HomeCelebs Update NewsInternationalLittle Mermaid ထဲက Ursula ဇာတ်ကောင်နဲ့ လွဲချော်ခဲ့တဲ့အကြောင်း ပြောပြလာတဲ့ Lizzo

Little Mermaid ထဲက Ursula ဇာတ်ကောင်နဲ့ လွဲချော်ခဲ့တဲ့အကြောင်း ပြောပြလာတဲ့ Lizzo

နာမည်ကျော်အဆိုတော် Lizzo ကတော့ Disney က live action ပြန်ရိုက်မယ့် Little Mermaid ရုပ်ရှင်ထဲမှာ ဗီလိန်ဇာတ်ကောင်ဖြစ်တဲ့ Ursula နေရာမှာ လူရွေးပွဲဝင်ခဲ့ပေမယ့် ဒီဇာတ်ကောင်နဲ့ လွဲချော်ခဲ့ရတဲ့အကြောင်း ရင်ဖွင့်လာပါတယ်။

Lizzo ဟာ Ursula ဇာတ်ရုပ်ကို အလွန်သရုပ်ဆောင်ချင်ခဲ့တာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်တုန်းကဆိုရင် Ursula ရဲ့ဇာတ်ကောင်အတိုင်း full makeup လိမ်းခြယ်ပြီး သရုပ်ဆောင်ပြထားတဲ့ ဗွီဒီယိုတစ်ခုကိုတောင် သူမရဲ့ တွစ်တာစာမျက်နှာမှာ တင်ခဲ့ပါသေးတယ်။ ဒါတင်မက ဒါရိုက်တာတွေ၊ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ အာရုံစိုက်မှုကို ရရှိဖို့အတွက် Disney စတူဒီယိုကိုတောင် သူမရဲ့ပို့စ်မှာ tag လုပ်ခဲ့ပါသေးတယ်။

Photo: lizzobeeating/ Instagram

သို့သော်လည်း Lizzo ဟာ ဒီဇာတ်ရုပ်နဲ့ လွဲချော်ခဲ့ရပြီး နောက်ဆုံးမှာတော့ Ursula ဇာတ်ကောင်ဟာ နာမည်ကျော်ဟာသမင်းသမီး Melissa McCarthy ဆီကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ Lizzo ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Variety သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရင်ဖွင့်သွားတာ ဖြစ်ပါတယ်။

“The Little Mermaid ထဲက Ursula ဇာတ်ကောင်အတွက် ကျွန်မ လူရွေးပွဲဝင်ခဲ့တာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်းပဲ ကျွန်မ အဲဒီဇာတ်ကောင်ကို မရခဲ့ပါဘူး။ ဒါပေမယ့်လည်း ရှင်တို့သိတယ်မှတ်လား။ ကျွန်မကတော့ အေးဆေးပါပဲ။ Ursula နဲ့ ဘာမှမဆိုင်ဘူးဆိုပေမယ့် ကျွန်မက Ursula ကို တကယ့် ဆက်ဆီကျကျ သရုပ်ဆောင်ချင်ခဲ့တာပါ … ” လို့ Lizzo က ဆိုပါတယ်။

Photo: lizzobeeating/ Instagram

Lizzo ရဲ့ အမည်ရင်းကတော့ Melissa Viviane Jefferson ဖြစ်ပါတယ်။ ဒီလိုနဲ့ လော့စ်အိန်ဂျလိစ်မှာ ပြုလုပ်ခဲ့တဲ့ Adele ရဲ့ One Night Only CBS concert ဖျော်ဖြေပွဲမှာတော့ Lizzo ဟာ Ursula ဇာတ်ကောင်ကို ရရှိသွားတဲ့ မင်းသမီး Melissa McCarthy နဲ့ တွေ့ဆုံပြီး စကားပြောခဲ့သေးတယ်လို့ ဆိုပါတယ်။

“အဲ့ဒီမှာ သူနဲ့ကျွန်မတွေ့တော့ သူက လာနှုတ်ဆက်တယ်။ ဟိုင်း … ငါက Melissa ပါတဲ့။ အဲ့မှာ ကျွန်မကလည်း … ဟိုင်း … ကျွန်မကလည်း Melissa ပါ။ ပြီးတော့လေ ကျွန်မလည်း Ursula အတွက် လူရွေးပွဲဝင်ခဲ့သေးတယ်လို့ ပြောပြီး နှုတ်ဆက်လိုက်တာပေါ့။ အဲဒီမှာ သူက ဟယ် … အဲဒါဆို ဘယ်လိုဖြစ်လို့ ငါက ဒီဇာတ်ကောင်ကို ရသွားရတာတုန်းလို့ ပြောတော့တာပဲ။ တကယ့် Melissa McCarthy ရဲ့ စတိုင်လ်အတိုင်းပဲပေါ့ … “

Photo: melissamccarthy/ Instagram

“အဲဒီမှာပဲ အစ်မရယ် .. ကျွန်မရဲ့ audition က တကယ်ဆိုးဝါးခဲ့လို့လေလို့ ကျွန်မက ပြန်ပြောလိုက်တာပေါ့။ ကျွန်မတို့ စကားပြောနေရင်းပဲ Tyler Perry က ရှေ့က ဖြတ်သွားရော။ အဲဒါနဲ့ ကျွန်မလည်း အခွင့်အရေးကို ဖျက်ဆီးခဲ့မိတယ်လို့ပဲ ပြောလိုက်တာပေါ့ …”

“အဲဒါနဲ့ မပြီးသေးဘူး။ Melissa McCarthy က ကျွန်မကို သူ့သမီးလေးနဲ့ မိတ်ဆက်ပေးလာတယ်။ ဒါက ငါ့သမီးလေးလေ။ Vivian တဲ့ဆိုပြီး ပြောလာရော။ ကျွန်မလည်း ပြန်ပြောလိုက်တာပေါ့။ ကျွန်မနာမည်က Melissa Viviane လေလို့ ဆိုပြီးတော့။ အဲဒီမှာတင် ကျွန်မတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး ဘာတွေဖြစ်နေတာလည်းဟ .. ဆိုပြီး ဖြစ်ကုန်တာပေါ့ … ” လို့ Lizzo က Melissa McCarthy နဲ့ တွေ့ဆုံခဲ့ပုံကို ပြောပြထားပါတယ်။

Lizzo ကတော့ Ursula ဇာတ်ရုပ်အတွက် သူမရဲ့ လူရွေးပွဲဝင်ပြိုင်ခဲ့ပုံကို ယခုထက်ထိ ယုံကြည်မှုရှိနေသေးကြောင်း အင်တာဗျူးမှာ ပြောထားပါသေးတယ်။

“ကျွန်မရဲ့ audition က တကယ် မဆိုးဝါးပါဘူး။ တခါတလေကျရင် ကျွန်မက မျက်နှာပြောင်ရတာ ကြိုက်လို့ လျှောက်ပြောတာပါ။ ကျွန်မရဲ့ audition က တကယ်ကောင်းပါတယ်။ ရှင်တို့ Disney ကို မေးကြည့်လို့ ရပါတယ်။ ကျွန်မ အများကြီး သိပ်မပြောပြချင်လို့ပါ။ Ursula နေရာမှာ ကျွန်မ သီချင်းဆိုတာကလည်း ကောင်းပါတယ်။ အဲ့လောက်ပဲ ပြောလိုက်ပါမယ် … ” လို့ Lizzo က ဆိုပါတယ်။

Disney က live action အဖြစ် ပြန်ရိုက်မယ့် The Little Mermaid ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Rob Marshall က ရိုက်ကူးပေးထားပြီး Ariel နေရာမှာ Halle Bailey ၊ Prince Eric နေရာမှာ Jonah Hauer-King ၊ King Triton နေရာမှာ Javier Bardem ၊ Sebastian နေရာမှာ Daveed Diggs ၊ Flounder နေရာမှာ Jacob Tremblay ၊ Ursula နေရာမှာ Melissa McCarthy နဲ့ Scuttle နေရာမှာ Awkwafina တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular