သူ့ရဲ့ အလုပ်တွေအားလုံးကို ထားခဲ့ပြီး သူငယ်ချင်းဘေးမှာ နေပေးခဲ့သလို Kate ရဲ့ ကလေးတွေအတွက်လည်း အချိန်ပေးခဲ့ပါသေးတယ်။

Photo: kateandleo_lovers/ Instagram

ဒီလိုနဲ့ Kate တစ်ယောက် သူမဘဝရဲ့ အချစ်စစ်ကို ရှာတွေ့ပြီး စီးပွားရေးလုပ်ငန်းရှင် Edward Abel Smith နဲ့ လက်ထပ်မယ့်အချိန်မှာတော့ Leo ကို သူမ တောင်းဆိုခဲ့တာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ သူမရဲ့လက်ထပ်ပွဲမှာ သူမလက်ကိုတွဲပြီး အုပ်ထိန်းသူနေရာက လျှောက်လှမ်းပေးဖို့ပါပဲ။ Leo ကလည်း ဒီတောင်းဆိုမှုကို လက်ခံခဲ့ပြီး သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကို ကိုယ်တိုင် လက်ထပ်ပေးခဲ့ပါတယ်။

Leo တစ်ယောက် ဇာတ်ကားကောင်းတွေ အများကြီး ရိုက်ကူးခဲ့ပေမယ့် အော်စကာဆုနဲ့ တေ့လွဲတွေ လွဲနေခဲ့ရာက နောက်ဆုံး အော်စကာဆုကို ရရှိသွားချိန်မှာတော့ စင်အောက်ကနေ အပျော်မျက်ရည်တွေနဲ့ ကြည်နူးဝမ်းသာနေသူဟာ Kate ပဲ ဖြစ်ပါတယ်။ Leo ရဲ့ အော်စကာဆု လက်ခံရယူနေချိန်မှာ မျက်ရည်တွေဝဲပြီး ပြုံးပျော်နေတဲ့ Kate ရဲ့ ပုံရိပ်တွေဟာလည်း အဲဒီအချိန်က ဆိုရှယ်မီဒီယာမှာ လူတိုင်းရဲ့ အသည်းနှလုံးကို နွေးထွေးစေခဲ့တဲ့အရာ ဖြစ်ခဲ့ပါသေးတယ်။

Photo: kateandleo_lovers/ Instagram

ဒါတင်မက သူတို့နှစ်ဦး ပူးပေါင်းပြီး အဓိပ္ပာယ်ရှိတဲ့ လုပ်ရပ်လေးတွေကိုလည်း ပြုလုပ်ခဲ့ကြပါသေးတယ်။ အဲဒါကတော့ Titanic သင်္ဘောနစ်မြုပ်မှုမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အသက်(၉၇)နှစ်အရွယ် အဘွားအိုအတွက် သက်ကြီးဂေဟာကြေးတွေကို နှစ်ဦးစပ်တူ ပေးဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကွယ်လွန်သွားတဲ့ Kate ရဲ့ မိခင်အတွက် ရည်စူးပြီး “Jack and Rose” လို့ အမည်ပေးထားတဲ့ ညစာစားပွဲသုံးခုကိုလည်း လေလံတင်ခဲ့ပါသေးတယ်။ အဲဒါကတော့ သူတို့နှစ်ဦးနဲ့အတူ ညစာစားပွဲကို လေလံအောင်မြင်သူ ပရိသတ်တွေနဲ့ အတူတူ ညစာစားပေးတာပဲ ဖြစ်ပါတယ်။ အဆိုပါ လေလံပွဲကနေ ရန်ပုံငွေ ဒေါ်လာ(၁.၃၅)သန်း ရရှိခဲ့ပြီး ရန်ပုံငွေတွေကိုတော့ သားအိမ်ကင်ဆာရောဂါ ခံစားနေရသူတွေအတွက် လှူဒါန်းပေးခဲ့ကြပါတယ်။

ဘဝရဲ့ အနိမ့်အမြင့် အတက်အကျတိုင်းမှာ အတူတူ ရှိနေခဲ့ကြတဲ့ Kate နဲ့ Leo တို့ဟာ လူတိုင်းရဲ့ friendship goal ပါပဲ။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular