HomeCelebs Update NewsInternationalPrincess Diana ရဲ့နာမည်ကြီးလော့ကတ်ကို ဒေါ်လာ(၂)သိန်းနဲ့ လေလံအောင်ခဲ့တဲ့ Kim Kardashian

Princess Diana ရဲ့နာမည်ကြီးလော့ကတ်ကို ဒေါ်လာ(၂)သိန်းနဲ့ လေလံအောင်ခဲ့တဲ့ Kim Kardashian

Kim Kardashian ကတော့ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ အထင်ကရ အသုံးအဆောင်၊ ပစ္စည်းတွေကို စွဲလန်းနှစ်ခြိုက်သူပီပီ ဗြိတိန်တော်ဝင်မင်းသမီး Diana ဝတ်ဆင်ခဲ့တဲ့ နာမည်ကြီး လက်ဝါးကပ်တိုင်ပုံစံ လော့ကတ်ကို ဒေါ်လာနှစ်သိန်းနီးပါးနဲ့ လေလံအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ခရမ်းစွဲကျောက်တွေနဲ့ လက်ဝါးကပ်တိုင်ပုံ ဖန်တီးထားပြီး ဘေးက စိန်ပွင့်တွေနဲ့ ဝန်းရံထားတဲ့ ဒီလော့ကတ်ကိုတော့ Kim ဟာ Sotheby ရဲ့ နှစ်စဉ်ကျင်းပနေကျ တော်ဝင်လေလံပွဲမှာ အောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလော့ကတ်ကတော့ (၅.၂၅)ကာရတ် အလေးချိန်ရှိပြီး လေလံပွဲရဲ့ နောက်ဆုံးငါးမိနစ် အချိန်အတွင်းမှာတင် ဒေါ်လာ(၁၉၇,၄၅၃)နဲ့ Kim က ရရှိသွားတာလို့ သိရပါတယ်။ မြန်မာ့ငွေကြေးနဲ့ တွက်ချက်ရင်တော့ ဒီလော့ကတ်ဟာ ကျပ်သိန်းပေါင်း (၆၀၀၀)နီးပါး တန်ကြေးရှိပါတယ်။ Sotheby ရဲ့ဖော်ပြချက်အရ ယခုစျေးနှုန်းဟာ လေလံပွဲမတိုင်ခင်က သတ်မှတ်ထားတဲ့ ငွေကြေးတန်ဖိုးရဲ့ နှစ်ဆအထိ တိုးမြင့်သွားတာလို့ သိရပါတယ်။

Photo Credit: Sotheby’s

“ဒီလော့ကတ်က သူ့ရဲ့အရောင်ရော၊ အရွယ်အစားနဲ့ စတိုင်လ်ပုံစံနဲ့တင် တကယ် ထင်ရှားတဲ့ လက်ဝတ်ရတနာတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘာသာရေး သက်ဝင်ယုံကြည်မှုကို ပြသချင်လို့ပဲဖြစ်ဖြစ်၊ fashion statement အနေနဲ့ ဝတ်ဆင်ချင်လို့ပဲဖြစ်ဖြစ်၊ နှစ်ခုလုံးကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုနေနေ အဝယ်မမှားစေမယ့် ရတနာတစ်ခု ဖြစ်ပါတယ်။ ဒီလိုလက်ဝတ်ရတနာတစ်ခုကို ကမ္ဘာနဲ့ချီပြီး ကျော်ကြားတဲ့ လူတစ်ယောက်ရဲ့ လက်ထဲကို ထည့်ပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အလွန်ဝမ်းမြောက်မိပါတယ် …”လို့ Sotheby ရဲ့ လန်ဒန်ရုံးခွဲ ဥက္ကဌဖြစ်သူ Kristian Spofforth က ကြေညာချက်မှာ ပြောထားပါတယ်။

Kim Kardashian ရဲ့ နီးစပ်တဲ့အတွင်းလူတွေရဲ့ ပြောစကားအရ သူမဟာ တော်ဝင်မင်းသမီး Diana ဝတ်ဆင်ခဲ့တဲ့ ဒီလော့ကတ်ကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက် တကယ်ကို ဂုဏ်ယူဝမ်းမြောက်နေတယ်လို့ သိရပါတယ်။

Photo Credit: Tim Graham Photo Library via Getty

မင်းသမီး Diana ကတော့ ဒီလော့ကတ်ကို ပွဲအခမ်းအနားများစွာမှာ ဆင်မြန်းခဲ့ဖူးပြီး အထင်ရှားဆုံးအနေနဲ့ကတော့ ၁၉၈၇ ခုနှစ်က လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးမီးဖွားခြင်းအတွက် ကူညီပေးနေတဲ့ ပရဟိတအဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ပေးမယ့် charity gala ပွဲမှာ ဆင်မြန်းခဲ့တာပါပဲ။ Diana ဟာ အလှပေါ် အယဉ်ဆင့်တဲ့အနေနဲ့ ဒီလော့ကတ်ကို ပုလဲလည်ဆွဲအရှည်နဲ့ တွဲဖက်ဆင်မြန်းခဲ့တာ တွေ့ရပါတယ်။

Sotheby က ထုတ်ပြန်တဲ့ ကြေညာချက်အရ ဒီလော့ကတ်မှာတော့ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်တဲ့ သမိုင်းကြောင်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒီလော့ကတ်ကို နာမည်ကြီး ရတနာပညာရှင် Garrard က ၁၉၂၀ ခုနှစ်ဝန်းကျင်ကာလမှာ ဒီဇိုင်းထုတ်ပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ CBE ဘွဲ့ရ ဗြိတိန်စီးပွားရေးသမား Naim Attallah က ဒီလော့ကတ်ကို ဝယ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

Photo: kimkardashian/ Instagram

ဒီလိုနဲ့ ၁၉၈၀ ခုနှစ်ကာလတွေမှာတော့ Naim Attallah ဟာ သူ့ရဲ့ရှာမှရှား ရတနာပစ္စည်းကို တော်ဝင်မင်းသမီး Diana ဆီ မကြာခဏ ငှားရမ်းပြီး ဆင်မြန်းစေခဲ့တာ ဖြစ်ပါတယ်။ Sotheby ရဲ့ ကြေညာချက်အရ ဒီလော့ကတ်ကိုတော့ မင်းသမီး Diana တစ်ယောက်တည်းကသာ ဝတ်ဆင်ခဲ့ဖူးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ သူမရဲ့သေဆုံးမှုပြီးတည်းက ဒီလော့ကတ်ကို မတွေ့ကြရတော့တာဟာ ယခုလေလံပွဲကျမှသာ ပြန်လည် မြင်တွေ့ရတာလို့ သိရပါတယ်။

Photo: kimkardashian/ Instagram

Kim Kardashian ကတော့ ၂၀၂၂ ခုနှစ်ရဲ့ Met Gala ပွဲမှာလည်း နာမည်ကျော် ဂန္ထဝင်မင်းသမီးကြီး Marilyn Monroe ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး ပွဲတက်ခဲ့ပါသေးတယ်။ အဲဒီဝတ်စုံကတော့ ၁၉၆၂ ခုနှစ်က အမေရိကန်သမ္မတ John F. Kennedy ရဲ့ မွေးနေ့ပွဲမှာ Marilyn Monroe က ဝတ်ဆင်ခဲ့တဲ့ သမိုင်းဝင်ဝတ်စုံ ဖြစ်ပါတယ်။

Kim ကတော့ ဒီဝတ်စုံကို ဖလော်ရီဒါပြည်နယ်၊ Orlando မြို့မှာရှိတဲ့ Ripley’s Believe It or Not Museum ကနေ ငှားရမ်းဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ Kim တစ်ယောက် ဒီဝတ်စုံကို ဝတ်ဆင်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေကတော့ ရှိခဲ့ပါသေးတယ်။

Vancouver

Source: people

 

RELATED ARTICLES

Most Popular