HomeCelebs Update NewsInternationalလေဆိပ်မှာတွေ့တဲ့ Fan တစ်ယောက်ရဲ့မေးခွန်းတွေကို တစ်ခုမကျန် ပြန်ဖြေပေးခဲ့တဲ့ Keanu Reeves

လေဆိပ်မှာတွေ့တဲ့ Fan တစ်ယောက်ရဲ့မေးခွန်းတွေကို တစ်ခုမကျန် ပြန်ဖြေပေးခဲ့တဲ့ Keanu Reeves

မင်းသားကြီး Keanu Reeves ကတော့ “ဟောလိဝုဒ်ရဲ့ သဘောအကောင်းဆုံး မင်းသား”ဆိုတဲ့ ဘွဲ့အမည်ကို အလကားသပ်သပ် ရထားတာ မဟုတ်ကြောင်း နောက်ထပ်တစ်ကြိမ် သက်သေပြလိုက်ပြန်ပါပြီ။ အဲဒါကတော့ မင်းသားကြီးဟာ လေဆိပ်မှာ တွေ့တဲ့ လူငယ်ပရိသတ်လေးတစ်ယောက်ကို နွေးထွေးဖော်ရွေစွာ ဆက်ဆံပေးခဲ့ရုံသာမက အဲဒီကောင်လေးက မေးလာသမျှ မေးခွန်းအားလုံးကိုပါ ပြန်ဖြေပေးသွားတယ်လို့ သိရပါတယ်။

Keanu Reeves ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ(၅)ရက်နေ့တုန်းက လန်ဒန်မြို့ကနေ နယူးယော့ခ်မြို့ကို လေယာဉ်စီးနင်းခဲ့ပါတယ်။ အဲဒီခရီးစဉ်ရဲ့ လေဆိပ်အရောက်မှာ ခရီးဆောင်အိတ်တွေကို စောင့်ဆိုင်းနေရင်း လူငယ်ပရိသတ်လေးတစ်ယောက်ဟာ Reeves ဆီကို အမှတ်တရ လက်မှတ်ထိုးပေးဖို့ ချဉ်းကပ်လာရင်းနဲ့ သာမန်လူတွေလိုပဲ စကားစမြည် ပြောဆိုနေပြီး မိနစ်အတန်ကြာ အမေးအဖြေတွေ လုပ်နေခဲ့ကြတယ်လို့ သိရပါတယ်။

Photo: keanureevesoffIcial_/ Instagram

အဆိုပါခရီးစဉ်မှာတော့ တီဗွီအစီအစဉ် တင်ဆက်သူ Andrew Kimmel လည်း ပါဝင်နေခဲ့ပြီး သူကတော့ ဒီအဖြစ်အပျက်ကို မြင်တွေ့ကာ သူ့ရဲ့တွစ်တာစာမျက်နှာမှာ ပို့စ်တင်လိုက်ရာကနေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ Reeves ဟာ သူ့အနားကို မရွံ့မရဲ ကပ်လာပြီး အမှတ်တရလက်မှတ် လာတောင်းတဲ့ ကောင်လေးကို ရှိန်သွားအောင် မလုပ်ခဲ့တဲ့အပြင် အေးအေးဆေးဆေးပဲ စကားတွေ ပြောနေခဲ့ပြီး ကောင်လေးက မေးသမျှတွေကို စိတ်ရှည်လက်ရှည်နဲ့ ဖြေပေးသွားတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းအရာက အွန်လိုင်းမှာ ပျံ့နှံ့သွားတဲ့နောက်မှာတော့ ET သတင်းဌာနဟာ Reeves နဲ့ တွေ့ဆုံခဲ့တဲ့ ကောင်လေးကို ဆက်သွယ်ကာ သူ့ရဲ့အတွေ့အကြုံကို မေးမြန်းခဲ့ပါတယ်။ ET ရဲ့ စုံစမ်းမေးမြန်းမှုအရ အဆိုပါကောင်လေးဟာ အသက်(၁၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Alex Katsanos ဖြစ်တယ်လို့ သိရပါတယ်။ Alex ကတော့ မင်းသားကြီးနဲ့ စကားပြောခွင့်ရခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံနဲ့ ခံစားချက်ကို အခုလိုပဲ ပြောပြထားပါတယ်။

“သူနဲ့စကားပြောခဲ့ရတာ တကယ့် အေးအေးဆေးဆေးပါပဲ။ သူက အရမ်းသဘောကောင်းတာပဲဗျ။ ကျွန်တော်တို့ ခရီးဆောင်အိတ်တွေ စောင့်နေတုန်း စကားတွေ ပြောခဲ့ကြတာ ဆယ်မိနစ်လောက် ရှိမယ်။ သူ့ကို လူကိုယ်တိုင် မြင်တွေ့ခွင့် ရရုံတင်မဟုတ်ဘဲ သူ့ရဲ့လက်မှတ်ရော၊ သူနဲ့ပါ စကားပြောခွင့်ရခဲ့တာကို မယုံနိုင်သေးဘူးဗျာ။ ပြောရရင် ဒါက တစ်သက်မှာတစ်ခါ ကြုံရခဲ့တဲ့ ကိစ္စပါပဲဗျာ။ တကယ် မယုံနိုင်စရာကောင်းပါတယ် … ”

“စစချင်း ကျွန်တော် သူ့နားကို ချဉ်းကပ်သွားတုန်းကတော့ အမှတ်တရဓာတ်ပုံလောက်ပဲ ရိုက်ဖို့ပါ။ ကံကောင်းရင် လက်မှတ်လေးပါ တောင်းလို့ရမယ်ပေါ့။ ဒါပေမယ့် ကျွန်တော် အရမ်းကံကောင်းပြီး သူ့ဆီက ကျွန်တော် သိချင်တာတွေပါ မေးခွင့်၊ ပြောခွင့် ရခဲ့တယ်ဗျာ …”

“ဒီလောက်နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ တွေ့ခွင့်ရပြီး သာမန်လူတွေလိုပဲ အေးအေးဆေးဆေး စကားပြောခွင့် ရခဲ့တယ်ဆိုတာ ခုထိတောင် အံ့ဩနေရတုန်းပါပဲ။ ပြီးတော့ ကျွန်တော်တို့ အဲဒီလိုစကားပြောနေတာကလည်း အွန်လိုင်းမှာ ပျံ့သွားတော့ ရှော့ခ်တောင် ရသွားတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့ Keanu Reeves နဲ့ အခုလို စကားပြောဆိုခွင့် ရခဲ့တဲ့ အခိုက်အတန့်ကို တခြားလူတွေကလည်း ကြည်နူးဝမ်းသာ ဖြစ်နေကြတာကို မြင်ရတာတော့ ပိုပျော်ဖို့ကောင်းပါတယ် … ” လို့ Alex က ပြောသွားပါတယ်။

Photo: keanureevesoffIcial_/ Instagram

Keanu Reeves ကတော့ ငယ်စဉ်တုန်းကလည်း ဟောလိဝုဒ်ရဲ့ အသည်းကျော်မင်းသား ဖြစ်ခဲ့သလို ယခုအသက်(၅၀)ကျော်တဲ့အထိမှာလည်း John Wick လို ဇာတ်ကောင်နဲ့ ယခင်ကထက် ပိုမိုကြီးမားတဲ့ အောင်မြင်မှုကို ရရှိနေသူ ဖြစ်ပါတယ်။ သူ သရုပ်ဆောင်ထားတဲ့ John Wick ဟာ ကြမ်းတမ်း ရက်စက်တတ်သူ ဖြစ်ပေမယ့် သရုပ်ဆောင် မင်းသားကြီးကတော့ အပြင်ဘဝမှာ စိတ်နှလုံး နူးညံ့လှပသူ၊ ကိုယ့်ကိုယ်ကို နှိမ်ချပြောဆို ဆက်ဆံတတ်သူ ဖြစ်ပါတယ်။

ဟိုတလောတုန်းကလည်း John Wick 4 ရဲ့ ရိုက်ကွင်းမှာ စတန့်အဖွဲ့တစ်ဖွဲ့လုံးကို ဒေါ်လာတစ်သောင်းတန်တဲ့ Rolex နာရီတွေ တစ်ယောက်တစ်လုံး လက်ဆောင်ပေးခဲ့ပါသေးတယ်။ မင်းသားကြီးရဲ့ စိတ်ထားကောင်းမွန်မှုနဲ့ နူးညံ့ကြင်နာတတ်တဲ့ စိတ်ဓာတ်ကြောင့် ဒီထက်ပိုပြီးလည်း အောင်မြင်မှု‌တွေ ရရှိသွားဦးမယ်ဆိုတာ အသေအချာပါပဲ။

Vancouver

Source: screenrant

 

RELATED ARTICLES

Most Popular